RNA_နိုဝင်ဘာ(၁၆)၊၂၀၂၆ခုနှစ်။
ကရင်ပြည်နယ်အတွင်းရှိ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) စင်တာ တိုင်ချန် (Tai Chang) ၏ ငွေကြေးလည်ပတ်မှုနှင့်ပတ်သက်၍ သတင်းပေးနိုင်သူကို အမေရိကန်အစိုးရက ဒေါ်လာ (၁၀) သန်း ချီးမြှင့်ဖြစ်ကြောင်း ယနေ့ (နိုဝင်ဘာ ၁၆ ရက်) ထပ်မံသတင်းထုတ်ပြန်ထားသည်။
အမေရိကန်အစိုးရက ဆုငွေထုတ်ထားသည့် တိုင်ချန်ကျားဖြန့်စင်တာနေရာသည် မြဝတီမြို့တောင်ဘက် ကျောက်ခတ်ဒေသ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA) ထိန်းချုပ်ဒေသအတွင်း တည်ရှိနေပြီး တိုင်ချန်ကျားဖြန့်စင် နေရာ (၄) ခုကို ကိုဩဒိနိတ်အတူ ဖော်ပြထားခြင်းဖြစ်သည်။
တိုင်ချန်ကျားဖြန့်စင်တာ ငွေကြေးလည်ပတ်မှုနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဧပြီလ (၂၃) ရက်ကတည်းက ဆုကြေးငွေထုတ်ထားခြင်းဖြစ်ပြီး ယခု နိုဝင်ဘာလ၌ ဒုတိယအကြိမ် ထပ်မံထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ တိုင်ချန်ကျားဖြန့်နှင့်ပတ်သက်၍ ငွေကြေးခဝါချမှု သတင်းပေးနိုင်သူကို ဒေါ်လာ (၁၀) သန်း ချီးမြှင့်မည်ဟု ဆိုသည်။
အရှေ့တောင်အာရှ၏ ကျားဖြန့်စင်တာများကြောင့် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်းက အမေရိကန်နိုင်ငံသားများ၏ ငွေကြေး (၇ ဒသမ ၂) ဘီလီယံထက်မနည်း ဆုံးရှုံးခဲ့ကြောင်း အမေရိကန်အစိုးရက ထုတ်ပြန်ထားပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန လက်အောက်ခံ မူးယစ်ဆေးဝါးနှင့် တရားဥပဒေစိုးမိုးရေးဗျူရို (INL) က ဆုကြေးငွေ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
တိုင်ချန်ကျားဖြန့်စင်တာသည် ခရစ်ပတိုငွေကြေး ရင်းနှီးမြှုပ်နှံမှုများကိုလည်း လုပ်ဆောင်နေပြီး ကျောက်ခတ်ဒေသရှိ ခြံဝင်းများအတွင်း လက်နက်ကိုင်အဖွဲ့များ၏ အစောင့်အကြပ်များနှင့်အတူ အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းများ လည်ပတ်နေကြောင်း အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ထုတ်ပြန်ထားသည်။