စာပြင်စာတည်း၏မှတ်စုများ( ၁၅)

မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

အောင်မှူးဝေ

မင်းက ငတုံးလား
အရာရာကို ဦးနှောက်၊နှလုံးသားနဲ့နားလည်တဲ့လူတစ်ယောက်ဆိုတာ ကိုယ်ကျင့်တရားကောင်းမွန်တဲ့စာရေးဆရာရဲ့ စကားတိုင်း ဝါကျတိုင်းကို အမြိုက်အရသာလိုပဲ စွဲမှတ်လက်ခံကြတယ်။ ရာဟုလာသံကိစ္စည်း
ပြည်သူဆိုတာ မသေမျိုး။အာဏာနဲ့စည်းစိမ်ကို ကိုးကွယ်ဆည်းကပ်သူတွေက ဘယ်လိုပဲ ဖိနှိပ်ဖိနှိပ်၊ဘယ်လိုပဲ သတ်ပစ်သတ်ပစ် ပြည်သူလူထုရဲ့အင်အားက ပျောက်ကွယ်သွားမှာမဟုတ်ဘူး။ရာဟုလာသံကိစ္စည်း

ခတ်/ခပ်မြန်မာစာမှာ စိတ်ဝင်စားစရာတွေအများကြီး ရှိတယ်။ဟင်းအိုးထဲကို ဆားခတ်ရင်၊မဆလာခတ်ရင်၊အချိုမှုန့်ခတ်ရင် တသတ်နဲခတ်ပြီး ဟင်းအိုးထဲက ဟင်းကိုခပ်ရင်တော့ ပသတ်နဲ့ခပ်ရတဲ့ အချက်က စိတ်ဝင်စားဖွယ်အချက် တစ်ချက်အဖြစ်ပါဝင်တယ်။ကိုယ်ကနေ အပြင်ကို ရွေ့လျားသွားတဲ့သဘော ညွှန်းလိုရင် တသတ်နဲ့ခတ်ပြီးတော့ ၊အပြင်ကနေ ကိုယ့်ဘက်ကို ရွေ့လျားလာတဲ့သဘော ညွှန်းလိုရင် ပသတ်နဲ့ခပ်ပါတယ်။အသံတူတိုင်း အသတ်မတူဘူး။အသတ်မတူတဲ့အလျောက် သူတို့ရဲ့အနက်အဓိပ္ပါယ်ချင်းလည်းမတူကြဘူးလို့ သိကြဖို့ပါပဲ။
ရည်ညွှန်း၊ မောင်ခင်မင်(ဓနုဖြူ)-လပြည့်ဝန်းနှင့်ဆင်စွယ်ဘီးကလေး ။

ဉာဏ်နဲ့ယုံကြည်ချက်

လောကမှာ နေရာတကာ ဉာဏ်နဲ့ တိုင်းတာသိရတဲ့ပြဿနာတွေချည်းရှိတာမဟုတ်ဘူး။တချို့ပြဿနာတွေက ယုံကြည်ချက်နဲ့တိုင်းတာပြီးသိရတာ။ကျောက်တုံးကြီးတစ်တုံး ဘယ်ခေတ်ဘယ်ကာလတုန်းက ဘယ်သူယူလာခဲ့မှန်းမသိဘူး။အထောက်အထားလည်းပဲမရှိဘူး။ခင်ဗျားဉာဏ်က မမီတော့ဘူး။ဒါပေမဲ့ ယုံကြည်ချက်သမား ရေနံသူဌေးတွေက အဲ့ဒါကို သူတို့ရင်ထဲက ယုံကြည်ချက်နဲ့တိုင်းတာပြီး အမြတ်တနိုးကိုးကွယ်ထားကြတယ်။အဲ့ဒါကို မျက်ကန်းယုံကြည်မှုလို့ ဆိုမလား။မဆိုရဘူး။ယုံကြည်ချက်က သူ့ရင်ထဲမှာရှိတဲ့ကိစ္စ။ခင်ဗျား ဘာမှ ဝင်ရောက်စိုးမိုးလို့မရဘူး။လူဟာ သူ့ယုံကြည်ချက်ကိုထိပါးလာပြီဆိုတာနဲ့လူတင်မကဘူး နတ်ဘုရားလည်း သတ်ဖို့ဝန်မလေးဘူး။နေရာတကာ ဉာဏ်က အသုံးကျတာမဟုတ်ဘူး။ဘုရားတောင်မှ ပညာပါရမီတစ်ခုတည်းဖြည့်ပြီး ဘုရားဖြစ်တော်မူတာမဟုတ်ပါဘူး။ အောင်မှူးဝေ

ကျောက်ချဉ်
ကိုယ့်ငယ်သူငယ်ချင်း ဘုန်းကြီးတစ်ပါး ခေါင်းရိတ်ပြီး ခေါင်းစိမ်းအောင်လို့တဲ့ ခေါင်းကိုကျောက်ချဉ်နဲ့ ပွတ်နေတယ်။သူထိုင်နေတဲ့ကျောင်းက ကိုယ်လွှဲပေးခဲ့တဲ့ကျောင်းပါ။ဘာလုပ်နေတာတုံးဖျမေးတော့ ခေါင်းစိမ်းအောင်လို့ကွတဲ့။ခေါင်းစိမ်းလားမစိမ်းလားတော့မသိဘူး။ဦးရေပြားတွေ တင်းပြီး မျက်စိတွေကျုံ့လာမှာတော့သေချာတယ်။ဘာကြောင့်လဲကွ မင့်အကောင်းပြောနော်။တပည့်တော်မိန်းမတော့ ဈေးက ကျောက်ချဉ်တွေဝယ်လာပြီးပွတ်နေတာ။ရှယ်ပဲဖျ။ဘာကိုပွတ်ထာ ဘာရှယ်ထာ။ဟေ့ကောင် ငမှူး မင်းမပြေးနဲ့။အောင်မှူးဝေ

အနာဂါမ် ဆရာသက်ကြီး၏ ဩဝါဒ
အာနာပါနကို တချို့ကသမထပါကွာလို့ အရမ်းမဲ့စွပ်စွဲတတ်ကြပါတယ်။မဟုတ်ပါဘူး။စွယ်စုံရတဲ့ ကမ္မဋ္ဌာန်းကြီးပါ။ ဘုရားရှင်တိုင်း သွားတော်မူတဲ့လမ်းရိုးကြီးပါ။အာနာပါနဿတိသုတ်မှာအနိစ္စနုပဿီ – မမြဲတဲ့သဘောကိုမြင်အောင်ကြည့်ရမယ်။ဝိရာဂါနုပဿီ -တပ်မက်စရာတွေကင်းအောင်ရှုရမယ်လို့အာနာပါနကိုပဲ ဝိပဿနာလို့တိုက်ရိုက်ဟောတော်မူပါတယ်။
ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးကလည်းအာနာပါနကိုပဲ သမထအဖြစ်ပထမထူထောင်ပြီးပထမဈာန်ကဖြစ်စေဒုတိယဈာန်ကဖြစ်စေတတိယဈာန်ကဖြစ်စေ ခုန်ကျော်ပြီးဒီအာနာပါနကိုပဲဝိပဿနာအဖြစ်ကူးနိုင်တယ်လို့အတိအလင်းရေးတော်မူပါတယ်။
သင်္ဂြိုဟ်ကျမ်းကြီးအဘိဓမ္မာကျမ်းကြီးများမှာလာတဲ့အတိုင်းရုပ်တွေအားလုံးသိဖို့ မလိုပါဘူးဘုရား။ အဘိဓမ္မာဒေသနာတော်ကတော့သဗ္ဗညုတဉာဏ်တော်ကြီးအရာပဋိသမ္ဘိဒါပတ္တ အရာတွေသာဖြစ်ပါတယ်။

ရုပ်တစ်လုံး နာမ်တစ်လုံးရဲ့အနိစ္စအချက် ဒုက္ခအချက်အနတ္တအချက်ကိုလင်းလင်းထင်ထင် ဉာဏ်မျက်စိမှာမြင်လျင် အသင်္ခတခေါ်တဲ့နိဗ္ဗာန်အငြိမ်းဓာတ်ကြီးသို့ဆိုက်ရောက်နိုင်ပါပြီ။
ကျေးဇူးရှင်လယ်တီဆရာတော်ဘုရားကြီးကလည်းဒီအတိုင်းပဲမိန့်မှာရေးသားတော်မူခဲ့ပါတယ်။
(ကျမ်းကိုး- ဓမ္မာစရိယ ဦးဌေးလှိုင်၏ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ)

ကမ္ဘာလောကမှာလျှာနှစ်ခွနဲ့အကျင့်သီလမျိုး မလိုဘူး။အပြင်တစ်မျိုး အတွင်းတစ်မျိုး။အပြင်မှာရွှေမှုန်ကြဲပြီး အထဲမှာနောက်ချေးခံထားတဲ့ စရိုက်မျိုးကို လိုက်နာကျင့်သုံးနေရင်တော့လူသားဇာတ်အမျိုးနွယ်ဟာ ဆုတ်ယုတ်သွားမှာပဲ✍ရာဟုလာသံကိစ္စည်း၏ မဓုရဆွပန
ငါ့ဟာ သူ့ဟာဆိုတဲ့အစွဲကိုအရှေ့တိုင်းအနောက်တိုင်း နှစ်ခုစလုံးက အတွေးအခေါ်ပညာရှင်ကြီးတွေဟာ အကျိုးကို ဆုတ်ယုတ်စေတယ်လို့ ယူဆကြတယ်။လူသားဟာ ငါ့ဟာသူ့ဟာဆိုတဲ့ အစွဲမရှိပါမှ မိမိရဲ့အစွမ်းသတ္တိဟူသရွေ့ကို လူသားကောင်းကျိုးအတွက် အသုံးချနိုင်တယ်။✍ရာဟုလာသံကိစ္စည်း၏မဓုရဆွပန
နမော ကလျာဏမိတ္တအာစေရဿမိတ်ကောင်းဆွေမွန် ဆရာသမားအား ရှိခိုးပါ၏ဘုရား။
****☸   ဝီရိယ , ဝိတက်ဖြစ်ခိုက် အကုသိုလ်ကို အချိန်ပိုင်းပယ်နိုင်  ☸   မနေ့က “သုတာဝုဓော ဘိက္ခဝေ အရိယသာဝကော အကုသလံ ပဇဟတိ ကုသလံ ဘာဝေတိ” စသည်ဖြင့် ဖြူစင်မြင့်မြတ်တော်မူတဲ့ ဗုဒ္ဓရဲ့သာဝကဟာ စာတွေ့သုတ၊ လက်တွေ့သုတ လက်နက် ရှိပါမူ အကုသိုလ်ကို ပယ်စွန့်နိုင်၊ ကုသိုလ်ကို ဖြစ်ပွားစေနိုင်၊ အပြစ် ရှိတာကို ကဲ့ရဲ့စရာကိုလည်း ပယ်ရှားနိုင်ပြီးတော့ အပြစ်မဲ့သန့်ရှင်းတာ ကိုလည်း ဖြစ်ပွားစေနိုင်၊ မိမိကိုယ်ကိုလည်းပဲ သန့်စင်အောင် ဆောင်ထားနိုင်တယ်ဆိုတဲ့ ဗုဒ္ဓမြတ်စွာရဲ့ အဆိုအမိန့်ကို စာတွေ့နဲ့ လက်တွေ့ ပေါင်းစပ်ပြီးတော့ ရှင်းလင်းသွားခဲ့ပါတယ်။ ဒါပေမယ်လို့ မပြည့်စုံသေးပါဘူး။

ဒီနေ့ ဆက်လက်ပြီးတော့ စာတွေ့က ဒါ၊ လက်တွေ့က ဒါ၊ နှစ်ခု ပေါင်းစပ်လိုက်တဲ့အခါ အကျိုးတွေ ဒါတွေ ထွက်လာပါတယ်ဆိုတာ ပြစရာရှိပါသေးတယ်။     ယောဂီများအနေနဲ့ကတော့ တစ်ကိုယ်လုံးဟာ သတိပဋ္ဌာန်ရဲ့ ရှုစရာအာရုံ ရှုကွင်းကျယ်ကြီးပါပဲ။ အင်မတန် နယ်ကျယ်ပါတယ်။  ကိုယ်ထဲမှာကတော့ မျိုးစုံပါပဲ။ အဲဒီ တစ်ကိုယ်လုံးထဲမှာ ထင်ရှားပေါ်ပေါ်လာတဲ့ ရှုကွင်းကလေးတွေ ရှုကွက်ကလေးတွေ ရှိပါတယ်။ ကွင်းဆိုတာ ကျယ်ပြန့်ပါတယ်။ ကွက်ဆိုတာ တစ်ကွက် တစ်ကွက် ပေါ့။ အဲဒါတွေ ထင်ထင်ရှားရှား ပီပီသသ ပေါ်ပေါ်လာတယ်။ အဲဒီ ထင်ထင်ရှားရှား ပီပီသသပေါ်လာတဲ့ ရှုကွက်အာရုံလေးတွေကို “အာရုံပေါ်ခိုက် စိတ်အားစိုက် ချိန်ကိုက်မြဲစွာ ရှုမှတ်ပါ”ဆိုတဲ့ အဆို အမိန့်အတိုင်း ပရိယတ္တိသုတအရ စာတွေ့သုတအရ အားစိုက်ပြီးတော့ ချိန်ချိန်ပြီးတော့ အမြဲတစေ မှတ်နေရတယ်။ အားစိုက်တယ်ဆိုတာက ရှုကွက်အာရုံဆီ စိတ်ရောက်သွားအောင် တွန်းပို့တဲ့သဘောပါပဲ။ အေးစက်စက်လုပ်လို့ မရဘူး။ အပူတပြင်း စိတ်က ထားရပါတယ် ။ ပြီးတော့ နိုးနိုးကြားကြား တက်တက်ကြွကြွလည်း ရှိရပါတယ်။ ဖျတ်လတ်တဲ့ သဘောလည်း ရှိရပါတယ်။ ပါဠိလိုတော့ “အာတာပ” လုံ့လဝီရိယလို့ ခေါ်ပါတယ်။

သူက မိမိရဲ့ စိတ်ကို ကိုယ်မှန်းတဲ့အာရုံဆီရောက်အောင် တွန်းပို့ရတဲ့သဘောကတော့ အဲဒီမှာ စိတ်ကလေး မှီကပ်နေအောင်လို့။ မမှီကပ်ဘူးဆိုရင် လွတ်ထွက်သွားပြီးတော့ လောဘဖြစ်စရာနဲ့ကြုံရင် လောဘဖြစ်နိုင်တယ်။ ဒေါသဖြစ်စရာနဲ့ကြုံရင် ဒေါသဖြစ်နိုင်တယ်။ ချစ်စရာနဲ့တွေ့ရင် ချစ်မှု၊ မုန်းစရာနဲ့  တွေ့ရင် မုန်းမှု၊ ချစ်မှုမုန်းမှုဆိုတဲ့ လောဘ ဒေါသတွေ ဖြစ်နိုင် ပါတယ်။ ဒီတော့ ကိုယ်မှန်းတဲ့အာရုံဆီရောက်အောင် တွန်းအားပေး လိုက်တော့ ရှုကွက်အာရုံဆီ စိတ်ကလေး ရောက်နေပြီ ကပ်နေပြီဆို ရင် ဘယ်မှမပြေတော့ဘူး။ သို့သော် မှန်းတဲ့အာရုံဆီ တွန်းပို့တဲ့အာရုံဆီ တည့်တည့်မတ်မတ်ရောက်ဖို့ကလည်း လိုသေးတယ်။ အဲဒါကျတော့ ရွယ်စူးရပါတယ်။ ပါဠိလိုတော့ “ဝိတက္က” ခေါ်တာပေါ့လေ။ သမ္မာသင်္ကပ္ပလို့လည်း ခေါ်ပါတယ်။ ရွယ်စူးမှု၊ ရွယ်လည်းရွယ်ထားပြီဆိုရင် အဲဒီရွယ်ထားတဲ့အာရုံနဲ့ ရှုမှတ်တဲ့စိတ်နဲ့ ခွင်ကျတည့်နေတော့တာပဲ။ အားစိုက်တော့ အပျင်းထူတဲ့သဘောလည်း မရှိတော့ဘူး။ အပျင်းကိုလည်းပဲ လွှမ်းမိုးသွားပြီ။ အခြားအခြား ကိလေသာတွေလည်းပဲ ဖြစ်ခွင့် မရတော့ဘူး။ ကိလေသာလမ်းကြောင်း အကုသိုလ်လမ်းကြောင်းကို အားစိုက်မှုက ပိတ်ဆို့လိုက်တာ။ ကုသိုလ်လမ်းကြောင်းကြီး ပွင့်ထွက်လာတာ ။ ချိန်ရွယ်မှုကတော့  -တကယ်လို့ စိတ်ကို ကိုယ်မှန်းတဲ့ ရှုကွက် အာရုံမှာ ချိန်မထားရင် အထိန်းမရှိတော့ ချော်ထွက်သွားနိုင်တယ်။ ကာမဘုံသားတွေဆိုတော့ အများအားဖြင့် ကာမဝိတက်တွေ များတာပဲ။ ကောင်းတာတွေ မြင်ချင်, ကြားချင်, နံချင်မှ စားချင်, ထိချင်တာပေါ့။  ကောင်းသထက်ကောင်းတာတွေလည်း မြင် ကြား နံ စား ထိချင်တယ်။ အဲဒါ ကာမဝိတက်ခေါ်တယ်။ သူကတော့ ကိလေသာတစ်မျိုးပါပဲ။ ကာမစ္ဆန္ဒနီဝရဏလို့ ခေါ်ပါတယ်။ လောဘလို့လည်း ခေါ်ပါတယ်။ ဒီတော့ ချစ်ကွက်ပေါ်မှာ စိတ်ရောက်သွားရင် ကာမစ္ဆန္ဒနီဝရဏ ဖြစ်တယ်။ ကိလေသာတစ်မျိုးပါပဲ။  အဲဒါတွေ စဉ်းစားနေရင်လည်း ကာမစ္ဆန္ဒနီဝရဏ ဖြစ်တယ်။

မုန်းကွက်နဲ့ တွေ့သွားရင် မုန်းမှု၊ သတ်ဖြတ်ချင်တဲ့စိတ်တွေ ပေါ်လာရော ဗျာပါဒ ဝိတက်တွေ ဖြစ်နေတယ်။ သူတစ်ပါးကို မနာလိုဝန်တိုမှုတွေများကာ ဆင်းရဲဒုက္ခ ပေးလိုတဲ့သဘော၊ ဒါကတော့ ဝိဟိသာဝိတက်လို့ ခေါ်ပါတယ်။ ကာမဝိတက် ဗျာပါဒဝိတက်နဲ့ ဝိဟိသာဝိတက် ကာမဝိတက် ဒီဝိတက်(၃)မျိုးထဲက တစ်မျိုးမျိုးကတော့ ဖြစ်မြဲပါပဲ။ အများအားဖြင့်တော့ ကာမဘုံသား ပဲ ဖြစ်ပါတယ်။ အခု ဖောင်းခိုက်မှာ ဖောင်းတဲ့အာရုံနဲ့ ရှုမှတ်တဲ့စိတ်ကို ရွယ်စူးထားတော့ လွဲချော်တဲ့ အကုသိုလ် ဝိတက်(၃)မျိုး ဘာမှ ဖြစ်ခွင့် မရှိတော့ဘူး။ ဝီရိယနဲ့ ဝိတက္ကပေါ့လေ။ ဝီရိယက အဓိကကတော့ ထိနမိဒ္ဓကို လွှမ်းမိုးထားပြီးတော့ ဝိတက်ကတော့ မိစ္ဆာဝိတက်တွေ မဝင်ရအောင်လုပ်တဲ့ သဘောပါပဲ။ တစ်နည်း အားဖြင့် အားထုတ်ခါစမှာ ယောဂီပုဂ္ဂိုလ်ဟာ ပျင်းရိမှုဆိုတာ ဖြစ်တတ် ပါတယ်။ နည်းနည်းလေးထိုင်လိုက်ရင် ပျင်းလာတာပဲ။ ငိုက်လာတာပဲ တာပဲ။ အိပ်ချင်လာတာပဲ။ စိတ်က ကျုံ့ပြီးတော့ ပျစ်ခဲပြီးတော့ လန်းလန်း ဆန်းဆန်း မရှိတော့ဘူး။ ဒီအခါမျိုးမှာ စိတ်ကိုပွင့်လင်းစေတတ်တဲ့ ဝိတက်လိုလာတယ်။ ပေါ်တဲ့အာရုံနဲ့ ရှုမှတ်တဲ့စိတ်ကို ရွယ်စူးပေးတော့ စိတ်ကလေးဟာ ပွင့်ပွင့်ကားကား လန်းလန်းဆန်းဆန်း ဖြစ်လာတာပဲ။ ဒီတော့ ထိနမိဒ္ဓနဲ့ ဝိတက်ဟာ ဖြောင့်ဖြောင့်ဆန့်ကျင်ဘက်ပဲ။ ဆန့်ကျင်ဘက်နဲ့တိုက်ပေးတော့ ဝိတက်က နိုင်သွားပြီဆိုရင် စိတ်ဟာ ပြန့်ပြန့်ကားကားလေး၊ လန်းလန်းဆန်းဆန်းလေး၊ ပွင့်ပွင့်လင်းလင်း လေး ဖြစ်လာတော့တာပဲ။ အဲဒီလိုအကျိုးရှိပါတယ် ။

ဟိုလွန်ခဲ့တဲ့ ရက်အနည်းငယ်က သတ္တဝါများကြုံနေရတဲ့ ဆင်းရဲဟာ လောဘ, ဒေါသ အစရှိတဲ့ ကိလေသာတွေ အရင်းအမြစ် ရှိတယ်။ အရင်းခံရှိတယ်လို့ ပြောခဲ့ပါတယ်။ ကြုံရတဲ့ဆင်းရဲမှန်သမျှဟာ လောဘ ဒေါသ အစရှိတဲ့ ကိလေသာတွေကြောင့်ချည်းပါပဲ။ သူတို့ဟာ ဖြစ်ဆဲကာလမှာလည်းပဲ ကိလေသာမကင်းတဲ့ပုဂ္ဂိုလ်ကို နှိပ်စက်တယ်၊ ပင်ပန်းစေတယ်၊ လောင်မြိုက်တယ်၊ ပူတယ်၊ ကိလေသာတွေကို အလိုလိုက်ပြီးတော့ မထိန်းနိုင် မသိမ်းနိုင်ဘူးဆိုရင်လည်း လူ့သဘာဝအကျင့်ဆိုးတွေပေါ်ပေါက်ပြီးတော့ နောက်နောင်အခါတင်မက ဒီဘဝမှာတင်ပဲ အဲဒီဒဏ်ခံရတယ် ။ ကိလေသာအရင်းခံတဲ့ ဆင်းရဲတွေကို ခံရတယ်။ ကိလေသာရဲ့ အပြစ်တွေကို ပြောခဲ့ပါတယ်။ ကိလေသာတွေက သူ့ဟာနဲ့သူ ကိလေသာမကင်းတဲ့ပုဂ္ဂိုလ်ကို ပင်ပန်း အောင် နှိပ်စက်၊ ပူလောင်အောင် လောင်မြိုက်တတ်တာချည်းပါပဲ။ ဒါပေမယ်လို့ အားထုတ်စ ယောဂီပုဂ္ဂိုလ်မှာတော့ ထိနမိဒ္ဓဟာ အတွင်း ကျကျ အရင်းခံကျကျ အနီးကပ်ဆုံး အနှိပ်စက်နိုင်ဆုံး ရန်သူပါပဲ။ အဆိုးဝါးဆုံးရန်သူပဲ။ ထိနက စွမ်းအားမထုတ် တွန့်ဆုတ်တဲ့သဘော၊ သူက ကုသိုလ်ရေးမှာဆိုရင် စွမ်းအား တယ်မထုတ်ချင်ဘူး။ လူမှုရေးမှာဆိုရင် စွမ်းအားတွေကထွက်လာတယ်။ ကာမဂုဏ်ရေးမှာဆိုရင် စွမ်းအားတွေက ဘယ်လိုဘယ်လိုထွက်လာမှန်းမသိဘူး။ ဒီတော့ ထိနက စွမ်းအားမထုတ် တွန့်ဆုတ်တဲ့သဘော။ မိဒ္ဓက စွမ်းအားတွေ ကုန်ခမ်းပြီးတော့ ပင်ပန်းနွမ်းနယ်ပြီးတော့ ရေသာခိုတဲ့သဘော သက်တောင့်သက်သာနေချင်တဲ့သဘောရှိပါတယ်။ ဒီလောက် အားကောင်းပြင်းထန်တဲ့ ကိလေသာကို ဝီရိယနဲ့နှိမ်နင်းဖို့ သိပ်အရေး ကြီးပါတယ်။ ပြီးတော့ သူ့ရဲ့ ဆန့်ကျင်ဖက် ဝိတက်နဲ့လည်းပဲ တိုက်ပေးရပါတယ်။ ညှပ်ပြီးတော့တိုက်နိုင်မှ ဒီရန်သူကို အသာစီးရနိုင်ပါတယ်။ ဒါမို့လို့ အားထုတ်စ ယောဂီပုဂ္ဂိုလ်တွေမှာ ပေါ်တဲ့အာရုံဆီကို စိတ်ရောက်အောင် အပူတပြင်း အားစိုက်ပါ၊ တွန်းအားပေးပါဆိုတာ ရွယ်ချိန်ပေးပါဆိုတာ ထိနမိဒ္ဓကို အသာစီးရအောင်လို့ တိုက်တွန်းတဲ့ သဘောပါပဲ။

တကယ်လို့သာ ဒီလိုအားမစိုက်ဘူး၊ ရှုမှတ်တဲ့စိတ်နဲ့ အာရုံနဲ့ ရွယ်စူးမှု မရှိဘူးဆိုရင် စိတ်ဟာ အေးစက်စက် လျော့ရဲရဲ မနိုးမကြားဘဲနဲ့ ဆေးလေးၾကန်နေမှာပါပဲ။ ရွယ်စူးမှုမရှိဘူးဆိုရင် စိတ်က အမြဲကျုံ့ပြီးတော့ ပြန့်ပြန့်ပြူးပြူးရှိမှာ မဟုတ်ပါဘူး။ ရွယ်စူးမှုရှိထား တဲ့စိတ်ဟာ ပြန့်ကားလှုပ်ရှားပြီးတော့ ပြန့်ပြန့်ပြူးပြူး လေး၊ ပွင့်ပွင့် ကားကားလေး၊ လန်းလန်းဆန်းဆန်းလေး ဖြစ်လာတာပဲ။ အဲဒါ ဘာကြောင့်လဲဆိုတော့ “ဖောင်းမှုပေါ်ခိုက် စိတ်အားစိုက် ချိန်ကိုက်မြဲစွာ ရှုမှတ်ပါ”ဆိုတဲ့ အဆိုအမိန့်အတိုင်း လက်တွေ့ကျကျ သုတာဝုဓ အာဂမသုတနဲ့ အဓိဂမသုတ-တစ်နည်း စာတွေ့သုတနဲ့ လက်တွေ့ သုတ ပြည့်စုံ နေတဲ့အတွက် “အကုသလံ ပဇဟတိ” ဆိုတာ အကုသိုလ်ကို ပယ်ရှားလိုက်တာပဲ။ အေးစက်စက် လျော့ရဲရဲစိတ်နဲ့ ကျုံငုံပြီးတော့ လန်းလန်းဆန်းဆန်းမရှိတဲ့စိတ်ကို ပယ်ရှားလိုက်တာ နောက် ဘာဖြစ်လာလဲဆိုတော့ နိုးကြား ဖျတ်လတ်တဲ့စိတ် ပဲ။ “ကုသလံ ဘာဝေတိ”တဲ့။ တက်ကြွနိုးကြား ဖျတ်လတ်တဲ့စိတ်၊ ပွင့်ပွင့်ကားကား လှုပ်လှုပ်ရှားရှား ပွင့်လန်း တဲ့စိတ် ကုသိုလ်ဝင်လာတယ်။ အဲဒီကုသိုလ်စိတ်ကို ဖြစ်ပွားစေတယ်။ ဘယ်လောက် ကောင်းသလဲဆိုတာ ကြည့်ပေါ့။ လက်ငင်းအကျိုး ရသွားတာပဲ။ ဒီတော့ ဝီရိယက ထိနမိဒ္ဓဦးစီးတဲ့ အကုသိုလ် လမ်းကြောင်း ကို ပိတ်ဆို့ ပြီးတော့ ကုသိုလ်လမ်းကြောင်းပွင့်ထွက်သွားအောင် ပြုလုပ် ပေးလိုက်တယ်ဆိုတာ သိပ်ထင်ရှားတာပဲ။ ဝိတက်က စိတ်ကို လန်းဆန်း အောင်၊ ပွင့်ကားအောင် ၊ လှုပ်လှုပ်ရှားရှားလေးဖြစ်အောင် လုပ်ပေး လိုက်တယ်ဆိုတာ သိပ်ထင်ရှားတယ်။

အကုသိုလ်ကိုပယ်နိုင်တယ်ဆိုတာက ဝီရိယနဲ့ဝိတက်ဖြစ်တဲ့ အခိုက်အတန့်လေးသာ အချိန်ပိုင်း အချိန်ပိုင်းလေး ပယ်နိုင်ပါတယ်။ သူတို့မဖြစ်တဲ့အခါမှာတော့ မပယ်နိုင်ပါဘူး။ သူတို့မဖြစ်တဲ့အခါ “အကုသလံ ပဇဟတိ” မဖြစ်နိုင်ဘူး။ ဒီတော့ စက္ကန့်ပိုင်းမလပ် ဖောင်းမှု ပိန်မှုကအစ ရှုကွက်အာရုံဆီရောက်အောင် အားစိုက်ဖို့ လိုတယ်၊ ရွယ်စူးပေးဖို့လိုတယ်ဆိုတာ သိပ်ထင်ရှားပါတယ်။ အားစိုက် ရွယ်စူးပေးသလောက် ရှုကွင်းအာရုံဆီ ရှုမှတ်တဲ့စိတ်ရောက်ပြီးတော့ ဟည့်တည့်သွားသလောက် အဲဒီအခိုက်အတန့် အခိုက်အတန့်မှာ ထိနမိဒ္ဓဦးစီးတဲ့ အကုသိုလ်တွေ အမြဲတစေ ပယ်နိုင်တော့တာပါပဲ။ ပယ်နိုင်ပြီဆိုရင် သတိ အစရှိတဲ့ သတိဦးစီးတဲ့ကုသိုလ်တွေ စီးဆင်းပြီး တော့ လိုက်လာတော့တာပဲ။ အမြဲတစေ ကြောင့်ကြစိုက်ပေးနေတော့ ရွယ်စူးပေးနေတော့ ရွယ်စူးရာ ရှုကွက်အာရုံမှာ စိတ်ကလေးဟာ ကပ်လာတာ၊ နစ်မြုပ်ဝင်သွားသလို ကပ်လာတယ်။ ပဋ္ဌာနဆိုတဲ့ အတိုင်း ကပ်ပြီးတော့တည်နေတဲ့ သတိကလေးဖြစ်လာတယ် ။ စွဲမြဲတဲ့ သတိကလေး ဖြစ်လာပြီဆိုရင် ဘယ်မှမပြေးတော့ဘူး။ သမာဓိလည်း ဖြစ်လာတော့တာပဲ။ သတိ သမာဓိ ဦးစီးတဲ့ ကုသိုလ်တရားတွေ စီးဆင်း ပြီး လာတော့တာပဲ။ အဲဒါကို ပဲ “ကုသလံ ဘာဝေတိ” ကုသိုလ်တရား တွေ ဖြစ်စေတယ်၊ ပွားစေတယ်ဆိုတာ ဒါကိုပြောတာပါပဲ။ ဒီတော့ စဉ်းစားကြည့်ပေါ့။ ဒီအခိုက်အတန့်မှာ အကုသိုလ်ကိုပယ်ရှားပြီးတော့ ကုသိုလ်တရားတွေ ဖြစ်ပွားစေတယ်ဆိုရင် အကုသိုလ်ကိုပယ်ပြီဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ပယ်နိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ကုသိုလ်ကို ဖြစ်ပွား စေတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ အဲဒီအခိုက်အတန့်မှာ ထိနမိဒ္ဓအပါ အဝင် ရာဂခေါ်တဲ့ လောဘလည်း ဖြစ်ခွင့်မရဘူး၊ ဒေါသခေါ်တဲ့ ကိလေသာလည်း ဖြစ်ခွင့်မရဘူး၊ အဲဒီကနေပြီး သန့်စင်နေတာပဲ။ ဘယ်သူသန့်စင်တာလဲ၊ မိမိသန့်စင်တာပဲ။ သန့်စင်အောင်လို့ မိမိ ကိုယ်ကို ထိန်းထားရာရောက်တယ်။ ထိန်းထားလိုက်တယ်။ ဆောင်ထားလိုက်တယ်။

သန့်စင်တဲ့စိတ်ကလေးတွေ ဆက်ကာဆက်ကာ ဖြစ်ပွားစေခြင်းအားဖြင့် မိမိကိုယ်ကို သူတော်စင်ဖြစ်အောင် သန့်စင် အောင် ပြုလုပ်နေတယ်တဲ့။ ဒီလို အဓိပ္ပာယ်ရပါတယ်။ သတိပဋ္ဌာန်တရားအားထုတ်တယ်ဆိုတာ မိမိရဲ့ သန္တာန်က မိမိကိုယ်ထဲက လိုအပ်တဲ့ စိတ်ပိုင်းဆိုင်ရာအားတွေ ထုတ်ယူတဲ့သဘောပါပဲ။ အဲဒါကို ဘုန်းကြီးတို့ဗမာလိုတော့ “တရားအားထုတ်” ဓမ္မ ပါပဲ အားထုတ်တဲ့။ အဓမ္မတွေထုတ်တာ မဟုတ်ဘူး။ ဓမ္မတွေ ထုတ်ယူတာ။ အဲဒီဓမ္မတွေ များများထုတ်ယူနိုင်ကြပါစေလို့ တိုက်တွန်းရင်းနဲ့ ဒီနေ့ တရား အဆုံးသတ်လိုက်ပါတယ်။  ပဏ္ဍိတာရာမ ရွှေတောင်ကုန်းဆရာတော်

ကြာမြင့်ချိန်
အမျိုးသမီးတစ်ယောက်က လက်ကိုင်ပဝါပေါ်မှာ သူ့ပုံတူဆွဲခိုင်းတယ်။ပီကာဆိုက ချက်ချင်း ကောက်ခြစ်ပေးလိုက်တယ်။ပြီးတော့ ဒေါ်လာတစ်သောင်း တောင်းလိုက်တယ်။
`စက္ကန့်သုံးဆယ်ပဲကြာတာကို ဒေါ်လာတစ်သောင်းဆိုတော့မများဘူးလားရှင့်´
`အနှစ်လေးဆယ်နဲ့စက္ကန့်သုံးဆယ်ပါခင်ဗျာ။တန်ပါတယ်´လို့ ပီကာဆိုက ပြန်ပြောလိုက်ပါတယ်။ကျွန်တော်တို့ သူတစ်ပါးရဲ့အရင်းအနှီးကို လေးစားဖို့ထိုက်တန်ပါတယ်။မင်္ဂလာမနက်ခင်းပါ။ အောင်မှူးဝေ

ကဗျာသင်ကြားရေး
ကျွန်ုပ်သည် ကဗျာကိုသင်ပြသောအခါ ကဗျာဟူသည် လူသတ္တဝါတို့၏စိတ်ဓာတ်သဘောကို ဖွင့်ဖော်ထားသော စာမျိုးဖြစ်ကြောင်း၊လောကအကြောင်းကို ဖွင့်ဖော်ထားသောစာမျိုးဖြစ်ကြောင်း တပည့်များ၏စိတ်၌ထင်မြင်လာအောင်သင်ပြသည်။စာဆို၏သဘောကိုသင်ပြသောအခါမှာလည်း စာဆိုက သီဆိုဖော်ပြသော စိတ်ဓာတ်၏တန်ခိုးသတ္တိကို ဖော်ထုတ်၍သင်ပြသည်။အတိုချုပ်မှာ ကျွန်ုပ်သည်တပည့်များအား သူတို့၏စိတ်ကူးဉာဏ် ပွင့်လန်းလာအောင်သူတို့၏ စိတ်ဓာတ်အခံနိုးကြားလာအောင်သင်ပြခြင်းဖြစ်သည်။ အင်္ဂလိပ်စာပါမောက္ခ လက်ဖကေဒီယိုဟန်းတိုကျိုတက္ကသိုလ်ဂျပန် ။ ဇော်ဂျီစာရှုခင်း- ၄။
ဝိပဿနာရှုရတယ်ဆိုတာဝေဒနာ ဖြစ်ပြီးနောက်တဏှာဆက်မဖြစ်အောင်ရှုမှတ်ရတာပဲ မဟာစည်ဆရာတော်

By Editor

Leave a Reply

Your email address will not be published. Required fields are marked *