မိုးမိတ်မြို့နယ်က အာဏာသိမ်းစစ်တပ် ကင်းစခန်း (၃) ခုကို KIA၊ ABSDF၊ KPDF သိမ်းပိုက်

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ သပိတ်ကျင်းမြို့နယ် နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်းက အကြမ်းဖက် အာဏာသိမ်းစစ်တပ် တပ်စွဲထားသော ကင်းစခန်း (၃) ခုကို KIA၊ ABSDF၊ KPDF ပူးပေါင်းတပ်ဖွဲ့များ နိုဝင်ဘာ ၁၉ ရက်နေ့က တပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

မိုးမိတ်မြို့နယ်နှင့် မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ကျေးရွာကြား ကားလမ်းမပေါ်ရှိ ကင်းချောင်း၊ ပေကုန်း၊ သစ်ဆိမ့်ကုန်း အနီး တပ်စွဲထားသော အာဏာသိမ်းစစ်တပ် ကင်းစခန်း (၃) ခုကို KIA တပ်မဟာ ၁၁၊ တပ်မဟာ ၄၊ ABSDF၊ KPDF ပူးပေါင်းတပ်ဖွဲ့များ တပြိုင်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲအတွင်း အာဏာသိမ်းစစ်တပ်ဘက်မှ (၅) ဦးသေဆုံးပြီး (၂၀) ဦးခန့်ဒဏ်ရာရရှိခဲ့သည်ဟု KIA ထိန်းချုပ်ထားသည့် လိုင်ဇာမြို့အခြေစိုက် ALEN YANG TV ကနေ နိုဝင်ဘာ ၂၂ ရက်နေ့က အသိပေးထားသည်။

အကြမ်းဖက် အာဏာသိမ်းစစ်တပ်သည် မိုးမိတ်နှင့် မြစ်ဆုံးကြား ၅ မိုင် ၆ မိုင်ပတ်ဝန်းကျင်ကိုလည်း ထိုးစစ်ဆင်နေသည့်အတွက် KIA ပူးပေါင်းတပ်ဖွဲ့များနှင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားနေကြောင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းအစပ်များတွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

#REDNEWS #RedNewsAgency #RNA

By Editor