ဒေါ်အောင်ဆန်းစုကြည်၏ ” ဒီကနေ့အတွက် ဒီအတွေး ”

“ဘာရမလဲ သာဝရာ၊ မင်းလောက်တော့ ငါပါးပါသေးတယ်ကွာ”။ “သာဝ” ဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိပါ၊ ဒါပေမယ့် ကလေးတွေကတောင် အဓိပ္ပါယ်ကို နားလည်ကြပါတယ်။ ကျွန်မတို့လည်း ယခု ဒီအတိုင်းပါပဲ။ “သာဝ” တွေထက် လိမ္မာပါးနပ်ကြရမယ်။ စိတ်ထိန်းနိုင်ရမယ်။ “သာဝ” တွေထက်သာတဲ့ပြည်သူတွေပေါ့။

အောင်ဆန်းစုကြည် (နိုဝင်ဘာ (၃)၊ ၂၀၂၀)

ရွေးကောက်ပွဲကြီးဖြစ်ဖို့ နီးပြီလေ။ နီးလာတာနဲ့အမျှ ဒီရွေးကောက်ပွဲဟာ ကျွန်မတို့နိုင်ငံအတွက် ဘယ်လောက်အရေးပါလဲဆိုတာ ပြည်သူတွေ ပို၍၊ ပို၍ သိလာကြပြီထင်ပါတယ်။ရွေးကောက်ပွဲတည်တည်ငြိမ်ငြိမ်နဲ့ဖြစ်မြောက်သွားပြီး ပြည်သူတွေရဲ့ဆန္ဒအမှန်ကို အောင်မြင်စွာဖော်ထုတ်ဖို့ဟာ အဓိကလိုအပ်ချက်ပါ။ ဒါကိုမလိုလားလို့ နည်းအမျိုးမျိုးနဲ့ ရွေးကောက်ပွဲအောင်မြင်စွာဖြစ်မြောက်ရေးကို ထိခိုက်အောင် ဆောင်ရွက်မှုတွေရှိနေတယ်ဆိုတာလည်း ပြည်သူတွေအသိပါပဲ။ဒေါသဖြစ်မယ်ဆိုရင် ဖြစ်ချင်စရာ အတော်များများ ကြုံတွေ့နေရပါတယ်။ တမင်သက်သက် ပြည်သူတွေကို မခံချင်စိတ်နဲ့ တုံ့ပြန်စေချင်လို့ ဆွနေကြတာပါ။ ဒီလိုလုပ်ရပ်တွေနဲ့ဆင်ထားတဲ့ထောင်ချောက်ထဲကို မဝင်မိကြပါစေနဲ့။

ကျွန်မတို့ ငယ်ငယ်တုန်းက လူတိုင်းလိုလိုသိကြတဲ့ အပြောလေးတစ်ခုကို ပြန်မှတ်မိလိုက်တယ်။ “ဘာရမလဲ သာဝရာ၊ မင်းလောက်တော့ ငါပါးပါသေးတယ်ကွာ”။ “သာဝ” ဆိုတာ ဘယ်သူဘယ်ဝါမှန်းမသိပါ၊ ဒါပေမယ့် ကလေးတွေကတောင် အဓိပ္ပါယ်ကို နားလည်ကြပါတယ်။ ကျွန်မတို့လည်း ယခု ဒီအတိုင်းပါပဲ။ “သာဝ” တွေထက် လိမ္မာပါးနပ်ကြရမယ်။ စိတ်ထိန်းနိုင်ရမယ်။ “သာဝ” တွေထက်သာတဲ့ပြည်သူတွေပေါ့။ကျွန်မတို့ ဘယ်လိုအောင်နိုင်မှု ရယူကြမလဲ။ တကယ်တော့ သိပ်ပြီး မခက်ပါဘူး။ (၈)ရက်နေ့ ရွေးကောက်ပွဲကြီးကျင်းပမယ့်နေ့မှာ ကျွန်မတို့တွေ အချင်းချင်းပို့သနေတဲ့မေတ္တာတွေကို အာရုံပြုပြီး စိတ်ကြည်လင်စွာနဲ့ အိပ်ယာထကြပါ။ တည်ငြိမ်အေးချမ်းစွာနဲ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာဆုပ်ကိုင်ထားပြီး မဲရုံကိုသွား မဲပေးကြပါ။

Mask တွေ တပ်ထားကြရမှာဆိုတော့ တစ်ဦးနဲ့တစ်ဦး အပြုံးတွေနဲ့အားပေးလို့မရတော့ မျက်လုံးချင်း ဘယ်လောက်စကားပြောနိုင်မလဲ၊ အကြည့်တွေနဲ့ပဲ အရေးကြီးလို့သွေးစည်းနေကြပြီဆိုတာကို ပြသကြပါ။အကယ်၍ စည်းမျဉ်းစည်းကမ်းနဲ့ကိုက်ညီစွာ မဲပေးရေးကို ထိပါးစေမယ့် အခြေအနေ၊ လုပ်ရပ်တွေကို သတိထားမိရင်၊ မဲရုံက တာဝန်ရှိသူတွေကို ရှင်းရှင်းလင်းလင်း၊ တည်တည်ငြိမ်ငြိမ် တင်ပြကြပါ။ ပြည်တွင်းပြည်ပက ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်နေတဲ့ ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေ ရှိပါလိမ့်မယ်။ ကျွန်မတို့ ပြည်သူတွေရဲ့ နိုင်ငံရေးရင့်ကျက်မှု၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရေးကိုအလေးထားမှု ပေါ်လွင်ထင်ရှားအောင် ပြသလိုက်ကြပါ။

ကျန်းမာရေးစည်းမျဉ်းစည်းကမ်းများ အလေးထားလိုက်နာတာကိုလည်း ပြသလိုက်ကြပါ။မဲရုံမှာ မဲသွားပေးနိုင်သူတွေကို အားကျလှပါတယ်။ ကျွန်မက (၆၀) ကျော်ဆိုတော့ ကြိုတင်မဲ ပေးလိုက်ပြီးပါပြီ။ ဒါပေမယ့် (၈)ရက်နေ့မှာ ကျွန်မစိတ်တွေကတော့ မြန်မာနိုင်ငံတဝှန်းလုံး မဲပေးနေကြတဲ့ ပြည်သူတွေနဲ့ အတူရှိနေမှာပါ။ ညီညွတ်ခြင်းအင်အား၊ တည်ငြိမ်ခြင်းအင်အားတွေနဲ့ အောင်လံခိုင်ဖို့ အင်တိုက်အားတိုက် NLD ကို မဲပေးကြပါစို့။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *