RNA_နိုဝင်ဘာ(၂၇)၊၂၀၂၆ခုနှစ်။
မြန်မာနိုင်ငံသည် လူမျိုးတုံးသတ်ဖြတ်မှု၌ အပြစ်ရှိကြောင်း အမိန့်ချမှတ်ခဲ့သည့် နိုင်ငံတကာတရားရုံး (ICJ) ၏ ဆုံးဖြတ်ချက်အပေါ် လေးစားအသိအမှတ်ပြုကြောင်း အာဆီယံအဖွဲ့ဝင် အင်အားကြီးနိုင်ငံများဖြစ်သည့် ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့က ပြောကြားထားသည်။
ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ်၏ လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန်မှုကို တားဆီးရန်နှင့် အပြစ်ပေးရန် ပျက်ကွက်ခဲ့သည့် မြန်မာနိုင်ငံအား အပြစ်ရှိကြောင်း ICJ တရားသူကြီးများက (၉) မဲ – (၆) မဲဖြင့် မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ICJ ၏ ဆုံးဖြတ်ချက်အပေါ် လက်ရှိ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်က လေးစားအသိအမှတ်ပြုကြောင်း ပြောကြားထားပြီး ၂၀၂၇ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူမည့် စင်ကာပူကလည်း ထောက်ခံအသိအမှတ်ပြုထားကာ ICJ ဆုံးဖြတ်ချက်ကို လိုက်နာအကောင်အထည်ဖော်ရန်လည်း တိုက်တွန်းထားသည်။
ရိုဟင်ဂျာဒုက္ခသည်အများဆုံး ဝင်ရောက်ခိုလှုံနေသည့် မလေးရှားကလည်း ICJ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း ပြောကြားထားပြီး မလေးရှားအစိုးရအနေဖြင့် ကုလသမဂ္ဂ၊ အစ္စလာမ်မစ်ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (OIC) တို့အပါအဝင် မြန်မာ့အရေး သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံသွားမည်ဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားထားသည်။
ထို့ပြင် အင်ဒိုနီးရှားနိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူ Nabyl Mulachela ကလည်း ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာတရားစီရင်ရေးဌာန ICJ ၏ အဆင့်အတန်းကို တန်ဖိုးထားကြောင်း၊ မြန်မာ့ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ အဆုံးသတ်ရေးအတွက် သံတမန်ရေးအရ ဖိအားပေး တောင်းဆိုသွားမည်ဟု ဆိုသည်။
မြန်မာစစ်တပ်နှင့် ရင်းနှီးသည့် မဟာမိတ်ဆက်ဆံရေးရှိသည့် ထိုင်းနိုင်ငံက ICJ ဆုံးဖြတ်ချက်အပေါ် လက်ရှိအချိန်ထိ တစုံတရာတုံ့ပြန်ပြောဆိုမှု မရှိသေးသည့်အတွက် အတိုက်အခံပါတီ (People Party) ကလည်း ထိုင်းအစိုးရအနေဖြင့် ICJ ဆုံးဖြတ်ချက်အပေါ် ရပ်တည်ချက်ကို တရားဝင် ထုတ်ဖော်ပြောဆိုရန် တောင်းဆိုထားသည်။
ICJ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍ အလုံးစုံ လိုက်နာမည်မဟုတ်ဘဲ အချို့ကိုသာ လိုက်နာဆောင်ရွက်မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုဝင်ဘာ (၂၅) ရက် နေပြည်တော်အစည်းအဝေးတွင် ပြောဆိုထားသည်။