စာပြင်စာတည်း၏ မှတ်စုများ ( ၁၂)

မြန်မာစာပေ၌ ကျွန်တော်တို့တစ်တွေ အသေအချာမသိသေးသော အကြောင်းအရာပေါင်း မြောက်မြားစွာ ရှိ၏။ တချို့က သိချင်စိတ်ရှိပြီး သိခွင့်မသာ၍ မသိကြခြင်း ဖြစ်၏၊တချို့ကတော့ သိခွင့်သာပါလျက်နှင့် သိချင်စိတ်မရှိသောကြောင့် မသိကြခြင်း ဖြစ်သည်။ ခင်ဗျားဘာသာ ဘာဖြစ်ဖြစ် ခင်ဗျားသိချင်မသိချင်တာ ခင်ဗျားကိစ္စဖြစ်၏။ ကျွန်တော့်ကိစ္စကတော့ စာပြင်ရင်း တွေ့လေသမျှ တွေ့ရှိချက်ကလေးများကို စုစည်းတင်ပြလိုက်ပါသည်။ စကားတစ်လုံး စာတစ်ကြောင်းက ဘဝကောင်းအောင်၊ ဘဝဆိုးအောင် ပြောင်းလဲပေးနိုင်စွမ်းရှိ၏။ ထိုနှလုံးသွင်းဖြင့် မေတ္တာမူပါသည်။ လိုသော်ယူကြ အသုံးချနိုင်ကြပါစေသတည်း။

အောင်မှူးဝေ

ကြောက်ရတယ်။ တွင်းသင်းမင်းကြီး ဦးထွန်းညိုက သူ့သား မင်းရွာစားကိုဆုံးမတဲ့ ကြောက်ကြီး ကိုးလုံးဆုံးမစာ။ ဖွဖွရွတ်ဆိုမိတယ်။ ” မေတ္တာကုန်ခန်း၊စိတ်မချမ်း၊ညှိုးနွမ်းမည်ကိုကြောက်” ဒီတစ်ပိုဒ်ကို ထပ်ကာထပ်ကာ ရွတ်မိတယ်။ သေရတဲ့မသာချင်းအတူတူ မေတ္တာငတ်ပြီး သေရသူက ပိုနာတယ်။သေတာများ နာတယ်လို့ရှိသလား မေးစရာ။နာတာပေါ့။တချို့လူတွေသေပလားဆိုမှဖြင့် သူရော သူ့မိသားစုဆွေမျိုးတွေပါ နာပြီးကျန်ရစ်ခဲ့တာပါပဲ။ရင်နာရင်နာ မဟုတ်ရင် လူနာ ဘဝနာ။ အောင်မှူးဝေ

အာနာပါနဿတိ။ အာနာပါနဿတိ ထူထောင်ရခြင်း၏ အခြားအကြောင်းတစ်ရပ်မှာလည်း လောဘ၊ ရွံရှာမနှစ်မြို့ခြင်း (ဝါ) ဒေါမနဿနှင့် မောဟတရားများကို စင်ကြယ်စေရေးအတွက်ဖြစ်သည်။ယင်းတို့ကို စင်ကြယ်စေရန်ဆိုလျှင် ယင်းတို့ရှိနေပါကလားဟူ၍ သိနေဖို့က စတင်ရ၏။အာနာပါနလုပ်ခြင်းဖြင့် မိမိ၏ စိတ်အခြေအနေကို ဆင်ခြင်ခွင့်ရ၏။ စိတ်ငြိမ်းသက်အေးချမ်းခိုက်တွင် အသက်ရှူမှုသည် ညင်သာပျော့ပျောင်းသည်။ စိတ်ငြိုငြင်ခြင်းတစ်မျိုးမျိုး ဥပမာစိတ်ဆိုးမှု၊ မုန်းတီးမှု၊ ကြောက်ရွံ့မှု၊ ရာဂစိတ်တက်ကြွမှု တစ်ခုခုဝင်ရောက်လာပြီဆိုလျှင်အသက်ရှုခြင်းသည် ကြမ်းတမ်းလာသည်။လေးလံလာသည်။ မြန်ဆန်လာသည်။ဤနည်းအားဖြင့် အသက်ရှူမှု အခြေအနေပြောင်းလဲခြင်းကို အကဲခတ်၍ ရင်တွင်းမှာဖြစ်ပေါ်နေသော အကုသိုလ်တရားများကိုချေဖျက်ရန် အခွင့်အလမ်းကို ရရှိနိုင်၏။ ။
ကမ္ဘာ့ဝိပဿနာ သာသနာပြု တရားပြဆရာကြီး၊ဝဏ္ဏကျော်ထင်၊ မဟာသဒ္ဓမ္မဇောတိကဓဇ၊ဆရာကြီး ဦးအက်(စ်) အင်(န်) ဂိုအင်ကာ။ ဦးတင်ဦး (မြောင်) မြန်မာဘာသာပြန်-“အနေတတ်ပါစေ” စာအုပ်၊စာမျက်နှာ (၁၁၆)။

စိတ်အညစ်အကြေးကင်းပုံ ။ မနေ့က သတိပဋ္ဌာန်ဂုဏ်ရည် ခုနစ်မျိုး၊ ရနိုင်တဲ့အကျိုး ခုနစ်မျိုးကို ဂုဏ်ရည်ပါပဲလို့ အကျဉ်းချုပ်ပြီး ပြောသွားပါတယ်။ အကျယ်တွေကတော့ ပြောစရာအများကြီး ရှိပါတယ်။ နောက် လက်တွေ့ပိုင်းရောက်တဲ့အခါ ထိုက်သလောက်တော့ပါပါလိမ့်မယ်။ အဲဒီအကျိုးခုနစ်မျိုးထဲမှာ ပထမဆုံး “သတ္တာနံ ဝိသုဒ္ဓိယာ” ဧကာယနော မဂ္ဂါဆိုတာ အဲဒါလိုရင်းပါပဲ။ ဘုရား သမ္မာသမ္ဗုဒ္ဓ ပစ္စေကဗုဒ္ဓ အရိယသာဝကလောင်း အစရှိတဲ့ သတ္တဝါအများ စိတ်အညစ်အကြေး ကင်းဝေးစင်ကြယ်ဖို့ရန် ဒီလမ်းဟာ သေချာတဲ့အကျင့်လမ်းကြောင်းပဲဆိုတာ၊ ယင်းလမ်းကြောင်းကတော့ ဟောဒီသတိပဋ္ဌာန်တရားလေးပါးပဲဆိုတာ မြတ်စွာဘုရားက လက်ညှိုးထိုး တိတိကျကျ လမ်းညွှန်ကြားပါတယ်။ စိတ်အညစ်အကြေးဟာ လိုရင်းကတော့ သုံးမျိုးပါပဲ ။ ရာဂမလ-တပ်မက်တဲ့အညစ်အကြေး တစ်ခု၊ မက်မောတဲ့လောဘပါပဲ။ ဒေါသမလ-စိတ်ပျက် စိတ်ဆိုး မုန်းညှိုးပြစ်မှားတဲ့ အညစ်အကြေးတစ်ခု၊ မောဟမလ-အမှန်တရားနဲ့ စပ်ပြီးတော့ တွေဝေမှုန်မွှား မပြတ်သားမှု တစ်နည်း မိုက်မဲမှု၊ အဲဒါ တွေက စိတ်အညစ်အကြေးတွေလို့ ခေါ်ပါတယ်။ အဲဒီ စိတ်အညစ် အကြေးတွေထဲက အစွန်းရောက်တဲ့ နည်းနည်းဒီဂရီများလာလို့ရှိရင် အစွန်းရောက်တဲ့အပိုင်းလည်း ဖြစ်လာတတ်ပါတယ်။

ဝိသမလောဘ, ဝိသမဒေါသ, ဝိသမမောဟလို့ ဆိုရတယ်။ ရှိသင့်ရှိထိုက်တဲ့ လောဘ ဒေါသ မောဟ အညစ်အကြေးထက် အားတွေပိုကောင်းလာတော့ မက်မောမှုတွေ၊ အညှိုးထားမှုတွေ၊ မိုက်မိုက်ကန်းကန်း အရမ်းတွေဝေမှုတွေ၊ အဲဒါတွေလည်း ဒီထဲ ပါပါတယ်။ ရိုးရိုးအညစ်အကြေး ထက်ကျော်ပြီးတော့ အစွန်းရောက်တဲ့အညစ်အကြေးတွေပေါ့။ အဲဒါတွေ ကင်းဝေးစင်ကြယ်ဖို့ပဲ။ အစွန်းရောက်တဲ့ လောဘ ဒေါသ မောဟဆိုတာကတော့ တစ်ကိုယ်ကောင်းဆန် စိတ်ထားမျိုးပေါ့။ ကိုယ်သာ ချမ်းသာစေချင်တယ်၊ ကိုယ်သာ အဆင်ပြေစေချင်တယ်၊ ကိုယ်သာ အရာရာမှာ  အောင်မြင်စေချင်တယ်၊ အခြားပုဂ္ဂိုလ်တွေ ဘယ်လိုနေနေ စိတ်ထားမျိုးကတော့ အစွန်းရောက်သွားပါပြီ၊ အဲဒီလို အစွန်းရောက်တဲ့ ဒေါသဆိုတာ ဗျာပါဒပါပဲ။ ဗျာပါဒဆိုတာ မိမိ သူတစ်ပါး အကျိုးစီးပွားတွေကို ပျက်စီးစေတတ်တဲ့ အစွန်းရောက်တဲ့ ဒေါသပါပဲ။ အမှန်က တော့ သူတစ်ပါးအကျိုးစီးပွားမလိုလားတဲ့ ဒေါသတစ်မျိုးပါပဲ။ သူတစ်ပါးအကျိုးစီးပွားမလိုလားတော့ မေတ္တာခမ်းခြောက်တဲ့သဘော မေတ္တာရဲ့ ဆန့်ကျင်ဘက်ပါပဲ။ ဒါလည်း အစွန်းရောက်တဲ့ဒေါသ ခေါ်ပါတယ်။ ပြီးတော့ ကုသိုလ်ကောင်းမှုက ကောင်းကျိုးရတယ်၊ အကုသိုလ်က ဆိုးပြစ်တွေရတယ်ဆိုတာ ကောင်းကျိုးဆိုးပြစ်ကို မသိတာ၊ တွေဝေ မပြတ်သားတာ၊ မိုက်မဲတဲ့သဘော အစွန်းရောက်တဲ့ မောဟပါပဲ။

အဲဒါမျိုးရှိလာရင် ဟိုဘက်ကိုတော့ ကျူးလွန်တော့တာပါပဲ။ စော်ကားတဲ့အပိုင်းထိ၊ လူ့သဘာဝအကျင့်ဆိုးတွေဖြစ်တဲ့အထိ သွားတော့တာပါပဲ။ သာမန်ဖြစ်တဲ့ စိတ်အညစ်အကြေးနဲ့၊ မကင်း စကောင်းတဲ့ စိတ်အညစ်အကြေးနဲ့၊ အစွန်းရောက်တဲ့ လောဘ ဒေါသ မောဟတွေ၊ လူတွေ ဖိစီးနှိပ်စက်ခံနေရတာ။ ဒါတွေနဲ့ သတ္တဝါ တွေဟာ ညစ်နွမ်းနေတာပဲ တာဝန်ခံတယ်။ အဲဒါတွေအတွက် မြတ်စွာဘုရားက တာဝန်ခံတယ်။ ရဲရဲတောက် တာဝန်ခံတယ်။ စင်ကြယ်ဖို့ရန် တစ်ကြောင်းတည်းသောခရီး၊ သေချာတဲ့လမ်းကြောင်းပဲ။ ဘယ်ပုဂ္ဂိုလ် ကမှ ဒီလိုအာမခံချက် မပေးပါဘူး။ ဗုဒ္ဓတစ်ဆူသာပဲ အာမခံချက် ပေးပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရှေးရှေးပွင့်တော်မူသွားတဲ့ မြတ်စွာဘုရားအဆူဆူတွေ၊ ဗုဒ္ဓဂေါတမကိုယ်တိုင် နောင်ပွင့်မယ့် မေတ္တေယျဗုဒ္ဓတွေ၊ ပစ္စေကဗုဒ္ဓတွေ၊ အရိယသာဝကတွေဟာ ဒီလမ်းကြောင်းကိုလိုက်လို့ အခုနကပြောခဲ့တဲ့ စိတ်အညစ်အကြေးနဲ့ အစွန်း ရောက်တဲ့ လောဘ ဒေါသ မောဟတွေ ကင်းပြီးတော့ သန့်ရှင်းသွားကြတာပဲ။ ရဟန္တာဖြစ်သွားတယ်လို့ ဆိုလိုတယ်။ ဒီလမ်းလိုက်ရင် ကိလေသာကုန်ခမ်းပြီး ရဟန္တာဖြစ်နိုင်တယ်လို့ ဒီလို ဆိုလိုပါတယ်။

လောဘ ဒေါသ မောဟ ဒီသုံးမျိုးကို ခေါင်းတပ်ပြီးလို့ ပြပေမယ်လို့ အမှန်ကတော့ အညစ်အကြေးတွေမှန်သမျှဆိုရင်၊ စိတ်ညစ်ညမ်းမှုတွေမှန်သမျှဆိုရင် အကုန်လုံးပဲ ကင်းဝေးစင်ကြယ်ပါတယ်။ မာန်မာနတွေ၊ မနာလိုမှု၊ ဝန်တိုမှုတွေ အယူအဆလွဲမှားမှုတွေ, ပြီးတော့ အရှက်အကြောက်မဲ့မှုတွေ ဒါတွေအကုန်လုံး စိတ်ညစ်ညမ်းမှုမှန်သမျှ အကုန်လုံးသန့်စင်သွားဖို့ရန်အတွက် အာမခံပါတယ်။     ဖောင်းမှုပိန်မှုကအစ ထင်ရှားပေါ်လာတဲ့ ရှုကွက်အာရုံတိုင်းကို ရိုရိုသေသေ စေ့စေ့စပ်စပ်နဲ့ ချိန်သားကိုက် စိတ်အားစိုက်ပြီးတော့ စွဲမြဲစွာရှုမှတ်လို့ တောင့်တင်းလှုပ်ရှား ရွေ့သွားတဲ့ သဘောလေးတွေ သိသိ သိသိနေတဲ့ အခိုက်အတန့်မှာ ဒီသတိပဋ္ဌာန်အလုပ်ဟာ စိတ်အညစ်အကြေး ကင်းဝေးစင်ကြယ်တာပဲဆိုတာ ခန့်မှန်းလို့ရပါတယ်။ ရှုကွက်အာရုံပေါ်မှာ စိတ်ကလေးစိုက်ကျပြီးတော့ သဘောမှန်လေးတွေ သိနေတဲ့အခိုက်အတန့် စဉ်းစားကြည့်ပေါ့။ အဲဒီစိတ်ကလေးတွေ ဘာဝနာစိတ်ကလေးတွေ ဖြစ်နေတဲ့အခိုက်အတန့် ဝိသမလောဘ ဆိုတာ မဖြစ်ဘူး။ လိုချင်တာမရှိဘူး။ ကောင်းတာတွေမြင်ချင်တာ၊ ကြားချင်တာ၊ နံချင်တာ အစွန်းရောက်တဲ့လောဘလည်း မရှိဘူး။ စိတ်ပျက်စိတ်ဆိုး မုန်းညှိုးပြစ်မှားတဲ့ ဒေါသတွေလည်း ကင်းနေတာပဲ။ သဘောမှန်လေးတွေသိနေတော့ သဘာဝလက္ခဏာလေးတွေလည်း သိနေတယ်။ သူတို့ရဲ့ ပြောင်းလဲပုံကိုလည်း သိနေတယ်။ စိတ်က ရှင်းနေတယ်။

စိတ်က ရှင်းနေတယ်ဆိုတော့ မှတ်မိတဲ့အာရုံပေါ်မှာ စိတ်က တွေဝေမှုန်မွှား မပြတ်သားတာ မရှိတော့ဘူး။ မောဟလည်း ကင်းနေပြီ။ ဒီအခိုက်အတန့်မှာ မာနလည်းမရှိဘူး။ မနာလိုတာ ဝန်တို တာလည်း မရှိဘူး။ အရှက်အကြောက်မဲ့တာတွေလည်း မရှိဘူး။ ငိုက်မျဉ်းတာလည်း မရှိဘူး။ ပျံ့လွင့်တာလည်း မရှိဘူး။ အညစ်အကြေး တွေ ညစ်နွမ်းမှုတွေ ကင်းနေတာပဲ။ တစ်ချက်မှတ် တစ်ချက်သိသွားရင် တစ်ချက် အဲဒါလေးတွေ ကင်းကင်းသွားတာပဲ။ တစ်မိနစ်လောက် မှတ်နိုင်ရင် တစ်မိနစ်စာ အကြိမ်ပေါင်း ၆၀၊ တစ်စက္ကန့်မှာ တစ်ကြိမ်ကျနဲ့တွက်ရင် အကြိမ်ပေါင်း ၆၀ စိတ်ညစ်ညမ်းမှုတွေ ကင်းဝေး စင်ကြယ်နေတာပဲ။ အဲဒီလိုနည်းနဲ့ ဒီသတိပဋ္ဌာန်အလုပ်ဟာ စိတ်ညစ်ညမ်းမှုတွေ ကင်းဝေးစင်ကြယ်ဖို့ရန်အတွက် သေချာတဲ့လမ်းကြောင်းပဲ ဆိုတာ ခန့်မှန်းလို့ရပါတယ်။

ရာဂ ဒေါသ မောဟ နဲ့ စိတ်တွေလှုပ်ရှားတယ်ဆိုတာ စိတ်မှာ လိုအပ်တဲ့အားတွေ မပြည့်လို့။ သောကဖြစ်စရာ စသည် နဲ့ကြုံတဲ့အခါ မျိုးမှာ ပူဆွေးရတာ တမ်းတငိုကြွေးရတာ စိတ်မချမ်းမသာမှုတွေ ဖြစ်တယ်ဆိုတာ စိတ်မှာက ရင့်ကျက်မှုမရှိလို့။ စိတ်အားမပြည့် စိတ်ရင့်ကျက်မှုမရှိတာ ဘာဖြစ်လို့လဲဆိုတော့ အညစ်အကြေးတွေ ရှိနေသေးလို့။ အဲဒီစိတ်အညစ်အကြေးတွေ ကင်းရင်ကင်းသလောက်၊ သန့်ရှင်းရင် သန့်ရှင်းသလောက် ပြီးပြည့်စုံလာပြီဆိုရင် စိတ်အညစ် အကြေးတွေမကင်းလို့ဖြစ်ရတဲ့ သောကစသည်လည်းပဲ ဘယ်နည်းနဲ့မှ ဖြစ်နိုင်စရာ မရှိတော့ဘူး။ ဒါကြောင့် စိတ်သန့်ရှင်းမှုဟာ အရေးအပါ ဆုံးပဲလို့ ခုနက ဘုန်းကြီးပြောခဲ့ပါတယ်။ အဲဒီတော့ .. ဒီဟာနဲ့စပ်ပြီး တော့ ရုပ်ပိုင်းဆိုင်ရာနဲ့ဆက်စပ်ပြီးတော့ ညစ်ညမ်းတယ် သန့်ရှင်းတယ် ဆိုတဲ့ အသုံးအနှုန်း အခေါ်အဝေါ် သတ်မှတ်ချက် ဟိုတုန်းကလည်း မရှိခဲ့ပါဘူး။ အခုလည်း မရှိပါဘူး။ နောင်လည်း ရှိမှာမဟုတ်ပါဘူး။ ရုပ်ညစ်နွမ်းမှုကြောင့် သတ္တဝါတွေညစ်နွမ်းရတယ်၊ ညစ်ပတ်ရတယ် ဆိုတာ ဒီလိုမရှိပါဘူး။ ရုပ်ပိုင်းဆိုင်ရာသန့်စင်လို့ရှိရင် သတ္တဝါတွေ စင်ကြယ်ကြတယ်ဆိုတာလည်း မြတ်စွာဘုရားကိုယ်တိုင် မဟောခဲ့ပါ ဘူး။ စိတ်ညစ်ညမ်းမှုကြောင့် သတ္တဝါတွေ ညစ်ညမ်းကြတယ်။ သောကတွေ ပရိဒေဝတွေ ဖြစ်ရတယ်။ စိတ်မချမ်းမသာတွေ ဖြစ်ရတယ်။ စိတ်သန့်စင်သွားရင် အဲဒါတွေ ဘာမှမဖြစ်ဘူးဆိုတာ အဲသလိုသာ မြတ်စွာဘုရား ဟောခဲ့ပါတယ်။

ရာနှုန်းပြည့် ဆင်းရဲဟာ ကိလေသာအရင်းခံတယ်    အခုနပြောခဲ့တဲ့အချက်ကတော့ အဋ္ဌကထာဆရာက သဘာဝ ယုတ္တိနဲ့ ရှင်းလင်းတင်ပြတဲ့ သဘောပါပဲ။ အာဂမယုတ္တိ နဲ့လည်း ဆက်ပြီးတော့ အဋ္ဌကထာဆရာ ပြပါတယ်။      “စိတ္တသံကိလေသာ ဘိက္ခဝေ သတ္တာ သံကိလိဿန္တိ ဝေါဒါနာ ဝိသုဇ္ဈန္တိ” ဘိက္ခုတို့ ရာဂ၊ ဒေါသ၊ မောဟ၊ အစရှိတဲ့  စိတ်ညစ်ညမ်းမှုကြောင့် သတ္တဝါတွေဟာ ညစ်ပတ်ကြတယ်။ ညစ်နွမ်းကြတယ်။ ပင်ပန်းဆင်းရဲကြတယ်။ စိတ်ဖြူစင်သန့်ရှင်းမှုကြောင့် သတ္တဝါတွေ ဖြူစင်သန့်ရှင်းကြတယ်။ အရိယာတွေ ဖြစ်ကြတယ်။ သောတာပန် ၊ သကဒါဂါမ်၊ အနာဂါမ်၊ ရဟန္တာ နောက်ဆုံး ဘုရားအထိပေါ့။ စိတ်ဖြူစင်မှုကို ဟောဒီသတိပဋ္ဌာန်လမ်းစဉ်အရပ် ဖြစ်တာပါပဲ တဲ့။ ဒါကြောင့် ဗုဒ္ဓမြတ်စွာက သတိပဋ္ဌာန်ရဲ့ အစမှာ “သတ္တာနံ ဝိသုဒ္ဓိယာ”ဆိုတဲ့ စကားကို သတ္တဝါတွေ စိတ်အညစ်အကြေး ကင်းဝေး စင်ကြယ်ဖို့ရန်အတွက် သေချာတဲ့လမ်းကြောင်းပဲလို့ မြတ်စွာဘုရား ရဲရဲတောက် မိန့်ကြားပါတယ်။

သံကိလေသကို မီးနဲ့ နှိုင်းယှဉ်ပြပါတယ် ။ မီးဟာ လောင်မြိုက်တယ်။ လောင်မြိုက်တယ်ဆိုတာ မီးအလောင်ခံရတဲ့ပုဂ္ဂိုလ်ဟာ ဘယ်သက်သာမလဲ။ ပင်ပန်းဆင်းရဲတာပေါ့ ။ ပင်ပန်းဆင်းရဲရုံတင် မကဘူး။ မီးအလောင်ခံရတဲ့ လောင်စာတွေဆိုရင် သစ်သားတို့ ဘာတို့ ညာတို့ပေါ့ မည်းညစ်ပြီး ကျန်ခဲ့တာပဲ။ သန့်ရှင်းကျန်မနေတော့ဘူး။ ကိလေသာတွေဆိုတာ သူတို့ဖြစ်တုန်းလည်းပဲ ပူပန်ဆင်းရဲ ပြီးတော့ ကိလေသာနဲ့ယှဉ်တွဲပြီးတော့ဖြစ်ရတဲ့ အကုသိုလ်စိတ်ဟာလည်းပဲ ညစ်ညမ်းပြီး ကျန်နေတာပါပဲ။ အဲသလောက်အထိ ဆိုးဝါးတယ်။      ပြီးတော့ ကိလေသာတွေကို တစ်နေရာမှာပြထားတာ ရှိပါတယ်။ “သကလမိဒံ သတ္တာနံ ဝဋ္ဋဒုက္ခံ ကိလေသမူလကံ”တဲ့။ သတ္တဝါတွေ ကြုံဆုံတွေ့နေရတဲ့ အမြဲမပြတ်လည်ပတ်ဖြစ်နေတဲ့ဆင်းရဲဟာ “သကလ”ဆိုတာ ရာနှုန်းပြည့်ဒီဆင်းရဲဟာ လောဘ ဒေါသ မောဟ ကိလေသာလျှင် အရင်းခံရှိတယ်။ လူတွေကြုံနေရတဲ့ ရာနှုန်းပြည့် ဆင်းရဲဟာ လောဘ ဒေါသ မောဟတွေကြောင့်ပဲ။ ရာနှုန်းပြည့်ဆင်းရဲ ဟူသမျှဒါ အရင်းခံတယ်လို့ ဆိုလိုတယ်။     “ကိလေသာ နာမေတေ ပဝတ္တိဒုက္ခာ၊ အာယတိပိစ ဒုက္ခ ဟေတုဘူတာ”တဲ့။ အဲဒီကိလေသာတွေဆိုတာ သူတို့ဖြစ်တုန်းလည်းပဲ ခုန မီးနဲ့ ဥပမာပေးခဲ့ပါတယ်။ မီးက လောင်မြိုက်တတ်တော့ အပူမိရင် ဘယ်သက်သာမလဲ။

ကိလေသာဖြစ်တုန်းလည်းပဲ ကိလေသာ မကင်းတဲ့ပုဂ္ဂိုလ်ကို ပဝတ္တိဒုက္ခဆိုတာ သူတို့ဖြစ်တုန်း ဆင်းရဲတွေ ကြုံရတာပဲ။ လောဘတွေလွန်ကဲ ဒေါသတွေလွန်ကဲ မောဟတွေ လွန်ကဲနေရင် ဘယ်အေးချမ်းလိမ့်မလဲ။ ဘယ်ဖြူစင်သန့်ရှင်းလိမ့်မလဲ။ ညစ်ပတ်နေတာပဲ။ ဒီထဲမှာ လောဘ ဒေါသ မောဟတွေ အလိုလိုက်ပြီးတော့ ဒုစရိုက်မှုတွေပြုပြီဆိုရင် ကိုယ့်မှာ လူ့သိက္ခာတွေပျက်လူမပီသ ကိုယ်ကကျူးလွန်စော်ကားမှုကြောင့် တစ်ဖက်သားပုဂ္ဂိုလ် တွေလည်း မသက်သာ။ အဲဒီရဲ့ စေတနာဆိုးကြောင့် နောက်ပိုင်းမှာ ဘာဖြစ်နိုင်သတုန်းဆိုတော့ အာယတိံပိစ ဒုက္ခဟေတုဘူတာတဲ့။ နောင်အခါလည်းပဲ ဆင်းရဲခြင်း၏အကြောင်းတွေဖြစ်သွားတယ်လို့ ဆိုပါတယ်။    ဒီတော့ ကိလေသာတွေဆိုတာ ညစ်ညမ်းတယ်၊ မသန့်ရှင်း ဘူး။ ညစ်ညမ်း မသန့်ရှင်းဘူးဆိုရင် အဲဒါတွေအကြောင်းပြုပြီးတော့ ကျူးလွန်စော်ကားမှုတွေဖြစ်တဲ့အခါ ရိုင်းစိုင်းတယ်၊ ကြမ်းတမ်းတယ်၊ ပူလောင်ဆင်းရဲစေတယ်၊ စက်ဆုပ်စရာဖြစ်စေတယ်ဆိုတဲ့ မကောင်းတဲ့ ဂုဏ်တွေလည်းပဲ နောက်ပိုင်းက အလိုလိုပါလာတာပါပဲ ။ ဒီတော့ ဒီလောက်ဆိုးဝါးတဲ့ ကိုယ်တွင်းက ကိလေသာတွေကို ဘာမှမလုပ်ဘဲနဲ့ ဒီတိုင်းနေမယ်ဆိုရင်တော့ လျော့မသွားတဲ့အပြင် တိုးလို့တောင်လာတာပါပဲ။ တိုးလာလေလေ ပိုပြီးတော့ ဒုက္ခတွေကြီးလာလေလေ ဖြစ်တော့တာပဲ။ အဲဒီအခြေအနေတွေကို မြတ်စွာဘုရားက မြင်တော်မူပါတယ်။

သတ္တဝါတွေရဲ့ ကျိုးရှိ၊ ကျိုးမဲ့ပေါ့။ သန့်ရှင်းရင် အကျိုးရှိတယ်၊ မသန့် ရှင်းရင် အကျိုးမဲ့ဖြစ်တယ်ဆိုတာ ဒါတွေမြင်ပါတယ်။ ဒါတွေသိပါတယ်။ သို့သော် ကြင်နာမှုမရှိဘူးဆိုရင် ကျိုးရှိကိုဆောင်စေဖို့နဲ့ ကျိုးမဲ့ကို ရှောင်စေဖို့ သိပ်မလွယ်လှပါဘူး။ တစ်ဖက်ကလည်းပဲ ဉာဏ်ထူး ကြီးရှိလို့ သတ္တဝါများ ကျိုးရှိ၊ ကျိုးမဲ့ သိထားပြီးတော့ အခြားတစ်ဖက် ကလည်း ကြင်နာမှုကရှိပြီးတော့ အကျိုးမဲ့တွေကိုရှောင်စေပြီးတော့ အကျိုးရှိတွေကို ဆောင်ပွားလိုက်နာစေတယ်။ ဉာဏ်တော် နဲ့ မဟာကရုဏာတော်ရှိတော့ ဘယ်လောက်အသုံးဝင်သလဲဆိုတာ ကြည့်ပါ။ ဘုန်းကြီးတို့တစ်တွေအတွက် ဘယ်လောက်ကျေးဇူးများသလဲဆိုတာ ကြည့်ပါ။ အဲဒါတွေတော့ နောက်နေ့မှပဲ ဆက်ပြီးတော့ ရှင်းပါရစေတော့။ ကလျာဏမိတ္တ မိတ်ကောင်းဆွေသဟာ        ပဏ္ဍိတာရာမရွှေတောင်ကုန်းဆရာတော်ကြီး။

ချုပ်ချယ်လိုလို့ မဟုတ်ဘူး ။  မေတ္တာကရုဏာအကြောင်း သိကောင်းစရာ မကျဉ်းမကျယ် ရှင်းလင်းတင်ပြပြီးပြီ ဆိုကြပါစို့ ။ ဗုဒ္ဓမြတ်စွာက မိမိရဲ့ သားတော် ရဟန်းတော်တွေကို “မေတ္တာထားကြ၊ ကရုဏာထားကြ၊ သူတစ်ပါး ကောင်းစားစေလိုတဲ့စိတ်တွေမွေးကြ၊ ပွားကြ။ သူတစ်ပါးကို ကြင်နာသနားကြ၊ ညှာတာကြလို့ ဒီလိုတိုက်တွန်းရတာဟာ ကောင်းစားစေချင်တဲ့ မေတ္တာထားရင် ကောင်းကျိုးချမ်းသာ ရရှိဖို့အတွက် ရန်ငြိမ်း ဘေးကင်းပြီး ချမ်းသာစေလိုတဲ့သဘောပါပဲ။ ကြင်နာသနားလို့ရှိရင် အမှားတွေကို မပြုမိဖို့ရန် မရက်စက်မိဖို့ရန်အတွက် ဟန့်တားတော့ တာပါပဲ။ တစ်ဖက်သားပုဂ္ဂိုလ်ကို ချုပ်ချယ်လိုလို့မဟုတ်ဘူး။ အချင်းချင်း ငြိမ်းချမ်းစွာ ဆက်ဆံတတ်အောင် လမ်းစဖော်ပေးရပါတယ်။

ဒီနေ့ အဲဒီကြင်နာသနားမှုကနေပြီးတော့ ကောင်းတာ ညွှန်ကြားလို့ ညွှန်တဲ့အတိုင်းလိုက်နာရင် လိုက်နာသူများမှာ အကျိုး ကျေးဇူးရှိသွားပုံ၊ နောက်ဆုံး အေးချမ်းတဲ့ ဆင်းရဲခပ်သိမ်းငြိမ်းအေးရာ နိဗ္ဗာန်ကို ရတဲ့အထိ ဟန့်တားချက်တွေကို ရှောင်နိုင်ရင် ရှောင်နိုင်သလောက် ကိုယ်နှုတ်စိတ် သုံးမျိုးလုံး အပြစ်အနာအဆာတွေ ကင်းပြီးတော့ သန့်ရှင်းသွားပုံ။ ဒါလေးတွေ အလွန်လိုအပ်ပါတယ်။ ပြီးတော့ သန့်ရှင်းယဉ်ကျေးတယ်ဆိုတော့ ဘေးအန္တရာယ်နဲ့ မကြုံ ဘူးပေါ့။ ကောင်းကျိုးလည်းရ၊ ဘေးအန္တရာယ်လည်းမကြုံဘူးဆိုရင် ဘဝဟာ ပြည့်စုံတယ်လို့ ဆိုရတာပါပဲ။ အဲဒါ ဒီနေ့ဆက်လက်ပြီးတော့ တင်ပြရဦးမယ်။

သာဝကအစစ်။  ဓမ္မဝိနယတွေဟာ ချဲ့လိုက်လို့ ရှိရင် သတ္ထုသာသနလို့ ခေါ်ပါတယ်။ မြတ်စွာဘုရားရဲ့ အဆုံးအမလို့ အဓိပ္ပာယ်ရပါတယ်။ သာသန အရက ကိုယ်ရော, နှုတ်ရော, စိတ်အနေအထားရော ကောင်းကျိုးချမ်းသာတွေနဲ့ ပြည့်စုံပြီးတော့ စင်ကြယ်သန့်ရှင်းကြောင်း အဆုံးအမပေါ့ လေ။ ဘယ်သူရဲ့ အဆုံးအမလည်းဆိုတော့ သတ္ထု- ကောင်းကျိုးချမ်းသာ ရရှိဖို့ညွှန်ကြားပြီးတော့ အမှားတွေကို ဟန့်တား တဲ့ မြတ်စွာဘုရား၊ ပေါင်းလိုက်ရင် သတ္ထုသာသန-မြတ်စွာဘုရားရဲ့ အဆုံးအမလို့ ခေါ်တာပါပဲ။ အဲဒီ အဆုံးအမတော်တွေကို နာခံတဲ့ ပုဂ္ဂိုလ်ဟာ လိုက်နာတဲ့ပုဂ္ဂိုလ်ဟာ ‘သာဝက ဖြစ်တော့တာပါပဲ။ အဲဒီမျိုး သာဝက အစစ်တွေ ဖြစ်စေချင်လို့။    ဘဂဝတော သြဝါဒါနုသာသနိံ သက္ကစ္စံ သုဏန္တီတိ သာဝကာ”လို့ ဆိုထားပါတယ်။ မြတ်စွာဘုရားရဲ့ သြဝါဒနဲ့ ညွှန်ကြားချက်၊ ဟန့်တားချက်နဲ့ ညွှန်ကြားချက်ပဲ ဆိုကြပါစို့ ။ ဟန့်တားချက်နဲ့ ညွှန်ကြားချက်ကို ရိုရိုသေသေ နာယူလိုက်နာတတ်လို့ သာဝက = တပည့်လို့ ခေါ်ပါတယ်။

အကျိုးကျေးဇူးဖြစ်ထွန်းစေနိုင်တဲ့ ညွှန်ကြားချက်တွေကို ညွှန်ကြားသတ်မှတ်ပေးလိုက်တော့ ဘယ်လောက်အတိုင်းအတာအထိ အကျိုးကျေးဇူးရတယ်ဆိုတာ နားလည်သွားရင် ယုံကြည်မှုသဒ္ဓါတရား၊ တကယ့်အကျိုးစစ်ကို ရလိုတဲ့ဆန္ဒ၊ ဒါတွေ နိုးကြားလာတော့တာပါပဲ။ သဒ္ဓါတရားတွေ နှိုးပေးတဲ့သဘောပါပဲ။ မလုပ်ကောင်း မပြောကောင်း တဲ့ ဟန့်တားချက်တွေကို စည်းကမ်းသတ်မှတ်ပြီး ဟန့်တားတော့ ကျူးလွန်ရင် ဆင်းရဲဒုက္ခတွေ ရောက်တယ်ဆိုတာ နားလည်တဲ့ပုဂ္ဂိုလ်တွေဟာ သံဝေဂဉာဏ်တွေ ဖြစ်ပွားနိုးကြားလာတယ်။ အကောင်း ချည်းပါပဲ။ ကောင်းကျိုးချမ်းသာ ညွှန်ကြားချက်တွေကြားတော့ သဒ္ဓါ၊ ဆန္ဒ နိုးတယ်။ ဟန့်တားချက်တွေကို ကျူးလွန်မိရင် ဆင်းရဲဒုက္ခတွေ ရောက်မယ်ဆိုတာ သူသူကိုယ်ကိုယ် ကောင်းတာတွေ ကြိုက်ကြတယ်။ ချမ်းသာကြိုက်ကြတယ်၊ ဆင်းရဲတွေ ရွံမုန်းကြတယ်၊ တကယ်စင်စစ် ဆင်းရဲရွံမုန်းတဲ့ပုဂ္ဂိုလ်ဟာ ဆင်းရဲကြောင်း လူ့သဘာဝအကျင့်ဆိုးတွေတော့ ဒါတွေဒါတွေတော့ ရှောင်ရမှာ။ မရှောင်နိုင်ရင် ဒုက္ခရောက်မှာပဲ။ အဲဒီတော့ ဒုက္ခရောက်မယ့်အခြေအနေကိုသိရတော့ သံဝေဂဉာဏ်တွေ ဖြစ်ပွားတယ်။ သံဝေဂဉာဏ်တွေ ဖြစ်ပွားတော့ လွယ်လွယ်နဲ့ မြတ်စွာဘုရား ညွှန်ကြားချက်ကို ရိုရိုသေသေ လိုက်နာတော့တာပဲ။ အကျိုးရှိတဲ့ အရာတွေလည်း အကျိုးရှိအောင် ကြိုးစားမယ်၊ လိုက်နာမယ်၊ ကျင့်သုံးမယ်။ အကျိုးမဲ့ဖြစ်နိုင်တဲ့အရာတွေကိုလည်း အတတ်နိုင်ဆုံး ရှောင်ရှားမယ်။ ဒီလိုအခြေအနေမျိုးတွေဖြစ်လာတယ်။ အဲဒီလို ဖြစ်ရအောင် မေတ္တာ ကရုဏာထားပြီးတော့ တိုက်တွန်းကြပါဆိုတာ မြတ်စွာဘုရားက သားတော်ရဟန်းတော်တွေကို “ယေ ဘိက္ခဝေ အနုကမ္ပေယျာထ”ဆိုတဲ့ စကားလေး မိန့်ကြားပါတယ်။

နာယူနိုင်တဲ့ပုဂ္ဂိုလ်တွေ ရွေးရတယ်။ သဒ္ဓါ၊ ဆန္ဒနဲ့ သံဝေဂတွေနိုးကြားအောင် မေတ္တာကရုဏာ ထားပြီး ဟောပေးရမယ်ဆိုတာ တွေ့ကရာလူတွေကို ဟောဖို့ ဖြစ်မှမဖြစ်ပဲကိုး။ တစိမ်းတွေကို သွားဟောဖို့လည်း မဖြစ်ဘူး။ ဒီတော့ “သောတံ မညယျုံ”ဆိုတာ မိမိပြောဆို ဆုံးမချက် စသည့်အကျိုးတရားတွေ ရဖို့ရာ ညွှန်ကြားချက်နဲ့ အဆိုးတွေမဖြစ်ဖို့ရန်အတွက် စည်းကမ်း သတ်မှတ်ချက်၊ အဲဒါတွေကို လေးလေးစားစားနဲ့ နာယူနိုင်တဲ့ပုဂ္ဂိုလ်။ ဒီညွှန်ကြားချက်တွေဟာ လေးလေးစားစားနဲ့ နားထောင်ထိုက်တယ်၊ နာယူထိုက်တယ်လို့ အသိအမှတ်ပြုတဲ့ ပုဂ္ဂိုလ်တွေ ရွေးရပါတယ်။    မြတ်စွာဘုရားတောင်မှ ဘုရားဖြစ်ပြီး ၄၉ ရက်တိုင်တိုင် ဗုဒ္ဓဂယာမှာ သီတင်းသုံးပြီးတော့ မိမိရရှိတဲ့တရား ဘယ်သူ့ကို ဟောရပါ့မလဲဆိုတာ ရွေးချယ်ရပါတယ်။ အာဠာရနဲ့ ဥဒက ရသေ့ကြီးတွေ သူတို့ထံမှာ လောကီဈာန်သမာပတ်တွေ အဘိညာဉ်တွေ ရအောင်လို့ အားထုတ်ခဲ့တာကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကိလေသာမြူ ကင်းဝေးနေသည့်အနေတဲ့ ပထမဆုံး သူတို့ကိုရွေးရတယ်။

တစ်ဦးကတော့ လွန်ခဲ့တဲ့ခုနစ်ရက်က ကွယ်လွန်သွားပြီး ကျန်တဲ့တစ်ဦးကတော့ တစ်ရက်စောပြီးတော့ ကွယ်လွန်သွားပြီ။ တရားဟောဖို့မပြင်ဆင်ခင် တစ်ရက်စောပြီး ကွယ်လွန်သွားပြီ။ သူတို့ရောက်တဲ့ဘုံကလည်း အရူပဘုံဆိုတော့ တရားလိုက်ဟောလို့ မဖြစ်တော့ဘူး။ နောက် ဒုတိယ ရွေးချယ်ရတယ်။ ပဉ္စဝဂ္ဂီငါးဦးကတော့ ဗုဒ္ဓလောင်းလျာနဲ့အတူ ခြောက်နှစ်လုံးလုံး အတူနေခဲ့တာပဲ။ အဲဒီပုဂ္ဂိုလ်တွေက မိတ်ဆွေလို့လည်း ဆိုရမှာပါပဲ။ အမစ္စလို့လည်း ဆိုရမှာပါပဲ။ ဉာတိလို့လည်း ဆိုရမှာပါပဲ။ သာလောဟိတလို့လည်း ဆိုရမှာပါပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ မိတ်ဆွေဆိုတော့ အချင်းချင်း စားဖော်သောက်ဖက်လိုဖြစ်နေတာ။ ပြီးတော့ တိုင်ပင်ဖော် တိုင်ပင်ဖက် အတူတကွ သွားလာလှုပ်ရှား ဖက်လည်းဖြစ်နေတော့ အမစ္စလို့လည်း ဆိုရမှာပါပဲ။ ပြီးတော့ လောကီ သွေးသားတော့ စပ်တော့မစပ်ဘူးပေါ့။ ဒါပေမယ်လို့ ဓမ္မသွေးတော့ သူတို့မှာ စပ်နေကြပါတယ်။ တကယ့် ဓမ္မကိုရလိုတဲ့သဘော ရှိနေတော့ ဓမ္မသွေးစပ်တဲ့ပုဂ္ဂိုလ်တွေဆိုတော့ ဓမ္မအတွင်းသားလို့လည်းပဲ ဆိုနိုင်ပါတယ်။ ပြီးတော့ သာလောဟိတဆိုတာ တကယ်စစ်မှန်တဲ့ဓမ္မသွေး၊ ယုံကြည်ချက်ပြည့်ပြည့်ဝဝနဲ့ သူတို့အားထုတ်နေကြတာ၊ လမ်းမှန်တာ မှားတာထားပေါ့။ ဓမ္မသွေးသားတွေပဲ၊ ဓမ္မသွေးစပ်သူတွေပဲ ဖြစ်နေ တာ။

ဒီပုဂ္ဂိုလ်တွေကတော့ မိမိနဲ့တွေ့ဆုံရင်းနှီးနေတော့ အဲဒီပုဂ္ဂိုလ်တွေ ရွေးရတယ်။ ပေါက်တတ်ကရလူတွေ သွားပြီးတော့ဟောလို့မဖြစ်ဘူး။ ခုလည်းပဲ မေတ္တာကရုဏာထားပြီးတော့ ညွှန်ကြားရမယ်။ တရားကောင်းတွေ ညွှန်ကြားရမယ်။ စည်းကမ်းတကျဖြစ်ဖို့ရန်အတွက် စည်းကမ်းတွေသတ်မှတ်ပေးရမယ်ဆိုတာ လူတိုင်း သွားလုပ်လို့ မရဘူး။ ပုဂ္ဂိုလ်ရွေးရတယ်။ အဲဒီပုဂ္ဂိုလ်တွေ ရွေးထားရတာ။ အဲဒါတွေ တရားအစပိုင်းက ပြောခဲ့ပါတယ်။  ကလျာဏမိတ္တအသိုင်းအဝိုင်းကြီး ကလျာဏမိတ္တ – “အဖော်ကောင်းမှ ချမ်းသာရ”ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ လောကရေးမှာရော ဓမ္မရေးမှာရော ကလျာဏ မိတ္တ=အဖော်ကောင်းတွေ တစ်ယောက်ကအစ အများကြီး အသိုင်း အဝိုင်းကြီးဖြစ်သွားဖို့ သိပ်လိုပါတယ်။ ဗုဒ္ဓမြတ်စွာဟာ အဲဒီလို ကလျာဏမိတ္တအသိုင်းအဝိုင်းကြီး ဖြစ်စေချင်ပါတယ်။ ကလျာဏမိတ္တ အသိုင်းအဝိုင်းကြီးဆိုတာကတော့ အပြစ်ကင်းတာ၊ သန့်ရှင်းတာ၊ ယဉ်ကျေးသိမ်မွေ့တာ၊ တည်ငြိမ်အေးချမ်းတာ။ အဲဒီအခြေအနေ ရောက်သွားတဲ့အသိုင်းအဝိုင်းကြီးဟာ ကလျာဏမိတ္တအသိုင်းအဝိုင်းကြီး ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေဆိုက်သွားပြီဆိုရင် ဘဝသံသရာ မှာလည်းပဲ တည်ငြိမ်အေးချမ်းတဲ့ ကလျာဏမိတ္တအသိုင်းအဝိုင်းကြီး ဖြစ်တော့မှာပါပဲ။

ဘဝသံသရာတစ်လျှောက်လုံးမှာလည်း ယဉ်ကျေး တဲ့၊ သိမ်မွေ့တဲ့၊ တည်ငြိမ်တဲ့အသိုင်းအဝိုင်း ကလျာဏမိတ္တကြီးနဲ့ အတူတူသွားလာလှုပ်ရှားရတယ်ဆိုရင် ဘယ်လောက်ချမ်းသာမလဲ ဆိုတာ တွက်ကြည့်ပေါ့ ။ ဒါ မြတ်စွာဘုရားရဲ့ အလိုတော်ပဲ။ဗုဒ္ဓမပွင့်ပေါ်မီကဆိုရင် ဇမ္ဗူဒီပခေါ်တဲ့ ယခု အိန္ဒိယအပါ အဝင် တစ်ကမ္ဘာလုံးမှာ အများစုလူတွေဟာ အတ္တစွဲ-ဇီဝအတ္တအသက်ရှိတယ်ဆိုတဲ့အစွဲ၊ ဗြဟ္မာကြီးကဖန်ဆင်းထားတယ်ဆိုတဲ့အစွဲ၊ အဲဒါတွေရှိပြီးတော့ တောကိုးကွယ်၊ တောင်ကိုးကွယ်၊ ကိုးကွယ်မှု အမျိုးမျိုးတွေ၊ နတ်အမျိုးမျိုးတွေကို ကိုးကွယ်ကြတာ။ သူတို့ ကိုးကွယ်တဲ့ အကိုးကွယ်ခံနတ်တွေက ကယ်မအောင်ဆိုပြီး သတ္တဝါ တွေ သတ်ပြီးတော့ ယဇ်ပူဇော်ကြတာပေါ့။ အများစုမှာ ငါးပါးသီလမလုံလို့ လူမပီသသူတွေ များတယ်။ စိတ်နေစိတ်ထားမှာလည်း မေတ္တာကရုဏာအစစ်က တကယ်မရှိတော့ လူလိုစိတ်ထားတတ်သူလည်းပဲနည်းတယ်။ ရုပ်နာမ်ပိုင်းခြားသိမှုကအစ တကယ့်အရှိသဘော တွေကို အဆင့်ဆင့် အဆင့်ဆင့် သိမြင်ပြီးတော့ တကယ့်ချမ်းသာစစ်ကို မတွေ့သူက အလျဉ်းမရှိသလောက်ပါပဲ။ အလျဉ်းမရှိပါဘူး။ ယောဂ အကျင့်ဆိုတာကတော့ရှိတယ်။ ဒါလေးလောက်တော့ ရှိပါတယ်။ လောကီဈာန်တွေရရှိပြီးတော့ အဘိညာဉ်လေး ဘာလေး ဒါလည်း နည်းပါတယ်။

ဒီတော့ ကမ္ဘာလောကကြီးဟာ ဇီဝအတ္တ၊ ပရမအတ္တ အစွဲတွေရှိပြီးတော့ ကိုယ်ကျင့်တရားတွေပျက်ပြီး သီလမပြည့်စုံသူ၊ လူမပီသသူ၊ လူလိုစိတ်မထားတတ်သူ၊ လူ့အသိဉာဏ်မရှိသူ၊ လူ့ထက်လူ မဖြစ်သူ၊ လူ့ထက်လူ မဟုတ်ဘူး။ အဆင့်အတန်းမြင့်သူ တွေ မဟုတ်ဘူး။ အဆင့်အတန်းနိမ့်သူတွေပဲများပါတယ်။ ဒီတော့ အသိုင်းအဝိုင်းကြီးက မကောင်းဘူး။ အဲတော့ အသိုင်းအဝိုင်းကြီး ကောင်းလာအောင် ကလျာဏမိတ္တ-အခြေခံသီလကအစ စိတ်နေ စိတ်ထားတွေပြုပြင်ပြီး စိတ်နေစိတ်ထားတွေ ကောင်းလာအောင်၊ အသိဉာဏ်တွေဖြစ်ပွားစေပြီးတော့ လူလိုစိတ်ထားတတ်လာအောင်၊ လူ့ထက်လူဖြစ်လာအောင် အဲဒီအသိုင်းအဝိုင်းကြီး ပေါ်စေချင်လို့ မြတ်စွာဘုရားက ရဟန်းတော်တွေကို “မေတ္တာကရုဏာထားပြီးတော့ တိုက်တွန်းကြစမ်းပါ”ဆိုတာ တရားဟောဖို့ရန်အတွက် “တိုက်တွန်း ကြစမ်းပါ”ဆိုတာ မိန့်ကြားရပါတယ်။

အပြစ်ကင်း သန့်ရှင်း ယဉ်ကျေးသိမ်မွေ့ တည်ငြိမ်အေးချမ်းပြီးတော့ တကယ်နှစ်သက်စရာကောင်းတဲ့ ကလျာဏမိတ္တ အသိုက်အဝန်း၊ တစ်နည်းအားဖြင့် ဓမ္မမိသားစုအသိုက်အဝန်းကြီးဖြစ်ဖို့ရန် အတွက် ပထမဆုံးက ငါးပါးသီလ၊ ပထမဆုံး လူပီသဖို့ လုပ်ပေးရ မှာပါ။ တစ်ဦးနဲ့ တစ်ဦး မေတ္တာကရုဏာထားပြီးတော့ မနာလို ဝန်တိုမှုတွေကင်းပြီးတော့ လူလိုစိတ် ထားတတ်ဖို့၊ တကယ့်အမှန် တရားတွေ အခြေခံကစပြီး အဆင့်ဆင့် အဆင့်ဆင့် သိပြီးတော့ လူလို အသိရှိဖို့၊ လူ့ထက်လူ ဖြစ်ဖို့၊ မိမိနဲ့ စပ်တဲ့လူတွေကို ရိုးရိုးသားသားနဲ့ ကူညီတတ်အောင်၊ လူပီသစွာနေတတ်အောင်၊ လူလိုစိတ်ထားတတ်အောင်၊ လူ့ထက်လူဖြစ်အောင် တိုက်တွန်းကြလို့၊ ဟောပြောပေးကြလို့ မြတ်စွာဘုရားက အဲဒီလိုဟောပြောတဲ့အခါ ဂုဏ်နဲ့ လာဘ်လာဘ မငဲ့ဘဲနဲ့ မေတ္တာကရုဏာထားပြီးတော့ ကောင်းစားစေချင်တဲ့သဘောနဲ့ တိုက်တွန်းကြပါ၊ ဟောပြောကြပါဆိုတာ မြတ်စွာဘုရားက မိန့်ကြားတာပါ။ဘုန်းကြီးတို့လည်းပဲ မြတ်စွာဘုရားအလိုတော်ကျ ဒီလာပြီးတော့ ဆွေမျိုးတစ်စုတွေကို ကူညီတယ်ဆိုတာ အဲဒီသဘောမျိုးနဲ့ ကူညီတယ်လို့ မှတ်ကြဖို့ပါပဲ။

ပဏ္ဍိတာရာမရွှေတောင်ကုန်းဆရာတော်သင်းမြေနံတစ်ကြိုင်ညောင်သီတာ ရေတော်သွန်းချိန်မို့ရွှန်းဝေလို့လှိုင်။မြိုင်မြင့်စုံ ယမုန်ခ ပါတဲ့ပြည်အမရ မဏ္ဍိုင်ခရိုင်နယ့် တစ်ဝိုင်း။သို့ချိန်ဆီရင့်ကျူးပဉ္စင်္ဂီနှင့်တိမ်ပန်းချီ ပွေလို့ရေးပေလိမ့်ဆွေးရင့်ဖြာလှိုင်း။ ဦးကြင်ဥ၊ကဆုန်လဘွဲ့
တောမျောက်က ကြိုးခွေစိမ့်ကြီးငယ် မြိုင်ချောင်မှာရွှေဖိုးခေါင် သံချိုညောင်းတယ်ဒေါင်းက အိုးဝေ။ ဦးကြင်ဥ၊ပုပ္ပါးတောင်ဘွဲ့တောလားအလွမ်းတဲ့ဗျာနှောင်ဘုံကွန်းညောင်ဗွေကပျော်မပြေ ဖော်ကွေဝေးသူတို့ဆွေးရှာတော့အောင်။ရွှေအမ္ဗုန်ဓာရနှင့်ဝလာက နတ်မောင်ငယ်ရွာယောင်ပြ ရွှင်မြူးဆွေးတဲ့မေဆွတ်သဲကြေ ကြွေစေဖို့မာန်မပြေ ဖန်ဖွေရှာလို့ချုန်းလာသင့်ဘူး။ဦးကြင်ဥ၊တပေါင်းလဘွဲ့။ ပုဆိုးစုတ်အစွန်မှာငွေတစ်မတ်လောက် ထုပ်ရတာနဲ့ကျုပ်ကိုယ်ကျုပ် ဇောတိကထင်ဆန်တစ်စလယ်လှူရင်ပဲတိုင်းပြည်ထဲ ဝေဿန္တရာထင်မိထင်ရာ..။  ။ အောင်မှူးဝေ ပန်းကပ်(ပေါရာဏ)=ကွမ်းကလပ်။ခပ်မဆိတ်(ပေါရာဏ)=ဆိတ်ဆိတ်နေသည်။ပြင်လျှာ(ပေါရာဏ)=အသွင်အပြင်

စာဖတ်သူများ *စာဖတ်သူများသည် စာများကိုဖတ်တိုင်း အဝိဇ္ဇာ၏ လှည့်ကွက်ကို မြင်အောင် ကြိုးပမ်းအပ်၏။စာကကောင်းတိုင်း စာရေးဆရာက ကိုယ်ကျင့်တရား ကောင်းချင်မှ ကောင်း၏။တရားကိုဟောတိုင်း တရားရှိသူ ဟုတ်ချင်မှဟုတ်၏။
*စာဖတ်သူများသည် စာကိုဖတ်ကြရာ၌ ယထာဘူတကျသော အသိကိုမှ မရပါလျှင် စာဖတ်ခြင်းဖြင့် အဘယ်အကျိုးရှိပါတော့မည်နည်း။
*စာကမကွဲပြားသော်လည်း စာဖတ်နည်းကွဲပြားသည်နှင့်အမျှ စာ၏အဓိပ္ပာယ်သိနည်းလည်း ကွဲပြား၏။
*အသံထွက်သောစာများ၏အနက်အဓိပ္ပာယ်ထက်အသံမထွက်သောစာများ၏အနက်အဓိပ္ပာယ်က ပို၍လည်း စိတ်ဝင်စားဖွယ်ကောင်း၏။ပို၍လည်းသစ္စာနှင့်ယှဉ်၏။ပို၍လည်း အလိမ္မာကို စာဖတ်သူအားပေးနိုင်၏။✍ ဦးရွှေအောင်

Red News Agency ။ ဆက်လက်တင်ပြပါမယ်။

By Editor

Leave a Reply

Your email address will not be published. Required fields are marked *