မလေးရှားရှိ ရိုဟင်ဂျာဒုက္ခသည် (၁၀၀၀၀) ကျော်ကို တူရကီ ခေါ်ယူမည်

RNA_နိုဝင်ဘာ(၂၀)၊၂၀၂၆ခုနှစ်။

မလေးရှားနိုင်ငံသို့ ရောက်ရှိနေသည့် ရိုဟင်ဂျာဒုက္ခသည် (၁၀၀၀၀) ကျော်ကို တူရကီနိုင်ငံက ခေါ်ယူမည့်အပေါ် မလေးရှားနှင့် တူရကီ နှစ်နိုင်ငံကြား သဘောတူညီမှုရရှိထားကြောင်း၊ ၎င်းတို့အား အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ပို့ချပေးနေကြောင်း မလေးရှားအစိုးရက ယနေ့ (နိုဝင်ဘာ ၂၀ ရက်) ထုတ်ပြန်ထားသည်။

ယင်းအစီအစဉ်ကို မလေးရှား ဒုဝန်ကြီးချုပ် အာမက်ဇာဟစ်ဟာမီဒီက ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ ရိုဟင်ဂျာ (၁၀၀၀၀) ကျော်အား လက်ခံပေးခဲ့သည့် တူရကီသည် ကမ္ဘာတစ်ဝန်း ဒုက္ခသည်ပြန်လည်နေရာချထားမှု အများဆုံးနိုင်ငံများထဲတွင် တစ်ခုအပါအဝင် ဖြစ်လာသည်။

မလေးရှား ဒုဝန်ကြီးချုပ်၏ ထုတ်ပြန်ချက်သည် ရိုဟင်ဂျာများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်မှုရာ၌ မြန်မာနိုင်ငံက တာဝန်ရှိသည်ဟု နိုင်ငံတကာတရားရုံး (ICJ) က အပြီးသတ်အမိန့်ချမှတ်ခဲ့ကြောင်း ဆုံးဖြတ်ခဲ့ပြီး တစ်ရက်အကြာတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

ရိုဟင်ဂျာဒုက္ခသည်များအား လက်ခံရန် မလေးရှားအစိုးရက တူရကီအစိုးရထံ အဆိုပြုတင်ပြခဲ့ခြင်းဖြစ်ပြီး မလေးရှားအစိုးရအနေဖြင့် ရိုဟင်ဂျာဒုက္ခသည်များအပေါ် လူသားဆန်စွာဖြင့် ကူညီဆောင်ရွက်ပေးနိုင်ရေးအတွက် အလေးထားလုပ်ဆောင်နေကြောင်း အာမက်ဇာဟစ်က ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

“ရိုဟင်ဂျာဒုက္ခသည် (၁၀၀၀၀) ကျော်ကို တူရကီက လက်ခံမယ်ဆိုတဲ့အပေါ် ကျွန်တော်တို့အနေနဲ့ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်။ ဒါဟာ နိုင်ငံတော်လုံခြုံရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီမံခန့်ခွဲရေး စိန်ခေါ်မှုတွေအတွက် မလေးရှားအနေနဲ့ ကာလရှည်ဖြေရှင်းနေရမှုအပေါ် အရေးကြီးတဲ့ ခြေလှမ်းတစ်ခုလည်း ဖြစ်ပါတယ်” ဟု အာမက်ဇာဟစ်က ဆိုသည်။

ရိုဟင်ဂျာများ ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ တူရကီအစိုးရအနေဖြင့် ၎င်းတို့၏ သက်ဆိုင်ရာအာဏာပိုင်များနှင့် ဆက်လက်လုပ်ဆောင်သွားရန်ရှိနေပြီး ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အခြားဆက်နွယ်သည့် အေဂျင်စီများကလည်း ရိုဟင်ဂျာများအတွက် လိုအပ်သည့် အထောက်အထားစာရွက်စာတမ်းများနှင့် သင်တန်းများ ပေးနေကြောင်း ၎င်းက ဆိုသည်။

အစောပိုင်းကာလက ရိုဟင်ဂျာဒုက္ခသည်များအား မြန်မာနိုင်ငံသို့ ပြန်ပို့ရန် မလေးရှားအစိုးရက ပြင်ဆင်ခဲ့ချိန် မလေးရှားနိုင်ငံတွင်းရှိ လူ့အခွင့်အရေးအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချမှုများရှိခဲ့သည်။

UNHCR ၏ အချက်အလက်များအရ မလေးရှားနိုင်ငံတွင်း၌ မြန်မာရွှေ့ပြောင်းဒုက္ခသည် (၁၉၃၀၀၀) ရှိနေပြီး ယင်းတို့အထဲတွင် ရိုဟင်ဂျာဒုက္ခသည်များက အများဆုံးရှိနေကြောင်း၊ ယခုနှစ်အတွင်း မြန်မာနိုင်ငံသား (၁၀၀၀၀) ကျော်ကို မလေးရှားအစိုးရက နေရပ်ပြန်ပို့မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

By RNA Editor