RNA_နိုဝင်ဘာ(၂၀)၊၂၀၂၆ခုနှစ်။
လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ချမှတ်ရေးဆိုင်ရာ သဘောတူစာချုပ် ကျင့်သုံးမှုအရ မြန်မာ-ဂမ်ဘီယာအမှု၌ နိုင်ငံတကာတရားရုံး (ICJ) ၏ အပြီးသတ်အမိန့် ဆုံးဖြတ်ချက်အပေါ် ကြိုဆိုကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ယနေ့ (နိုဝင်ဘာ ၂၀ ရက်) ထုတ်ပြန်ထားသည်။
ဖိလစ်ပိုင်နိုင်ငံအနေဖြင့် နိုင်ငံတကာဥပဒေများကို အပြည့်အဝလိုက်နာပြီး အငြင်းပွားမှုများအား ငြိမ်းချမ်းစွာဖြေရှင်းရေးကို ထောက်ခံကြောင်း ထပ်လောင်းပြောကြားခဲ့ကာ လူမျိုးတုံးသတ်ဖြတ်မှု တားဆီးရေးနှင့် ပြစ်ဒဏ်ပေးရေးဆိုင်ရာ သဘောတူညီမှုစာချုပ်အောက်ရှိ နိုင်ငံများအနေဖြင့်လည်း ၎င်းတို့၏ တာဝန်ဝတ္တရားများကို လိုက်နာရန် လိုအပ်ကြောင်း ပြောကြားထားသည်။
ထို့ပြင် ကုလသမဂ္ဂလက်အောက်ရှိ တရားစီရင်ရေးဌာနဖြစ်သော ICJ ၏ အမိန့်ဆုံးဖြတ်ချက်များအပေါ် သက်ဆိုင်ရာနိုင်ငံများအနေဖြင့် လေးစားလိုက်နာရန် အရေးကြီးကြောင်းလည်း အာဆီယံအလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဖိလစ်ပိုင်က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ပဋိပက္ခအတွင်း အရပ်သားပြည်သူများနှင့် ထိရှလွယ်သူများအပေါ် ဆိုးရွားသည့် အကျိုးသက်ရောက်မှုများ ရှိလာပါက ၎င်းတို့၏ ဘေးကင်းလုံခြုံရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကိစ္စရပ်များအတွက် ဖိလစ်ပိုင်အနေဖြင့် စိုးရိမ်မှုများ ရှိနေကြောင်း၊ အကူအညီ လိုအပ်နေသူများထံ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အဟန့်အတားမရှိ ပေးပို့နိုင်ရန် မရှိမဖြစ် လိုအပ်ကြောင်းလည်း ပြောကြားထားသည်။
ရိုဟင်ဂျာများအပေါ် မြန်မာစစ်တပ် (စစ်အုပ်စု) ၏ လူမျိုးတုံးသတ်ဖြတ်မှု (ဂျီနိုဆိုက်) ကျူးလွန်ခဲ့သည့်အပေါ် တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် ပျက်ကွက်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံသည် ဂျီနိုဆိုက် ကျူးလွန်မှု၌ တာဝန်ရှိကြောင်း ICJ က ဆုံးဖြတ်ခဲ့သည့်အပေါ် ရန်ကုန်ရှိ ယူကေသံရုံးကလည်း ထောက်ခံကြောင်း ထုတ်ပြန်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အခြားလူ့အခွင့်အရေး အဖွဲ့အစည်းများက ထောက်ခံကြောင်း ထုတ်ပြန်ထားကြသည်။