ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား (၄၃) ဦးကို ဘင်္ဂလားဒေ့ချ် အာဏာပိုင်များထံ AA လွှဲပြောင်းအပ်နှံ

RNA_နိုဝင်ဘာ(၂၆)၊၂၀၂၆ခုနှစ်။

အာရက္ခတပ်တော်ထိန်းချုပ်ထားသည့် ရေပိုင်နက်အတွင်း တရားမဝင် ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ချ်နိုင်ငံသား ငါးဖမ်းသမား (၄၃) ဦးကို အာရက္ခတပ်တော် ကမ်းခြေစောင့်တပ်မှ ဖမ်းဆီးရမိပြီးနောက် ဘင်္ဂလားဒေ့ချ် အာဏာပိုင်များထံ ယနေ့ (နိုဝင်ဘာ ၂၆ ရက်) နေ့လယ်ပိုင်းတွင် အာရက္ခတပ်တော် (AA)က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ချ်နိုင်ငံသား ငါးခိုးဖမ်းသူ (၄၃) ဦးကို ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်အတွင်း အာရက္ခပြည်၊ မောင်တောမြို့နယ်၊ ကျောက်ပန္ဒူ၊ အင်းဒင် ကမ်းတလျှောက်နှင့် အာရက္ခရေပိုင်နက်အတွင်း တရားမဝင်ကျူးကျော်ဝင်ရောက်လာသည့်အတွက် အာရက္ခကမ်းခြေစောင့်တပ်မှ ဖမ်းဆီးရမိခဲ့သူများ ဖြစ်သည်ဟု အာရက္ခတပ်တော်နှင့်နီးစပ်သည့် APM တွင် ဖော်ပြထားသည်။

ဖမ်းဆီးရမိထားသော ငါးဖမ်းသမားများအား ဘင်္ဂလားဒေ့ချ် နယ်ခြားစောင့်တပ် (BGB) တာဝန်ရှိသူများထံ အာရက္ခတပ်တော် အာရက္ခတပ်တော် တာဝန်ရှိသူများက နတ်မြစ်တွင်းရှိ အာရက္ခ-ဘင်္ဂလားဒေ့ချ် နယ်စပ်တနေရာ၌ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း၊ ဖမ်းဆီးရမိထားစဉ်အတွင်း အာရက္ခတပ်တော်မှ တရားဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထိန်းသိမ်းခဲ့ပြီးနောက် ယခုလို လွှဲပြောင်းပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာရက္ခကမ်းခြေစောင့်တပ်မှ ဖမ်းဆီးရမိထား ပြန်လွှဲပြောင်းပေးအပ်ခဲ့သူများမှာ ဘင်္ဂလားဒေ့ချ် နိုင်ငံသား ဟာဒဘီအူလာ (၃၅နှစ်)၊ အာလီဟူဆောင်း (၃၅ နှစ်)၊ မူဟာမော်ဒရာဟောင်း (၃၀ နှစ်)၊ ဆိုဟက် (၃၃ နှစ်)၊ ဆော်လိမ်မူလာ (၃၅နှစ်)၊ ဆွေယော့တာလောင် (၃၅နှစ်)၊ မာမောက်ဆော်လိမ် (၄၈နှစ်)၊ အီလီယာစ်ဆူဒင် (၁၄နှစ်)၊ ချားအာလောင် (၂၀နှစ်)၊ အာဘူဟူဆောင်း (၆၀နှစ်)၊ အဗ္ဗဒူချာဟဲက် (၁၆နှစ်) စသည်တို့ဖြစ်ကြောင်း သိရသည်။

Photo : APM
#REDNEWS #RedNewsAgency #RNA #AA

By Editor