RNA_အောက်တိုဘာ(၃၀)၊၂၀၂၆ခုနှစ်။
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တိုက်ပွဲများအတွင်း စစ်အုပ်စုဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်းခရိုင် အမှတ် (၄) တပ်ရင်းက ယနေ့ (အောက်တိုဘာ ၃၀ ရက်) ညပိုင်းတွင် ထုတ်ပြန်ထားသည်။
ရွှေဘို-မြစ်ကြီးနားကားလမ်းပိုင်းတစ်လျှောက်ရှိ ကျောင်းကုန်း၊ မအူကုန်း၊ ဂျုံးဂျုံးကျ၊ မဲဇာ၊ နန့်သဲ၊ လယ်ပြင်၊ နောင်မိုးနှင့် သံဘိုရွာတို့ကို စစ်ကြောင်းထိုးနေသည့် အင်အား (၃၀၀) ကျော်ပါ စစ်အုပ်စုတပ်ဖွဲ့ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။
စစ်အုပ်စု တပ်မ (၃၃) မှ စစ်ကြောင်းသည် ယခု အောက်တိုဘာလဆန်းပိုင်းကတည်းက မဲဇာရွာမှ စစ်ကြောင်း (၂) ကြောင်းခွဲကာ ဝန်းသို-အင်းတော်လမ်းပိုင်းနှင့် အင်းတော်-ထီးချိုင့်လမ်းပိုင်းတို့သို့ စစ်ကြောင်းထိုးနေချိန် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲပြင်းထန်ခဲ့ခြင်းဖြစ်သည်။
အင်းတော်မြို့ ထိတွေ့တိုက်ပွဲများအတွင်း စစ်အုပ်စုတပ်ဖွဲ့များ အထိနာခဲ့ခြင်းကြောင့် လေကြောင်းပစ်ကူများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း၊ Y-12 ထောက်ပို့လေယာဉ်ဖြင့် စားနပ်ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပို့ဆောင်ချိန် သိမ်းယူရရှိခဲ့ကြောင်း ကောလင်းခရိုင် တပ်ရင်း (၄) က ဖော်ပြထားသည်။
စစ်ကိုင်းတိုင်း အထက်ပိုင်းနှင့် ကချင်ပြည်နယ်အစပ် တိုက်ပွဲများအတွင်း ကောလင်းခရိုင် အမှတ် (၁၊ ၂၊ ၃၊ ၄) တပ်ရင်းများနှင့်အတူ ခရိုင်၊ မြို့နယ်တို့မှ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များနှင့် မဟာမိတ်အဖွဲ့များကလည်း ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း သိရသည်။