RNA_နိုဝင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။
၁၉၆၂ ဆဲဗင်းဂျူလိုင် (7 July) ကျောင်းသားလှုပ်ရှားမှုကာလမှစတင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး၊ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးနှင့် မွန်အမျိုးသား အခွင့်အရေးတို့အတွက် နွေဦးတော်လှန်ရေးကာလအထိ တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သော မွန်အမျိုးသား ဝါရင့်နိုင်ငံရေးသမားကြီး နာဲသုဝဏ္ဏ (နိုင်သုဝဏ္ဏ) (ခ) နိုင်ထွန်းဖေ (အသက် ၈၈ နှစ်) ၏ ဈာပနကို လွတ်မြောက်နယ်မြေ တနေရာတွင် ယနေ့ (နိုဝင်ဘာ ၂၃ ရက်) ကျင်းပခဲ့သည်။
နိုင်ငံရေးအကျဉ်းသားဟောင်း၊ ဝါရင့်နိုင်ငံရေးသမားကြီး နာဲသုဝဏ္ဏသည် နွေဦးတော်လှန်ရေးအတွင်း မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) သဘာပတိ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး စသည်တို့တွင် တာဝန်များဆောင်ရွက်ခဲ့ကြောင်း၊ အသက် ၈၈ နှစ်ရွယ် နာဲသုဝဏ္ဏသည် ၂၀၂၆ ခုနှစ် နိုဝင်ဘာ (၂၁) ရက်နေ့တွင် လူကြီးရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။


ဝါရင့်နိုင်ငံရေးသမားကြီး နာဲသုဝဏ္ဏ ကွယ်လွန်ခြင်းနှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)နှင့် မွန်ပြည်ကာကွယ်ရေးတပ် (MSDF) စသည်တို့ကလည်း သဝဏ်လွှာများပေးပို့ထားကြကြောင်း၊ မွန်အမျိုးသားထုတစ်ရပ်လုံးသာမက ဖက်ဒရယ်ဒီမိုကရေစီ တော်လှန်ရေးတစ်ခုလုံးအတွက်ပါ ကြီးမားသော ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်ကြောင်း သဝဏ်လွှာများတွင် ဖော်ပြထားသည်။
နွေဦးတော်လှန်ရေးကာလတွင်လည်း မျိုးဆက်သစ်လူငယ်များအား နိုင်ငံရေး အတွေ့အကြုံများနှင့် သင်ခန်းစာများကို မျှဝေပေးခဲ့ကြောင်း၊ ခေတ်အဆက်ဆက် ဖြတ်သန်းလာခဲ့သော သူ၏ နိုင်ငံရေးအတွေ့အကြုံများနှင့် အမျိုးသားရေးအပေါ် ထားရှိသည့် ခံယူချက်များသည် မျိုးဆက်သစ်များအတွက် ဆက်လက် လေ့လာသင်ယူစရာ အမွေအနှစ်များအဖြစ် ကျန်ရစ်နေမည် ဖြစ်ကြောင်းလည်း မွန်ပြည် ကာကွယ်ရေးတပ် (MSDF) ၏ သဝဏ်လွှာတွင် ဖော်ပြထားသည်။
လူပုဂ္ဂိုလ် တစ်ဦး၏ ဘဝခရီး အဆုံးသတ်သွားသော်လည်း သူ၏ ဖြတ်သန်းခဲ့သော သမိုင်း၊ ရပ်တည်ခဲ့သော ခံယူချက်နှင့် ကြိုးပမ်းအားထုတ်မှုများ၏ တန်ဖိုးသည် ပျောက်ကွယ်သွားမည် မဟုတ်ကြောင်း၊ နိုင်သုဝဏ္ဏ ကွယ်လွန်မှုသည် မွန်အမျိုးသားနိုင်ငံရေးလောကအတွက် ဝါရင့် ခေါင်းဆောင် တစ်ဦးကို ဆုံးရှုံးရခြင်းဖြစ်သကဲ့သို့ မျိုးဆက်သစ်များအတွက်လည်း သမိုင်းအတွေ့အကြုံများကို တိုက်ရိုက် လက်ဆင့်ကမ်းပေးနိုင်သူတစ်ဦး ဆုံးရှုံးရခြင်းဖြစ်သည်။