မင်္ဂလာဆောင်ပွဲ ကျင်းပနေချိန် ပေါင် ၅၀၀ ဗုံး (၅) ကြိမ်ထက်မနည်း ကြဲချခဲ့သည့်အတွက် ကလေးငယ်များအပါအဝင် (၂၁) ဦးသေဆုံးပြီး (၆၀) ကျော်ထိခိုက်ဒဏ်ရာရ

RNA_နိုဝင်ဘာ(၂၉)၊၂၀၂၆ခုနှစ်။

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ လကျီလုံကျေးရွာအတွင်း မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် နိုဝင်ဘာ (၂၈) ရက်နေ့ နေ့လယ် ၁၂ နာရီ ၃၀ မိနစ်ခန့်က အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုမှ အစုလိုက်အပြုံလိုက် သေစေရန် ပေါင် (၅၀၀) ဗုံး (၅) ကြိမ်ထက်မနည်းကြဲချခဲ့သည့်အတွက် ကလေးငယ်များအပါအဝင် (၂၁) ဦးသေဆုံးခဲ့ရပြီး (၆၀) ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။

လူမဆန်စွာ ဗုံးကြဲတိုက်ခိုက်မှုကြောင့် KG တန်း ကျောင်းသား (၁) ဦးနှင့် Grade 1 ကျောင်းသား (၁) ဦး အပါအဝင် အပြစ်မဲ့ အရပ်သားပြည်သူ (၂၁) ဦးကျော် ပွဲချင်းပြီး သေဆုံးခဲ့ရသည့်အပြင် အသက် (၂၆) နှစ်အရွယ် ပညာရေးဝန်ထမ်းဆရာမ (၁) ဦး အပါအဝင် ပြည်သူ (၆၀) ဦးကျော်ရှိပြီး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိသူ တချို့ရှိခဲ့သည့်အပြင် စာသင်ကျောင်းအဆောက်အအုံမှာလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက ယနေ့ (နိုဝင်ဘာ ၂၉ ရက်) ထုတ်ပြန်လိုက်သည်။

စစ်ရေးပစ်မှတ် လုံးဝမဟုတ်သည့် စာသင်ကျောင်းများနှင့် အရပ်သားပြည်သူများ စုဝေးရာ မင်္ဂလာအခမ်းအနားနေရာကို ပြင်းအားမြင့် ပေါင် (၅၀၀) ဗုံးများဖြင့် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေ (IHL) နှင့် ဂျီနီဗာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကျူးလွန်သည့် စစ်ရာဇဝတ်မှု (War Crime) မြောက်သော လုပ်ရပ်ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် မြေပြင်၌ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိရာ ထိခိုက်သေဆုံးသူ စာရင်းအတိအကျကို ထပ်မံအတည်ပြုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အကြမ်းဖက်စစ်အုပ်စု၏ ယခုလုပ်ရပ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသည့် အပြစ်မဲ့ပြည်သူများ၊ ကလေးငယ်များ၏ မိသားစုဝင်များနှင့်အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရကြောင်း၊ အပြစ်မဲ့ အရပ်သားပြည်သူများအပေါ် နေ့စဉ်နှင့်အမျှ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် အကြမ်းဖက်စစ်အုပ်စုအား နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ကုလသမဂ္ဂ အဖွဲ့အစည်းများအနေဖြင့် ရှုတ်ချရုံသာမက ထိရောက်ပြီး ပြင်းထန်သော အရေးယူဆောင်ရွက်မှုများ အမြန်ဆုံး ချမှတ်လုပ်ဆောင်ကြပါရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီက အလေးအနက် တိုက်တွန်းတောင်းဆိုထားသည်။

#REDNEWS #RedNewsAgency #RNA #IEC #Karenni

By Editor