RNA_နိုဝင်ဘာ(၁၃)၊၂၀၂၆ခုနှစ်။
အာဏာသိမ်း စစ်အုပ်စု လုံခြုံရေးတင်းကြပ်ထားသည့် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ (UN) ရုံးရှေ့၌ စစ်အုပ်စု၏ လူမျိုးတုံးသတ်ဖြတ်မှုအကြောင်းအရာပါ စာတန်းကို ချိတ်ဆွဲပြီး လူထုလှုပ်ရှားမှုတစ်ရပ်ကို ရန်ကုန်တော်လှန်ညီနောင် (၄) ဖွဲ့ (Yangon 4 Brothers) က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်ဖုန်ကက်ကော် နေပြည်တော်သို့ လာရောက်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံနေချိန် “မင်းအောင်လှိုင်နှင့် လက်ဆွဲနှုတ်ဆက်ခြင်းသည် လူမျိုးတုံးသတ်ဖြတ်မှုကို အားပေးခြင်းဖြစ်သည်” (SHAKING HANDS WITH MIN AUNG HLAING SHAKES HANDS WITH GENOCIDE) ဆိုသည့် စာတန်းကို ရန်ကုန်တော်လှန်ညီနောင် (၄) ဖွဲ့က ကုလသမဂ္ဂရုံးရှေ့၌ လှုပ်ရှားမှု လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလက ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ကျင်းပခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံအချို့က စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှုများ လုပ်ဆောင်လာချိန် စစ်အုပ်စုနှင့် လက်ဆွဲနှုတ်ဆက်ခြင်းသည် ၎င်းတို့၏ အကြမ်းဖက်မှုများအား အားပေးခြင်းဖြစ်ကြောင်း ရန်ကုန်တော်လှန်ညီနောင် (၄) ဖွဲ့က ပြောကြားထားသည်။



Photo : Yangon 4 Brothers
မြန်မာပြည်သူများအပေါ် စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုနှင့် လက်ဆွဲနှုတ်ဆက်ခြင်းသည် ၎င်းတို့အား သံတမန်ရေးအရ အသိအမှတ်ပြုရုံသာမက ပြည်သူများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေမှုများကို အားပေးရာရောက်ကြောင်း၊ အာဆီယံ၊ အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်အုပ်စုနှင့် စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ခြင်းများ မလုပ်ဆောင်ကြရန်လည်း တိုက်တွန်းထားသည်။
အာဆီယံအပါအဝင် နိုင်ငံတကာတာဝန်ရှိသူများအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF) နှင့် တရားဝင်ထိတွေ့ဆက်ဆံခြင်၊ သံတမန်ရေးရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ချိတ်ဆက်ဆောင်ရွက်ခြင်းများ လုပ်ဆောင်ကြရန်လည်း တိုက်တွန်းထားသည်။
၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုက အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် နိုင်ငံတစ်ဝန်း အရပ်သားပြည်သူ (၈၆၇၉) ဦးအထိ သေဆုံးခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ နိုဝင်ဘာ (၁၂) ရက် အချက်အလက်များအရ သိရသည်။
#REDNEWS #RNA #RedNewsAgency