RNA_နိုဝင်ဘာ(၁၅)၊၂၀၂၆ခုနှစ်။
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဗျာလစစ်ဘေးရှောင်စခန်းကို စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင်ပြည်သူ (၁၂) ဦး သေဆုံးခဲ့ပြီး (၁၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က နိုဝင်ဘာ (၁၄) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။
ယိုးငူနှင့် သရက်ချိုကျေးရွာကြားရှိ ဗျာလစစ်ဘေးရှောင်စခန်းကို နိုဝင်ဘာ (၁၄) ရက် ည (၇) နာရီအချိန်ခန့်တွင် ဂျက်ဖိုက်တာလေယာဉ် (၁) စင်းဖြင့် ဗုံး (၂) လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်အဆောက်အအုံများ၊ နေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး အပြစ်မဲ့ပြည်သူ ထိခိုက်သေဆုံးမှု ရှိခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် နိုဝင်ဘာ (၁၄) နံနက်အစောပိုင်း (၁) နာရီခွဲဝန်းကျင်၌ ရမ်းဗြဲမြို့နယ် သဇင်တန်ပေါက်တံတားနှင့် သံသမချေတံတားတို့ကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နံနက် (၂) နာရီဝန်းကျင်၌ မင်းပြား (အဉ္ဇနပူရ)မြို့နယ် စွန်ရဲရွာတံတားကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
တိုက်ပွဲပြင်းထန်နေသည့် ကျောက်ဖြူမြို့နယ် စနဲမြို့ တောင်ငူစုရပ်ကွက်ကို စစ်အုပ်စု နိုဝင်ဘာ (၁၄) ရက် နံနက် (၉) နာရီခွဲဝန်းကျင်တွင် စစ်သင်္ဘောဖြင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ဒေသခံနေအိမ် (၇) လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
ဗျာလစစ်ဘေးရှောင်စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုသည် (၂) လအတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ပြီးခဲ့သည့် အောက်တိုဘာ (၄) ရက်ကည်း စစ်အုပ်စုက ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်ပြည်သူ (၆) ဦး သေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရမှုရှိခဲ့သည်။