RNA_နိုဝင်ဘာ(၁၇)၊၂၀၂၆ခုနှစ်။
အာဆီယံအနေဖြင့် ဘုံသဘောတူညီချက် (၅) ရပ်ကို ဆက်လက်စွဲကိုင်ထားသော်လည်း မြန်မာဘက်မှ လုပ်ဆောင်နေသည့် တိုးတက်မှုများကို အသိအမှတ်ပြုသင့်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီရာဟင်က နိုဝင်ဘာ (၁၆) ရက်တွင် ပြောကြားထားသည်။
မြန်မာဘက်မှ လုပ်ဆောင်မှုများသည် မျှော်လင့်ထားသည့် တိုးတက်မှုများရှိလာသည့်အတွက် တင်းကြပ်သည့် မူဝါဒများထက် ပိုမိုလိုက်လျောညီထွေရှိမည့် ချဉ်းကပ်မှုဖြင့် ထိတွေ့ဆက်ဆံသင့်ကြောင့် မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့ခြင်းဖြစ်သည်။
“ကျွန်တော်တို့အနေနဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက် (၅) ရပ်ကို လက်ခံပါတယ်။ တပြိုင်တည်းမှာပဲ မြန်မာဘက်က လုပ်ဆောင်မှုတွေကိုလည်း အသိအမှတ်ပြုပြီး သူတို့ကို နေရာအချို့ပေးသင့်ပါတယ်။ သူတို့ရဲ့ လုပ်ဆောင်မှုတွေက ကျွန်တော်တို့ မျှော်လင့်ထားတာထက် ပိုလုပ်လာနိုင်ပါတယ်”ဟု အီဘရာဟင်က မလေးရှားသတင်းဌာနများကို ပြောသည်။
မြန်မာ့အရေးအပေါ် အာဆီယံခေါင်းဆောင်များအနေဖြင့် မည်ကဲ့သို့ ရပ်တည်မှုရှိသနည်းဟု သတင်းဌာနများ၏ မေးမြန်းမှုအပေါ် အီရာဟင်က “မြေပြင်အခြေအနေ တိုးတက်မှုများအပေါ် မူတည်ပြီး မြန်မာဘက်က ဆောင်ရွက်ချက်အပိုင်းလိုက် တိုးတက်မှုအား ချိန်ဆထိတွေ့ဆက်ဆံသွားမည်ဖြစ်ကြောင်း” ပြန်လည်ဖြေကြားထားသည်။
မြန်မာကို အာဆီယံထိပ်သီးအစည်းအဝေးများမှ ဖယ်ကျဉ်ထားခြင်းထက် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ဆက်လက်ထားရှိပြီး ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်ခြင်းကသာ ပိုမိုကောင်းမွန်ကြောင်း နိုဝင်ဘာ (၁၅) ရက် အစည်းအဝေးတွင် မလေးရှားက အဆိုပြုတင်ပြခဲ့သည်ဟု ၎င်းက ပြောသည်။
ထိုင်း၊ ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတို့အပါအဝင် နိုင်ငံအချို့က မြန်မာ(စစ်အုပ်စု) ကို ဖိတ်ကြားဆွေးနွေးမှုများရှိနေပြီး အင်ဒိုနီးရှားကလည်း မကြာမီကာလအတွင်း တွေ့ဆုံဆွေးနွေးရန်ရှိနေကြောင်း၊ မလေးရှားအနေဖြင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အီဘရာဟင်က ထောက်ပြပြောဆိုထားသည်။
ထို့ပြင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး၌ မြန်မာ(စစ်အုပ်စု) နိုင်ငံခြားရေးဝန်ကြီးကို ဖိတ်ကြားသင့်ကြောင်း မလေးရှားဝန်ကြီးချုပ်က မှတ်ချက်ပြုပြောကြားထားသည်။ စစ်အုပ်စု နိုင်ငံခြားရေးဝန်ကြီးကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ဖိတ်ကြားရန် ထိုင်းကလည်း အဆိုပြုထားသည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် အာဆီယံက မြန်မာအပေါ် ဘုံသဘောတူညီချက် (၅) ရပ် ချမှတ်ခဲ့ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ အားလုံးပါဝင်ပြီး ခိုင်မာသည့် တွေ့ဆုံဆွေးနွေးမှုများ လုပ်ဆောင်ရန်နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများ အဟန့်အတားမရှိ ဝင်ရောက်ခွင့်ပြုရန် တောင်းဆိုထားသည်။