၁၁ လအတွင်း ချင်းတိုင်းရင်းသား ၁၆၀ ကျော် သေဆုံးခဲ့

RNA_ဇန်နဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ရက်နေ့အထိ၊ ၁၁ လအတွင်း စစ်ကောင်စီ စစ်တပ်မှ အာဏာသိမ်းပြီးနောက် ချင်းတိုင်းရင်းသား ၁၆၀ ကျော် သေဆုံးရကြောင်း ချင်းရေးရာအဖွဲ့ချုပ်(ICA)က ဇန်နဝါရီ ၆ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူများတွင် အမျိုးသမီး (၁၃) ဦး အပါအဝင် အရပ်သားပြည်သူ (၈၇) ဦးနှင့် ချင်းတော်လှန်ရေးတပ်ဖွဲ့များမှ (၇၆) ဦး အထိ ရှိပြီး၊ ထိုအထဲတွင် စစ်ကောင်စီ၏ မီးရှို့သတ်ဖြတ်မှုကြောင့် သေဆုံးသူ (၇) ဦး၊ အလောင်းပြန် မရသည့် အရပ်သား (၈) ဦး နှင့် မိုင်းထိ၍ သေဆုံးသူ အရပ်သား (၃) ဦးထိ ပါဝင်ပါသည်။

စစ်ကောင်စီစစ်တပ်မှ စစ်အာဏာသိမ်းမှုအပေါ် ငြိမ်းချမ်းစွာ ဆန္ဒပြနေသည့် အရပ်သားများအပေါ် တိုက်ခိုက်ခြင်း၊ မတရားဖမ်းဆီးခြင်းနှင့် စစ်ကြောရေးအတွင်း ညှင်းပန်းနှိပ်ခြင်း၊ မီးရှို့သတ်ဖြတ်ခြင်း၊ လူနေအိမ်များနှင့် အပြစ်မဲ့ အရပ်သားများအပေါ် ပစ်မှတ်ထားကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အသက်ဆုံးရှုံးကြရခြင်းကြောင့် အသက်ဆုံးရှုံးရခြင်းဖြစ်သည်။

အရပ်သားပြည်သူများအား အကြောင်းမဲ့သတ်ဖြတ်သည့်အပြင် ကျေးရွာလူနေအိမ်များအတွင်း လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် မီးရှို့ခြင်းနှင့် လူနေရပ်ကွက်များ၊ အရပ်သားများ ကျင်လည်ကျက်စားရာနေရာများတွင် မိုင်းထောင်တိုက်ခိုက်ခြင်းတို့ကို ရည်ရွယ်ချက်ရှိရှိ ကျူးလွန်ချက်ရှိကြောင်း ချင်းရေးရာအဖွဲ့ချုပ်စာမျက်နှာတွင် ဖော်ပြထားသည်။

ဤကဲ့သို့သော လုပ်ဆောင်မှုများကို ရပ်တန့်ရန် ချင်းရေးရာအဖွဲ့ချုပ်မှ အလေးအနက်တိုက်တွန်းပြီး ချင်းရေးရာအဖွဲ့ချုပ်မှ နိုင်ငံတကာ အသိုင်းအဝန်းအား စစ်ကောင်စီတပ်၏ချင်းတိုင်းရင်းသားနှင့် အရပ်သားပြည်သူများအပေါ် ပစ်မှတ်ထားကာ စစ်ဆင်ရေးဆောင်ရွက်နေမှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများအား ရပ်တန့်စေမည့် ထိရောက်သော အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်လည်း ထပ်မံတောင်းဆိုသည်ဟုထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *