ယနေ့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ (၃၀) ဦးထက်မနည်း သေဆုံးပြီး (၄၀) ကျော် ထိခိုက်ဒဏ်ရာရ

RNA_နိုဝင်ဘာ(၂၈)၊၂၀၂၆ခုနှစ်။

အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုက ယနေ့ (နိုဝင်ဘာ ၂၈ ရက်) လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအတွင်း ရခိုင်ပြည်နှင့် ကရင်နီပြည်အတွင်းမှ ပြည်သူ (၃၀) ဦးထက်မနည်းသေဆုံးပြီး ပြည်သူ (၄၀) ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် အာဏာသိမ်းစစ်အုပ်စုသည် ရခိုင်ပြည်၊ မြောက်ဦးမြို့၊ မြို့သစ်ရပ်ကွက်ကို ယနေ့ ညနေ ၄ နာရီ ၅ မိနစ်ခန့်က လေကြောင်းဗုံးကြဲခဲ့သည့်အတွက် ပြည်သူ (၉) ဦးသေဆုံးပြီး (၄) ဦးခန့် ဒဏ်ရာရရှိခဲ့သည့်အပြင် မြို့သစ်ရပ်ကွက်နှင့် ကပ်လျက် အောင်မင်္ဂလာရပ်ကွက်ကို ဒုတိယအကြိမ်အဖြစ် လေကြောင်းဗုံးကြဲခဲ့သည့်အတွက် ပြည်သူ (၁၀) ဦးကျော်သေဆုံးပြီး (၂၀) ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ကြားသိထားရကြောင်း ကိုဝေဟင်အောင်ထံမှ သိရသည်။

ယနေ့ နေ့လယ် (၁၂) နာရီခန့်ကလည်း ကရင်နီပြည်နယ်နှင့် ရှမ်းပြည်တောင်ပိုင်းအစပ် ဖယ်ခုံမြို့၊ လကျီလုံရွာ စာသင်ကျောင်းကို အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုက လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ဒေသခံပြည်သူ (၁၀) ဦးထက်မနည်း သေဆုံးခဲ့ပြီး (၂၀) ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက Red News Agency. ကိုပြောပြထားသည်။

ဓာတ်ပုံ – လကျီလုံရွာ စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ရသည့် ကလေးငယ်များနှင့် ပြည်သူများ။

အကြမ်းဖက်အာဏာသိမ်း စစ်အုပ်စုသည် မကွေးဖက်ဒရယ်ယူနစ်၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံကျေးရွာရှိ စာသင်ကျောင်းနှင့် ဘုန်းတော်ကြီး ကျောင်းဝင်းအတွင်း၌ မြန်မာ့ဓလေ့ ရိုးရာအလှူပွဲ ကျင်းပနေစဉ် လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် သာမဏေ ၁ ပါးနှင့် ကလေးသူငယ်များ၊ ဆရာ ဆရာမများ၊ အမျိုးသမီးများ အပါအဝင် ပြည်သူ (၂၀) ဦးခန့် သေဆုံးခဲ့ရသည့်အပြင် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် သရက်ခရိုင်တပ်ရင်းမှ တော်လှန်ရေးရဲဘော် (၉) ဦးလည်း ကျဆုံးခဲ့ရသည့်ဟု ယနေ့ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့က ပူးတွဲထုတ်ပြန်ထားသည်။

#REDNEWS #RedNewsAgency #RNA

By Editor