RNA_နိုဝင်ဘာ(၁၆)၊၂၀၂၆ခုနှစ်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့မှ အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမား (၂) ဦးကို တင်ဆောင်လာသည့်ကားကို အယုဒ္ဓခရိုင် ဘန်ပါဟန်မြို့ ခါရိုင်ရပ်ကွက် အဝေးပြေးလမ်းမတစ်နေရာ၌ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားသည်။
နိုဝင်ဘာ (၁၅) ရက်က Toyota Hilux Revo ကားတစ်စီးကို အမြန်လမ်းရဲတပ်ဖွဲ့က တားဆီးစစ်ဆေးချိန် အထောက်အထားမဲ့ မြန်မာ (၂) ဦးကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်ကို မောင်းနှင်လာသူသည် မြန်မာနိုင်ငံသား (၁) ဦးဖြစ်ကြောင်း သိရသည်။
အယုဒ္ဓယခရိုင် အမြန်လမ်းရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းချိန် အထောက်အထားမဲ့ မြန်မာ (၂) ဦးကို တစ်ဦးလျှင် ဘတ် (၂၀၀၀) နှုန်းဖြင့် မဲဆောက်မှ ချွန်ဘူရီသို့ ပို့ဆောင်ရန် ခေါ်ဆောင်လာခြင်းဖြစ်ကြောင်း အသက် (၂၇) နှစ်အရွယ် အမျိုးသားနှင့် အသက် (၂၁) နှစ်အရွယ် အမျိုးသမီးတို့ဖြစ်ကြောင်း သိရသည်။
၎င်းတို့ (၂) ဦးသည် မြန်မာ-ထိုင်းနယ်စပ်မှတဆင့် တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်အကိုင်ရရှိရန်အတွက် ကြားခံဆောင်ရွက်ပေးသူ (ပွဲစား) ကို တစ်ဦးလျှင် ဘတ် (၁၇၀၀၀) မှ (၁၈၀၀၀) အထိပေးခဲ့ရကြောင်း ဝန်ခံထွက်ဆိုထားသည်။
အထောက်အထားမဲ့ မြန်မာ (၂) ဦးကို တင်ဆောင်လာသည့် ယာဉ်မောင်းဖြစ်သူ မြန်မာအမျိုးသားကို လူကုန်ကူးမှုဖြင့် အယုဒ္ဓယခရိုင် အမြန်လမ်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး မော်တော်ယာဉ်ကိုလည်း သိမ်းဆည်းခဲ့ကြောင်း၊ ၎င်းတို့ကို ဘန်ပါဟန်ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပြီး ဥပဒေအရ အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။