စာပြင်စာတည်း၏ မှတ်စုများ ( ၁၃)၊(၁၄)

မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

အောင်မှူးဝေ

မြတ်ဗုဒ္ဓရဲ့ဉာဏ်ပညာကိုမင်းတကယ်သိရဲ့လား
[ဇာဏုသောဏိပုဏ္ဏား] သစ္စာတရားကို ထိုးထွင်း၍ သိပုံ ၉ မျိုး ၁။ ဒုက္ခသစ္စာကို ပရိညာပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊ ၂။ သမုဒယသစ္စာကို ပဟာနပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊
၃။ နိရောဓသစ္စာကို သစ္ဆိကိရိယာ ပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊ ၄။ မဂ္ဂသစ္စာကို ဘာဝနာပဋိဝေဓဖြင့် ထိုးထွင်းသိခြင်း၊ ၅။ တရားအားလုံးတို့ကို အဘိညာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊ ၆။ သင်္ခါရတရား အားလုံး တို့ကို ပရိညာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊
၇။ အကုသိုလ်တရားအလုံးစုံကို ပဟာန ပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊ ၈။ မဂ်လေးပါးတို့ကို ဘာဝနာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း၊ ၉။ နိဗ္ဗာန်ကို မျက်မှောက်ပြုခြင်း သစ္ဆိကိရိယာပဋိဝေဓဖြင့် ထိုးထွင်း၍ သိခြင်း။ (ပဋိသံ။၂၅၃။) (ပဋိသံ။၂၅၈။) (ပဋိသံ၊မြန်။၃၁၀၊၃၁၅။) (ပဋိသံ၊မြန်။၃၁၀၊၃၁၅။)

အသိဉာဏ်ရှိတဲ့လူတွေနဲ့ပူးပေါင်းပြီးလုပ်တဲ့အလုပ်မှအောင်မြင်တယ်။ကိုယ့်ထက် အောက်တန်းကျတဲ့လူနဲ့ပေါင်းရင် ကိုယ်ပါအောက်တန်းကျသွားတယ်။ ပါမောက္ခချုပ်ဆရာတော်မိတ်ဆွေစစ်ကို ရှာဖွေခြင်း…မှ ရရှိထားတဲ့ပညာဟာကိုးကွယ်ဖို့ မဟုတ်ဘူးအသုံးချဖို့ပဲ
ပါမောက္ခချုပ်ဆရာတော်မိတ်ဆွေစစ်ကို ရှာဖွေခြင်းမှ ဓမ္မေ ဟောန္တု သဂါရဝါ
တရားတော်၌ ရိုသေလေးမြတ်ခြင်း ရှိကြပါစေသော်
ဓမ္မတရားသည် ပစ္စက္ခဖြစ်သော မျက်မှောက်ကာလအတွက် လမ်းကြောင်းကြီးဖြစ်၏။ ထိုကြောင့်ပစ္စုပ္ပန်တွင် ဖြစ်ဆဲဖြစ်ခိုက်များကို သိရှိနေနိုင်သောစွမ်းရည်ကို ပျိုးထောင်ကြရပေမည်။ ပစ္စုပ္ပန်အခိုက်အတန့်တွင် စင်စစ် မိမိတွင် ဖြစ်ပျက်နေသောအခြားအကြောင်းအရာတို့ကို မှန်ကန်သည့်သဘောအတိုင်း သိမြင်မှုကို အာရုံပြုတတ်အောင်(ဝါ) ပစ္စုပ္ပန်တည့်တည့် ရှုမှတ်တတ်အောင်လုပ်နည်းလိုအပ်၏။ ဝိပဿနာအလုပ်သည်ထိုနည်းပင် ဖြစ်သည်။ အသက်ရှူသွင်းခိုက်တွင်ပစ္စုပ္ပန်တည့်တည့် ရှူမှတ်လိုက်ခြင်း၊ ရှူထုတ်ခိုက်တွင် ပစ္စုပ္ပန်တည့်တည့် ရှုမှတ်လိုက်ခြင်းတို့ကိုစနစ်တကျလေ့ကျင့်အားထုတ်ခြင်းဖြင့် ပစ္စက္ခကိုသိ၍သိ၍နေနိုင်၏။ အာနာပါနနည်းဖြင့် မျက်မှောက်ကာလကို မလွတ်တမ်းသိ၍ နေစေပါသည်။ ။
ကမ္ဘာ့ဝိပဿနာ သာသနာပြု တရားပြဆရာကြီး၊ဝဏ္ဏကျော်ထင်၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ဆရာကြီး ဦးဆတျနာရာယန် ဂိုအင်ကာ။

ဦးတင်ဦး (မြောင်) မြန်မာဘာသာပြန်-“အနေတတ်ပါစေ” စာအုပ်၊စာမျက်နှာ (၁၁၄၊ ၁၁၅)။
ကဲ့ရဲ့ စွပ်စွဲဖွယ် အကြောင်း ၁၀ မျိုး (မဟာစတ္တာလီသကသုတ်ကို ပစ်ပယ်ထိုက်သည်ဟု မှတ်ထင် သူ၏ အပေါ်၌ ကျရောက်လာနိုင်သော ကဲ့ရဲ့စွပ်စွဲဖွယ် အကြောင်း ၁၀ မျိုး)
၁။ မှန်ကန်သော အယူအမြင်ကို သင်ကဲ့ရဲ့လျှင် မှားသော အယူအမြင်ရှိကုန်သော ရဟန်း ပုဏ္ဏားတို့ကို သင် ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၂။ မှန်ကန်သော အကြံကို သင်ကဲ့ရဲ့လျှင် မှားသော အကြံရှိ ကုန်သော ရဟန်းပုဏ္ဏားတို့ကို သင်ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၃။ မှန်ကန်သော စကားကို သင် ကဲ့ရဲ့လျှင် မှားယွင်းသော စကားရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို သင် ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၄။ မှန်ကန်သော အမှုအလုပ်ကို သင် ကဲ့ရဲ့လျှင် မှားယွင်းသော အမှုအလုပ် ရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို သင် ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၅။ မှန်ကန်သော အသက် မွေးမှုကို သင်ကဲ့ရဲ့လျှင် မှားယွင်းသော အသက်မွေးမှု ရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို သင်ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၆။ မှန်ကန်သော လုံ့လကို သင်ကဲ့ရဲ့လျှင် မှားယွင်းသော လုံ့လရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို သင် ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၇။ မှန်ကန်သော သတိကို သင် ကဲ့ရဲ့လျှင် မှားယွင်းသော သတိရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို သင် ပူဇော် သင့်၏၊ ချီးမွမ်းသင့်၏၊
၈။ မှန်ကန်သော သမာဓိကို သင်ကဲ့ရဲ့လျှင် မှားယွင်းသော သမာဓိ ရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို သင်ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၉။ မှန်ကန်သော ပစ္စဝေက္ခဏာဉာဏ်ကို သင်ကဲ့ရဲ့လျှင် မှားယွင်းသော ဉာဏ် ရှိကုန်သော ရဟန်းပုဏ္ဏားတို့ကို သင်ပူဇော်သင့်၏၊ ချီးမွမ်းသင့်၏၊
၁၀။ မှန်ကန်သော လွတ်မြောက်မှုကို သင် ကဲ့ရဲ့လျှင် မှားယွင်းသော လွတ်မြောက်မှုရှိကုန်သော ရဟန်း ပုဏ္ဏားတို့ကို သင် ပူဇော်သင့်၏၊ ချီးမွမ်း သင့်၏။
(မ၊၃။၁၂၁။)

စစ်ဗာဟီ/စစ်ပါရီဗြိတိသျှခေတ် အိန္ဒိယတိုင်းရင်းသား စစ်သည်(ဟင်ဒီဘာသာ၊Siparhi)
အလေးစိုပြုပါတယ်`မင်းကနှာဘူးစာပြင်ပဲ၊စကီလေးတွေဆို ဟီးဟီးဟားဟားနဲ့ ဘဲတွေဆို မျက်နှာက ရှစ်ခေါက်ချိုး ´
`ဘဲတွေကို ကြည်ဖြူနေရအောင် ကိုယ်က ရဲဘော်လို အဂျော်ဒကီးနီမဟုတ်ဘူးရဲဘော်၊အလေးစို ပြုပါတယ်ကွာ´အောင်မှူးဝေ

လဂွန်းအိန်၊ဗညားအိန်၊အိန်ဟူသောစကား
အိန်(ပါဠိသက် မွန်စကား)ဣန္ဒ ဆိုတဲ့စကားကနေ ယူထားတာ။ဣန္ဒ=အရှင်၊မင်း၊သိကြား။နသတ်နဲ့ရေးမှ မှန်တယ်။မသတ်ဆိုရင်မှားတယ်။မြန်မာစာ ညွန့်ပေါင်းကျမ်း၊၃။
မင်းရဲကျော်စွာနဲ့တိုင်တို
မင်းရဲကျော်စွာစစ်တိုက်ကောင်းပါတယ်။ခဲပေါင်မြို့သူတွေ ထဘီလှန်ပြတာတော့ ခံလိုက်ရတယ်။မြို့ကို သုံးကြိမ်စစ်ထိုးတာမနိုင်လို့လေ။`မြန်မာမင်းသားငယ်တို့ မြို့ကိုနှစ်ကြိမ်သုံးကြိမ်တိုက်လို့မှမနိုင်ရင် ပြန်လေ။မရှက်ဘူးလား ကာလနာလေးရဲ့။နင့်ကိုထဘီနဲ့ယပ်ခတ်ပြီး အင်းဝအရောက်ပြန်ပို့လိုက်တယ်´တဲ့။ရာဇဝင်မှာ နာချင်စရာပ။သီဟသူ အပြင်းစုန်လာတယ်။မွန်တွေကိုချမယ်ပေါ့။မွန်တွေ မြစ်ထဲမှာ ရိုက်ထားတဲ့ တိုင်တိုတွေကို စစ်လှေများက ဝင်ကျုံးပြီး တိုင်ပတ်ဒစ်လည်သွားတယ်။အိုဘဲ့ မြန်မာ့စစ်သမိုင်း။ ရည်ညွှန်း။ ။မှန်နန်း

စာပြင်စာတည်း၏ မှတ်စုများ( ၁၄)

လူတိုင်း၏တာဝန် *လူ့လောကကို စောင့်ရှောက်ရန် လူတိုင်းမှာတာဝန်ရှိ၏။လူ့ပြည်ဖြစ်၍ သမ္မာဒေဝနတ်တို့ထက်ပို၍တာဝန်ရှိသည်။တာဝန်ရှိလျက် တာဝန်ရှိမှန်းမသိလျှင် အဝိဇ္ဇာဖြစ်၏။တာဝန်ရှိမှန်းသိပါမှ ဝိဇ္ဇာဖြစ်၏။မိမိ၏ တာဝန်ဖြစ်ပါလျက် သူတစ်ပါးအပေါ်ပုံချပါက မိစ္ဆာဒိဋ္ဌိဖြစ်၏။လူ့လောက၌ငြိမ်းချမ်းမှုရှိရေးအတွက်ဆောင်ရွက်ရန် လူတိုင်း၏တာဝန်ဖြစ်၏။
*ဤကမ္ဘာ၌ တာဝန်သိပုဂ္ဂိုလ်တို့၏ဆောင်ရွက်ချက်သည် ကြည်ညိုဖွယ်၊အတုယူဖွယ်ဖြစ်သဖြင့်  ရွှေစာလုံးဖြင့်သွန်းထားသကဲ့သို့ဖြစ်၏။ ဦးရွှေအောင်စာဖတ်သူများမှ

ကြီးပွားတိုးတက်ကြောင်း တရား ၅ ပါး
၁။ စည်းစိမ်ဥစ္စာတို့ဖြင့် မိဘတို့ကို အရိုအသေ ပြုခြင်း၊
၂။ စည်းစိမ်ဥစ္စာတို့ဖြင့် သား သမီး မယား ကျေးကျွန်တို့ကို အရိုအသေ ပြုခြင်း၊
၃။ စည်းစိမ်ဥစ္စာ တို့ဖြင့် လယ်ရှင် မြေရှင်တို့ိကို အရိုအသေ ပြုခြင်း၊
၄။ စည်းစိမ်ဥစ္စာတို့ဖြင့် (မိရိုးဖလာ) နတ် တို့ကို အရိုအသေ ပြုခြင်း၊
၅။ စည်းစိမ်ဥစ္စာတို့ဖြင့် သမဏဗြာဟ္မဏတို့ကို အရိုအသေ ပြုခြင်း။
(အံ၊၂။၆၇။) (အံ၊မြန်၊၂။၈၁။)
မဓုရဆွပန(ဟင်ဒီ)= ချိုမြိန်သောအိပ်မက်(ရာဟုလာသံကိစ္စာယန၏ဝတ္ထု၊ဆရာပါရဂူ မြန်မာပြန်၊လူ့ဘောင်သစ်)

မိန်းမအာဇာနည်
ဧတဒဂ် ဘွဲ့တံဆိပ်တော်ရ ရဟန်းမိန်းမ ၁၃-ပါး။ ။(၁) မိထွေးတော် မဟာပဇာပတိ ဂေါတမီ ထေရီ- ‘အဂ္ဂ ရတ္တညူ’ ဘွဲ့တံဆိပ်တော်ရသည်။(၂) ခေမာ ထေရီ ‘အဂ္ဂ မဟာပညာ’ ဘွဲ့တံဆိပ်တော်ရသည်။(၃) ဥပ္ပလဝဏ် ထေရီ- ‘တန်ခိုးကြီး’ ဘွဲ့တံဆိပ်တော်ရသည်။ ဘုရားရှင် ယမိုက်ပြာဋိဟာ ပြခါနီး၌အရှင်ဘုရား တန်ခိုးပြတော်မမူပါနှင့်တော့၊ တပည့်မသည် အလျား ၁၂-ယူဇနာ၊ အနံ ၁၂-ယူဇနာ၊ အဝန်း ၃၆-ယူဇနာ၊ ဗိုလ်ထုနှင့် စကြာမင်းဟန်ဖန်ဆင်း၍ ခြေတော်မြတ်ကို ဦးတိုက်ပါမည်ဟု လျှောက်ထားရာတွင်ဧတဒဂ် ဘွဲ့ထူးရလေသည်။(၄) ပဋာစာရီ ထေရီ- ဝိနည်းဓိုရ်အရာ၌ ‘အဂ္ဂ ဝိနယ ဓါရီ’ ဘွဲ့တံဆိပ်တော်မြတ်ရသည်။(၅) ဓမ္မဒိန္နာ ထေရီ ‘အဂ္ဂ ဓမ္မကထိက’ ဘွဲ့တံဆိပ်တော်ရသည်။ ဝိသာခါ ဒါယိကာမကြီးက တရားဟောရန်လျှောက်ထားတောင်းပန်သောကြောင့် အထူးထူးသောနည်းတို့ဖြင့် ခက်ခဲနက်နဲသိမ်မွေ့သောမူလပဏ္ဏာသကျမ်း၌ “စူဠဝေဒလ္လ” သုတ်ကိုဟောတော်မူရာ ငါဘုရားဟောသော်လည်း သည်အတိုင်းပင် ဟောရတော့မည်ဟု ကောင်းချီးပေးလျက် ဧတဒဂ်ဘွဲ့ထူးကို အပ်နှင်းချီးမြှောက်လေသည်ဟူ၏။(၆) နန္ဒာ ထေရီ- ဈာန်ဝင်စားသောအရာ၌ ‘အဂ္ဂ ဈာယိကာ’ ဘွဲ့ထူးတံဆိပ်တော်ရသည်။(၇) သောဏာ ထေရီ- ‘လုံ့လ ဝီရိယကောင်း’ ဘွဲ့တံဆိပ်တော်ရသည်။(၈) ဗကုလာ ထေရီ- ‘ဒိဗ္ဗစက္ခုဉာဏ်’ ဘွဲ့တံဆိပ်တော်ရသည်။ (အချို့မူ၌ “သကုလာ”ဟု ရှိသည်။)(၉) ဘဒ္ဒါ ကုဏ္ဍလ ကေသာ ထေရီ- အဘိညာဉ်အရာ၌ လျင်မြန်သောကြောင့် ‘အဂ္ဂ ခိပ္ပါဘိည’ တံဆိပ်တော်ရသည်။(၁၀) ဘဒ္ဒါ ကပိလာနီ ထေရီ- ‘ပုဗ္ဗေနိဝါသဉာဏ်’ တံဆိပ်တော်ရသည်။(၁၁) ရာဟုလာမယ်တော် ဘဒ္ဒကဉ္စနာ ယသောဓရာ ထေရီ- ‘ဉာဏ်အမြင်ကြီးရာ၌’ တံဆိပ်တော်ရသည်။(၁၂) ကိသာ ဂေါတမီ ထေရီ- ညစ်နွမ်းခေါင်းပါးသော ပံ့သကူသင်္ကန်းကို ဆောင်ရာ၌ ‘အဂ္ဂ လူခ စီဝရ ဓါရီ’ တံဆိပ်တော်မြတ်ရသည်။(၁၃) သိင်္ဂါလ မာတာ ထေရီ- သဒ္ဓါတရားကောင်း ‘သဒ္ဓါဓိမုတ္တ’ ဘွဲ့တံဆိပ်တော်မြတ်ရလေသည်
ကမ္မဋ္ဌာန်းကျောင်းနှင့်ခွေးကမ္မဋ္ဌာန်းကျောင်းမှာ ခွေးတွေမွေးထားတာမှ မဟုတ်ဘဲနဲ့။သူ့ဟာသူ ရှိနေတာ။သတ်ပစ်လို့ဖြစ်တာလည်း မဟုတ်ဘူး။ မဟာစည်ဆရာတော်၊ပုဏ္ဏောဝါဒသုတ္တန်

သုတဆိုတာ လက်နက်ကောင်း ကလျာဏမိတ္တခေါ်တဲ့ မိတ်ကောင်းဆွေကောင်းဟာ အထူး သဖြင့် မေတ္တာကရုဏာထားပြီးတော့ အများကို ကောင်းကျိုးချမ်းသာ ရရှိဖို့ရန်အတွက် ဘုရားအလိုကျ နည်းလမ်းတွေညွှန်ကြား အချိုးတကျ ဖြစ်ဖို့ရန်အတွက် အမှားတွေကို ကရုဏာ နဲ့ဟန့်တားဖို့ မိမိကိုယ်တိုင် က သုတသမ္ပန္နော-သုတနဲ့လည်းပြည့်စုံရမယ်။ သုတအရ စာတွေ့ သုတနဲ့ လက်တွေ့သုတ နှစ်မျိုးလုံးနဲ့ ပြည့်စုံရပါမယ်။ အထူးသဖြင့် သူများကို ဆရာလုပ်မယ့်ပုဂ္ဂိုလ်တွေဆိုရင် မြတ်စွာဘုရားဟောကြား ထားတဲ့ ဒေသနာအစဉ်တွေ၊ အခြေခံကျတဲ့ အဘိဓမ္မာတွေ၊ ဒီကမှ တစ်ဆင့် ဆက်ပြီးတော့ လက်တွေ့ကျင့်သုံးလို့ဖြစ်နိုင်တဲ့ သုတ္တန် တရားတွေ၊ ကိုယ်ကျင့်တရားနဲ့ပတ်သက်တဲ့ ဝိနည်းက အခြေခံ ရှိထားရမှာပေါ့။ သိသင့်သိထိုက်တဲ့ ဘုရားရဲ့ အဆိုအမိန့်၊ ဒါတွေကတော့ ပြည့်စုံရပါတယ်။ ကိုယ့်အတွက်သက်သက်ဆိုရင် အနည်းဆုံး အားထုတ်တဲ့နည်း သုတတော့ ရှိထားသင့်ပါတယ်။ သုတမရှိဘဲနဲ့ အလုပ်လုပ်လို့ မဖြစ်ပါဘူး။ ကျင့်နည်းအမှန်သိရှိထားမှ အဓိဂမသုတရအောင် လက်တွေ့ အားထုတ်လို့ ဖြစ်နိုင်တာပဲ။ ကျင့်နည်းမှန် ရဖို့ဆိုတာ ကျင့်နည်းမှန်အတိုင်း ကျင့်ထားလို့ တော်တော်လေးကျေနပ် ပြီးတော့ အားရပြီးတော့ စိတ်ချရတဲ့ပုဂ္ဂိုလ်တွေ ၊ ပိဋကတ်စာပေလည်းပဲ ကျွမ်းကျင်သလောက်ကျွမ်းကျင်၊ ပိဋကတ်စာပေ နဲ့လည်း ကိုက်ပြီးတော့ လက်တွေ့ အားထုတ်လို့ သူများကိုပြောပြတဲ့အခါမှာလည်း စာတွေ့နဲ့ လက်တွေ့ စွယ်စုံပေါင်းစပ်ပြီးတော့ ရှင်းလင်းပြနိုင်တဲ့ ကလျာဏမိတ္တ ကောင်းရဖို့ သိပ်အရေးကြီးပါတယ်။

ဒါကြောင့်မို့ အကြောင်းဂုဏ် (၈ )ပါးထဲမှာ သုတသမ္ပန္နော ဟောတိ-စာတွေ့သုတနဲ့ လက်တွေ့သုတ နှစ်မျိုးနဲ့ ပြည့်စုံတဲ့သူဖြစ်ရတယ်။ ပြည့်စုံသူဖြစ်တော့ ဘာကျေးဇူး   ရှိလဲဆိုတော့ ခုနက ဂမ္ဘီရ ကထံ ကတ္တာ ဆိုတာပေါ့။ လျှို့ဝှက်နက်နဲတဲ့ တရားတွေ သစ္စာလေးပါးတရားတွေ၊ ကြောင်းကျိုးဆက် ပဋိစ္စသမုပ္ပါဒ် တရားတွေ၊ ပြီးတော့ ဗောဓိပက္ခိယတရားမှာပါဝင်တဲ့ အခုလို သတိပဋ္ဌာန်တရားတွေ၊ ဈာန်အမှီပြုပြီးတော့ မဂ်တရား ဖိုလ်တရား နိဗ္ဗာန်တရားတွေ လက်တွေ့ကျင့်သုံးလို့ဖြစ်တဲ့ တရားတွေနဲ့စပ်သမျှ ဒါတွေပြနိုင် ပြောနိုင် ဟောနိုင်တဲ့ အခြေအနေတွေ ရှိရပါတယ်။ အဲဒါ ဒီနေ့ ရှင်းလင်းတင်ပြ ပါမယ်။      သုတကို ဗုဒ္ဓမြတ်စွာက အာဝုဓ လက်နက်ကောင်းဆိုတဲ့ အနေနဲ့ သတ်မှတ်ထားပါတယ်။ လက်နက်ဆိုတာ သိပ်လိုအပ်ပါတယ်။ ရန်သူကို ရင်ဆိုင်တိုက်ခိုက်တဲ့အခါမှာလည်းပဲ ထက်မြက်တဲ့ လက်နက်လိုအပ်ပါတယ်။ အခြားအခြားနေရာတွေမှာလည်း သူ့နေရာ နဲ့သူ အသုံးချရအောင် လက်နက်ဆိုတာ လိုအပ်တာပါပဲ။ ဒါပေမယ်လို့ လူသတ်လက်နက်တွေကတော့ မကောင်းပါဘူး။ ကိလေသာရန်သူကို တွန်းလှန်ဖြိုဖျက်နိုင်တဲ့ လက်နက်မျိုးကတော့ လိုကိုလိုပါတယ်။ ဒါတွေ ပြည့်ပြည့်စုံစုံ လိုပါတယ်။ မဂ်ရောက် ဖိုလ်ရောက် သံသရာဝဋ် ဆင်းရဲမှ လွတ်မြောက်ရေးအတွက် တစ်ကိုယ်ရည်ရလိုတဲ့ ပုဂ္ဂိုလ်များ ကတော့ စာပေတွေ သိပ်တတ်ဖို့တော့ မလိုပါဘူး။ ဒါက ရုပ်ခေါ်တယ်၊ ဒါက နာမ်ခေါ်တယ်။ မသိတာက ရုပ်တရား၊ သိတာက နာမ်တရား၊ ရုပ်နာမ်တရားတွေဟာ ဒွါရခြောက်ပါးမှာဖြစ်ပြီး ပျက်နေ ကြတယ်။ ဖြစ်လိုက်ပျက်လိုက်နဲ့၊ ပေါ်လိုက်ပျောက်လိုက်နဲ့ ဆင်းရဲတွေပဲ။ သူ့သဘောအတိုင်းသူ ဖြစ်နေတဲ့ တရားတွေပဲလို့ ဒီလောက် တွေပဲ နားလည်ရင် တရားအားထုတ်လို့ဖြစ်ပါပြီလို့ မြတ်စွာဘုရားက မိန့်ကြား ထားပါတယ်။

“ရုပ်နာမ်ဓမ္မ အနိစ္စ၊ ဒုက္ခ အနတ္တာ၊ ဤရွေ့ဤမျှ ကြားဖူးက၊ သုတလုံလောက်ပါ”တဲ့ ။  ဒီလောက်ကြားဖူးနားဝရှိရင် သုတပြည့်စုံရင် တရားအားထုတ်လို့ဖြစ်ပါပြီလို့ ဆိုလို ပါတယ်။ ဘယ်ပုဂ္ဂိုလ် တွေအဖို့ လိုသလဲဆိုတော့ ကျယ်ကျယ်ပြန့်ပြန့် မြတ်စွာဘုရားရဲ့ အဆုံးအမတွေ ကို ကိုယ်တိုင်လည်းပဲ ကျေနပ်အောင်အားထုတ်ပြီးတော့ စာပေနဲ့ညှိပြီး တော့ ပြောဖို့ ဟောဖို့ တိုက်တွန်းဖို့ အဲဒီပုဂ္ဂိုလ်တွေကျတော့ လိုပါတယ်။

နာမ်ရုပ်သဘောပေါက်ဖို့ ပုံစံတစ်ခု***    စာပေဗဟုသုတမရှိရှာတဲ့ ပုဂ္ဂိုလ်တွေအတွက် နာမ်နဲ့ရုပ် လွယ်လွယ်သဘောပေါက်ရအောင် ပုံစံလေးတစ်ခု ထုတ်ကြည့်ကြစို့။ မတ်မတ်ကနေ ထိုင်ချတာကိုကြည့်ကြစို့။ မတ်မတ်ကနေ ထိုင်ချမယ်အပြု ပထမဆုံး ထိုင်ချင်တဲ့စိတ်ကလေး ပေါ်လိမ့်မယ်။ ထိုင်ချင် တယ်ဆိုတာ စိတ်က ထိုင်ချင်တာပဲ။ စိတ်ကလေးက ညွတ်သွားတာပဲ။ အဲဒါကို “နာမ”လို့ခေါ်တယ်။ “စိတ္တ”လို့လည်းခေါ်ပါတယ်။ “နာမ” လို့ပဲ ဆိုကြပါစို့ ။ ထိုင်ချင်တဲ့စိတ် အဆင့်ဆင့်အားပြည့်လာပြီဆိုရင် အောက်ပိုင်းက ဒူးကကွေးပြီးတော့ တစ်ကိုယ်လုံးလေးပြီးတော့ အိအိပြီးတော့ ကျကျသွားတာ။ လေးတာတွေ၊ တောင့်တာတွေ ၊ တင်းတာတွေ အဲဒါတွေက ရုပ်ခေါ်ပါတယ်။ ထိုင်ချင်တဲ့စိတ်အဆင့်ဆင့်ကြောင့် ဖြစ်တဲ့ ရုပ်တရားတွေပေါ့။ အဲဒါ နာမ်နဲ့ရုပ် တွဲဖြစ်နေပါတယ်။ ထိုင်ဆဲ ကာလမှာ နာမ်နဲ့ရုပ် တွဲဖြစ်နေတာမို့လို့ အဲဒီအခိုက်အတန့်မှာရှိနေတဲ့ နာမ်နဲ့ရုပ်ကို သိချင်ရင် ထိုင်ဆဲမှာရှုရတယ်။ အဲဒီလို ရှုနည်းလေးတွေကို ဆရာက ပြောပြ ရတယ်။ ထို့အတူ ထဆဲမှာလည်း ထချင်တဲ့ စိတ်အဆင့်ဆင့်နဲ့ ထရုပ်အဆင့်ဆင့်၊ ကွေးဆဲကာလမှာလည်း ကွေးချင်တဲ့ စိတ်အဆင့်ဆင့်နဲ့ ကွေးရုပ်အဆင့်ဆင့်၊ လက်ခြေဆန့်ဆဲမှာလည်း ဆန့်ချင်တဲ့စိတ်အဆင့်ဆင့်နဲ့ ဆန့်ရုပ်အဆင့်ဆင့်၊ နာမ်နဲ့ရုပ် တွဲပြီး ဖြစ်နေတာလေးတွေ သူ့အခိုက်အတန့်နဲ့သူ အင်မတန်ထင်ရှားပါတယ်။

ဒီတော့ တကယ်ရှိ အဟုတ်ရှိနေတဲ့ နာမ်နဲ့ ရုပ်တရား အကြောင်းနဲ့ အကျိုး ဆက်စပ်ပြီးဖြစ်နေ ပုံလေးတွေကို သိချင်ရင် ဖြစ်ဆဲ လိုက်ရှုတဲ့။ ဒါက ဗဟုသုတနည်းပါးတဲ့ပုဂ္ဂိုလ်တွေအတွက် အခုပြောပြ သဘောပါပဲ။ ထို့အတူ ကျန်တဲ့အစိတ်အပိုင်းတွေလည်းပဲ ဒီလိုပဲ လိုက်ပြီး သူ့ဖြစ်ဆဲဖြစ်ဆဲ လိုက်ရှုရတာပါပဲ။ အဲဒီတော့ တရား အားထုတ်တော့မယ်ဆိုရင် ရှုနည်းမှန်မသိရင် ကလျာဏမိတ္တတွေထံ ချဉ်းကပ်ပြီးတော့ ရှုနည်းမှန်ကို လေ့လာ ရတယ်။ လိုလိုချင်ချင်နဲ့ လေ့လာရတယ်။ ဆွေးနွေးလေ့လာရတယ်။  လေ့လာတယ်ဆိုတာ ကြားနာလေ့လာ ရတယ်။ အခုလို တရားအားထုတ်ပြီးတော့ ကမ္မဋ္ဌာန်းဆရာနဲ့ သွားသွားပြီးဆွေးနွေးတာကို လေ့လာတယ်ခေါ်ပါတယ်။ သင့်တော်တဲ့စာအုပ်ဖတ်ပြီးတော့ လေ့လာရတယ်။ အဲဒီလိုလေ့လာ ပြီးတော့ ကျင့်နည်းမှန်မသိမှုကို ဖျောက်ပစ်ရတယ်။

ဒါကြောင့် ကျေးဇူးရှင် မဟာစည်ဆရာတော်ဘုရားကြီးက နည်းပေးထားတယ်။ “ကျင့်နည်းမှန်ရာ မသိတာ လေ့လာပယ်ဖျောက်လေ”တဲ့။ ကျင့်နည်းမှန် မသိဘူးဆိုရင် ခုနကနည်းအတိုင်း လေ့လာ ပြီးတော့ ဖျောက်ပစ်ပါတဲ့။ ဒီတော့ ဆရာတွေကပြောပြလို့၊ ကလျာဏမိတ္တတွေကပြောပြလို့ “ဪ…တရားကျင့်တာ ဒီလိုကိုး”လို့ နားလည်သွားတာ။ နဂိုက မသိမှုဟာ ကြားနာလေ့လာလိုက်တော့ သိသွားပြီ။ မသိမှု ပျောက်သွားတယ်။   ဒီနာမ်နဲ့ရုပ်တရားက ထိုင်ဆဲကာလမှာ ထိုင်နေတုန်းမှာ လတ်လတ်ဆတ်ဆတ်ရှိတယ်။ ပူပူနွေးနွေးရှိတယ်။ ထိုင်ပြီးတော့ ပျောက်သွားပြီ၊ မရှိတော့ဘူး။ သူ့အခိုက်အတန့်နဲ့သူပဲ။ မထိုင်ခင်က လည်း မပေါ်သေးဘူး။ ဒါလည်းပဲ မသေချာဘူး။ နာမ်နဲ့ရုပ် သေချာ တာက ထိုင်ဆဲကာလမှာ သေချာတာ။ အဲဒီလိုထိုင်ဆဲကာလမှာ ထိုင်တဲ့ အမူအရာကို သေသေချာချာစူးစိုက်မှတ်ပါဆိုတာ ကလျာဏမိတ္တက မြတ်စွာဘုရားအလိုတော်အတိုင်း ကျင့်နည်းမှန်ကို ညွှန်ကြားရတယ်။      ဈာန်သဘောပါ ရတယ်     အဲဒီလို မှတ်တဲ့အခါလည်း ဈာန်သဘောလေးတွေကို ပါအောင် ဟိုကထင်ရှားပေါ်လာတဲ့ ရှုကွက်အာရုံနဲ့ ရှုမှတ်တဲ့စိတ်တည့် အောင်လို့ ရွယ်စူးလည်းထားပါ။ “focus the mind” gusp: ထားရမယ် ။

အဲဒီအခိုက်အတန့်မှာ ထင်ရှားတဲ့ ထိုင်တဲ့အမူအရာဆီ ရောက်သွားအောင် အားစိုက်ပါ။ ရွယ်စူးမှုနဲ့ အားစိုက်မှု ပါရမယ်။ ရွယ်စူးတာက ပေါ်လာတဲ့ရှုကွက်အာရုံနဲ့ ရှုမှတ်စိတ် တည့်အောင်လို့။ အားစိုက်တာက ရှုကွက်အာရုံဆီ စိတ်ကလေး ရောက်သွားအောင် တွန်းအားပေးတဲ့ သဘောပါပဲ။ အဲဒါတွေကို ဆရာက ဆက်ပြီးတော့ ပါပဲ ညွှန်ကြားတော့တာပါပဲ။ “ကျင့် နည်းမှန်ရာ မသိတာ လေ့လာ ပယ်ဖျောက်လေ” ဆိုတဲ့အတိုင်း ကျင့်နည်းမှန်မသိမှုကို လေ့လာပယ်ဖျောက်ရတယ်။     ပေါ်လာတဲ့ရှုကွက်အာရုံနဲ့တည့်အောင် ရွယ်စူးရမယ်။ ရောက်သွားအောင် အားစိုက်ရမယ်ဆိုတာက အထင်ရှားဆုံးဥပမာ ပေးရမယ် ဆိုရင် စားပွဲထဲမှာ ပါလာတဲ့ သစ်သီးတုံးလေးတွေကို ခက်ရင်းနဲ့ စိုက်ယူတဲ့အခါမှာ ကိုယ်လိုတဲ့ဟာကို မျှော်မှန်းမှု ပထမဆုံး ရှိရမယ်။ မျှော်မှန်း ထားရမယ်။ ချိန်ထားရမယ်။ ပြီးတော့ အားစိုက်ပြီးတော့လည်း ထိုးရမယ်။ ချိန်ရုံသာ ချိန်ထားပြီးတော့ အားမစိုက်ဘူးဆိုရင် ခက်ရင်းက ကိုယ်လိုတဲ့ဆီ မဝင်ဘူး။ အားတော့စိုက်ပါရဲ့ မချိန်ဘူးဆိုရင် မတည့် ဘူး။ ရွယ်စူးမှု ချိန်မှန်းချက်ပါသလို၊ တစ်ဖက်ကလည်းပဲ ရောက်အောင် အားစိုက်တဲ့သဘော ပါရမယ်။ အဲဒီလိုဆိုရင် ထိုးလိုက်ပြီး တည့်ကျစိုက်ဝင်တဲ့အခါမှာ သစ်သီးတုံးဟာ ပါလာတာပဲ။ အဲဒီ သဘောမျိုးလို ထားရပါတယ်။ ပါလာတာကို ဘာအရသာဆိုတာ လက်တွေ့ မသိသေးဘူးပေါ့ ။

ပါးစပ်ထဲထည့်ပြီးတော့ ဝါးလိုက်တဲ့အခါမှာ သူ့မှာရှိတဲ့အရသာ ထွက်လာတာ ပဲ။ ချိုတဲ့အရသာအတုံးကို ဝါးမိရင် ချိုတဲ့အရသာ ထွက်လာတာပဲ။ သတိထား ဝါးရတာပဲ။ ချဉ်တဲ့အရသာအတုံးဝါးရင် ချဉ်တဲ့အရသာ ထွက်လာတာပဲ။ စပ်တဲ့အရသာအတုံးဝါးရင် စပ်တဲ့အရသာ သိပ်ထင်ရှားတယ်။ ခါးတာ စပ်တာ သိပ်ထင်ရှားတယ်။ ကိုယ့်ပါးစပ်ထဲ ရောက်လာတဲ့ဟာကို ဝါးလိုက်လို့ ထွက်ပေါ်လာတဲ့အရသာနဲ့ သဘာဝ သိပ်တူတယ်။ အဲဒီလိုအရသာနဲ့ တူတဲ့ သဘာဝလေးတစ်ခုခုသိဖို့ရန်အတွက် ချိန်ရမယ်။ အားစိုက်ရမယ်။ အားစိုက်ရင် အဲဒီအာရုံဆီ ရှုမှတ်တဲ့စိတ်ကလေးက ကပ်သွားတာပဲ။ အဲဒီကပ်သွားတာ “သတိ ”ပဲ။ သတိပဋ္ဌာန် လို့ လည်း ခေါ်ပါတယ်။ နောက်ပိုင်းကျတဲ့ အခါ သတိပဋ္ဌာန် အကြောင်း ပြောပါဦးမယ်။ ကပ်သွားပြီဆိုရင် ဘယ်မှမရွေ့တော့ဘူး။ အဲဒီအပေါ်မှာပဲ စိတ်က စိုက်ကျနေတယ်။ အဲဒါ သမာဓိ ခေါ်တယ်။ “ခဏိကသမာဓိ”ခေါ်တယ်။ ထိုင်ချင်တဲ့စိတ်ကလေးပေါ် စိုက်ကျ သွားရင် ထိုင်ချင်တဲ့စိတ် “နာမ်”ကို သိတယ်။ ထိုင်တဲ့ရုပ် အဆင့်ဆင့်ပေါ် စိတ်က စိုက်ကျသွားရင် ထိုင်တဲ့ရုပ်ကို သိတယ်။ တစ်ပြိုင်နက်ထဲတော့ နာမ်နဲ့ရုပ်ကို မသိဘူးပေါ့။ စိုက်ကျရာပဲ သိတာပါပဲ။ စာတွေ့ သုတနဲ့ လက်တွေ့သုတ ဆိုတာပေါ့။     အခု နမူနာပြခဲ့တဲ့ ထိုင်ဆဲကာလမှာ ထင်ရှားတဲ့ နာမ်နဲ့ ရုပ်တရားကို ဒီလို ဒီလို ရှုမှတ်ရပါလားလို့ ကျင့်နည်းအမှန် မသိရင်လည်းပဲ မမှတ်တတ်တော့ လုံးဝမသိနိုင်ဘူး။ ကျင့်နည်းမှန် သိပေမယ်လို့ ဖြစ်ဆဲမှာလိုက်ပြီးတော့ နည်းလမ်းကျ မရှုဘူးဆိုရင် မသိနိုင်ဘူး။ ဒီတော့ ကျင့်နည်းမှန်မသိလို့ သိချင်ရင် သိအောင်လုပ် ပြီးတော့ ထိုင်ဆဲကာလမှာ သိဖွယ်ရာ သိထိုက်တဲ့အရာတွေ သိချင်ရင် “သိဖွယ်ရာရာ မသိတာ ရှုကာပယ်ဖျောက်လေ”ဆိုတဲ့အတိုင်း ရှုနည်း သိ ပြီးတော့ လက်တွေ့ကျကျ ရှုဖို့ရှိတာပါပဲ။ ရှုရင် သိဖို့ သေချာတယ်။        ✍ ပဏ္ဍိတရာမရွှေတောင်ကုန်းဆရာတော်

အရေးအခင်း တချို့
မြန်မာနိုင်ငံစစ်အစိုးရများလက်ထက် ထင်ရှားသည့်အရေးအခင်းများ။(၁) ဆဲဗင်းဇူလိုင် အရေးအခင်း -၁၉၆၂။ (၂) တရုတ်ဗမာအရေးအခင်း -၁၉၆၈။(၃) အလုပ်သမားအရေးအခင်း -၁၉၇၄ ဇွန်လ။ (၄) ဦးသန့်အရေးအခင်း-၁၉၇၄ ဒီဇင်ဘာ။(၅) အလုပ်သမားအရေးအခင်းနှစ်ပတ်လည်နှင့်ရွှေတိဂုံအထွေထွေသပိတ် -၁၉၇၅ ဇွန်လ။(၆) မှိုင်းရာပြည့်အရေးအခင်း -၁၉၇၆ မတ်လ။ (၇) ဖုန်းမော်အရေးအခင်း -၁၉၈၈ မတ်လ ၁၃။(၈) တံတားနီအရေးအခင်း -၁၉၈၈ မတ်လ ၁၆။ (၉) မြေနီကုန်းအရေးအခင်း -၁၉၈၈ ဇွန် ၂၁။(၁၀) ၈-၄ လုံးအရေးအခင်း -၁၉၈၈ သြဂုတ် ၈။(၁၁) ဒီပဲယင်းအရေးအခင်း -၂၀၀၃ မေ ၃၀။(၁၂) စက်တင်ဘာ ရွှေဝါရောင် သံဃာ့အရေးအခင်း – ၂၀၀၇။ စသည်။ ကိုရမ်လား၊ကူရမ်လား၊ကုရ်အာန်လား

အောင်မှူးဝေ
ကျွန်တော် စာပြင်စာတည်း ဖြစ်လာရတဲ့အချိန်မှာ မြန်မာစာအုပ်လောကဟာ စာဘူးတောင်းသိုက်ကို ဆေးသုတ်တဲ့ အဆင့်ရောက်နေပါပြီ။လှပစွာ ရှုပ်ထွေး။အများဆုံးမှားကြတာကတော့ ဘာသာရေးဆိုင်ရာ ကျမ်းနာမည်တွေပါပဲ။ဗုဒ္ဓဘာသာကျမ်းစာများရဲ့အမည်ကိုတော့ စာရေးဆရာအများစုက ဗုဒ္ဓဘာသာဖြစ်လို့ မှားခဲပါတယ်။ကျန်တဲ့ဘာသာကြီးများရဲ့ကျမ်းစာအမည်ကျတော့ စာစီစာပြုသမားတွေက ခပ်တည်တည် ဇွဲကောင်းကောင်းနဲ့ကို မှားပစ်လိုက်ကြပါတယ်။အများစုက စာပြင်စာတည်းရဲ့ မင်နီမှတ်ချက်ကို ဂရုမစိုက်တတ်ကြပါဘူး။

သစ္စာတရား
မတရားမှုကို ခေါင်းမာစွာ အတင်းဆုပ်ကိုင်ထားပြီး၊အမှန်တရားကို သတ်ဖြတ်ခြင်းမပြုပါနှင့်။ကလေးငယ်ထံမှပင် ဖြစ်ပါစေ၊အမှန်တရားဆိုလျှင်လက်ခံပါ။(အီဇာလာအောင်ဟာမ်၊စာ၅၅၀၊ရူဟာနီခဇာအင်န်၊အတွဲ၃)အစရှိတဲ့ တရားအနှစ်သာရတွေကို ရဟန်းဝတ်ကတည်းက အချိန်ယူပြီးလေ့လာခဲ့ဖူးတယ်။အမျိုးသားရေးဘာညာဆိုတဲ့မောင်သွေးချွန်တောင်မှ ကျွန်တော်ဝယ်ပေးလို့ ကျမ်းမြတ်ကုရ်အာန်ကို ကိုင်ဖူးတာ။ဘုန်းကြီးဝတ်ကြီးနဲ့ကုရ်အာန်ကျမ်းသွားဝယ်တာပဲ မြင်ယောင်ကြည့်ပေါ့ဗျာ။ကုရ်အာန်ကျမ်းဟာ တခြားစာအုပ်တွေနဲ့ပြောင်းပြန် ဖတ်ရပါတယ်။အစဆုံး အဖွင့်စကားက
ပါဠိလို မဟာနုဒယော မဟာနုကမ္ပကော..တဲ့။ကြီးမြတ်တဲ့ကရုဏာပိုင်ရှင် အစဥ်ထာဝရကြီးမားတဲ့သနားစောင့်ရှောက်သူ ဘုရားမြတ်ကို ရှိခိုးတယ်။ဒီက စတင်တယ်။အများစု မှားရေးနေသလို ကိုရမ်မဟုတ်၊ကူရမ်မဟုတ်၊ကိုဒမ်လည်းမဟုတ်ပါဘူး။ကျမ်းမြတ်ကုရ်အာန်…ပါ။ကျွန်တော်က အမှန်ပြင်ပေးလိုက်၊စာစီစာပြုကွန်ပျူတာက ကိုရမ်ပစ်လိုက်နဲ့ အတော် ခက်ပါတယ်။တစ်ခါကလည်း စာပြင်ရင်း ကျွန်တော့်မှာ သေလုမတတ်ရယ်နေရတယ်။ဟိန္ဒူတွေ အလေးအမြတ်ထားတဲ့ ဘဂဝဒ်ဂီသာကျမ်းကို စာစီစာပြုက ဘယ့်နှယ်ပြင်လွှတ်လိုက်တယ် ထင်သတုံး။
ဘဂဝါ့ ဂစ်တာ…တဲ့။မှတ်ကရော။ဘုရားက ဂစ်တာတီးမလားဗျာ။
ကျွန်တော့်မှာ ဘာသာပေါင်းစုံကျမ်းပေါင်းစုံရှိပါတယ်။စင်ကြီးတစ်စင်နဲ့ သီးသန့်ထားရှိပါတယ်။လူသားအားလုံးရဲ့မြတ်နိုးရာလို့ ယုံကြည်လို့ပါ။ခင်ဗျားကို ဘာသာရေးဆိုင်ရာဝေါဟာရတွေ မှားရေးခွင့်မပေးနိုင်ပါဘူး။ကျွန်တော့်ဆီရောက်လာရင်တော့ စေတနာထားပြီး အစွမ်းကုန်ပြင်ပေးမှာပါ။စာပြင်ခတော့ပေးပေါ့ဗျာ။ကျွန်တော်လည်း ဒါနဲ့ထမင်းစားနေရတာကိုး။…..ရေမပြည့်သောအိုးသည် အသံမြည်၏။ရေပြည့်သောအိုးသည် ငြိမ်သက်၏။သူမိုက်သည် ရေမပြည့်သောအိုးနှင့်တူ၏။ပညာရှိသည် ရေပြည့်သောအိုးကြီးနှင့်တူ၏။၊သုတ္တနိပါတ်၊မဟာဝဂ်၊နာလကသုတ်၊

တရားကိုသိသောသူသည် စိတ်ကိုစောင့်စည်း၏။တရားကိုသိသောသူသည် စကားကိုများစွာမဆို။ထိုရဟန်းသည် မောနကို ရထိုက်၏။မောနကို ရလည်းရ၏။။သုတ္တနိပါတ်၊မဟာဝဂ်။နာလကသုတ်။
*မောန=ဆိတ်ဆိတ်နေခြင်း။သစ္စာလေးပါးကိုသိသောဉာဏ်ကိုးနဝင်း မိုးလင်းမှတင်လိုက်တယ်
ကိုးနဝင်း ဘုရား ။ ။ သမ္မာဒိဋ္ဌိခေါ် ဗုဒ္ဓဘာသာတို့ ကိုးကွယ်ဆည်းကပ်ရာ စေတီတော်၏အမည်တစ်မျိုး၊ ထိုစေတီတော်၏အမြင့် ဉာဏ်တော်မှာ ၉-တောင်ရှိ၍ ထိုစေတီနှင့် စပ်ဆိုင်သည့် အဆောင်အယောင်တို့မှာ များသောအားဖြင့် နဝင်းကျေကိုးခုသာ အထားများသော လောကီဆရာ တို့စီမံသည့် စေတီတော်တစ်မျိုးပင်ဖြစ်လေသည်၊ ထိုစေတီတော် များသည် ၁၂၈၃-ခုနှစ်လောက်ကစ၍ မြန်မာပြည်အနှံ့အပြား၌ ခေတ်စားလာခဲ့ကြောင်းသိရသော်လည်းရှေးဟောင်းနန်းစဉ်ခေတ်အရ ဝေဖန်သော် …”သောင်းထိုက်ဇမ္ဗူ၊ ကျွန်းလုံးဟူ၍၊ စည်သူမင်းဖျား၊ တည်ခဲ့ထားသည်၊ ဘုရားကိုးဆူ၊ ဂူလည်းကိုးရပ်၊ နတ်လည်း ကိုးပါး၊ ဘုံကား ကိုးတန်၊ ကိုးရွာရံ၍၊ ကန်လည်း ကိုးဆယ်၊ ကိုးသန်း ပယ်နှင့်၊ ကိုးဆယ်ကိုးရွာ၊ စပ်ကာမဝေး၊ ကြေးကိုးကြေးနှင့်၊ နီးဝေးပျံ့လှိုင်၊ စည်ကိုးဆိုင်က၊ ကိုးဌာနကို၊ ဒုက္ခကင်းစင်၊ ချမ်းသာမြင်၍၊ အောင်မင်္ဂလာ၊ ဖြစ်စေငှာဟု” ဟူသော တပယ်ယင်းမြို့ သမိုင်းလင်္ကာရ ကိုးနဝင်း ခေတ်စားခဲ့ပုံကိုလည်း သိရသေး၏။ တပယ်ယင်းလော၊ ဒီပဲယင်းလော။မပြီးပြတ်သေး။အဆုံးအဖြတ်မတွေ့ရ။ ။

Red News Agency ။ ။ ဆက်လက်တင်ပြပါမည်။

By Editor

Leave a Reply

Your email address will not be published. Required fields are marked *