RNA_အောက်တိုဘာ(၃၀),၂၀၂၆ခုနှစ်။
မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့ မင်းလက်ပံဒေသအနီး တိုက်ပွဲများကြောင့် ထိုင်း-မြန်မာနယ်စပ်မှ ကုန်စည်ပို့သည့်ဂိတ်အချို့အား (၇) ရက် ပိတ်သိမ်းထားမည်ဖြစ်ကြာင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။
ယနေ့ (အောက်တိုဘာ ၃၀ ရက်) မှစတင်၍ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်နှင့် မဲဆောက်မြို့နယ်တို့ရှိ ဂိတ်အချို့မှတဆင့် ပို့ကုန်/သွင်းကုန် လုပ်ဆောင်နေမှုများကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ပြီး နယ်စပ်လုံခြုံရေးကို တိုးမြှင့်စောင့်ကြပ်သွားမည်ဟု ဆိုသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်များနှင့် စစ်အုပ်စုကြား မင်းလက်ပံဒေသအနီး တိုက်ပွဲများကြောင့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများအတွင်း ထိုင်းဘက်ခြမ်းရှိ ဒေသခံပြည်သူအချို့ကို ထိမှန်ခဲ့ချိန် ထိုင်းအစိုးရနှင့် စစ်တပ်မှ နယ်စပ်လုံခြုံရေးတင်းကြပ်လာခြင်း ဖြစ်သည်။
မြန်မာဘက်ခြမ်း တိုက်ပွဲများကြောင့် နယ်စပ်ဂိတ်အချို့ကို နိုဝင်ဘာ (၅) ရက်နေ့အထိ ယာယီရပ်ဆိုင်းထားရန် နရစွမ်နယ်ခြားစောင့်တပ်ဖွဲ့က မဲဆောက်အကောက်ခွန်ဌာနသို့ အကြောင်းကြားခဲ့ခြင်းလည်း ဖြစ်သည်။
ယာယီရပ်ဆိုင်းထားသော နယ်စပ်ဂိတ်များသည် အမှတ် (၁) ထိုင်း-မြန်မာချစ်ကြည်ရေးတံတား တောင်ဘက်မှ ဖုတ်ဖရတ်မြို့နယ်ကြားရှိ ဂိတ်များအားလုံးပါဝင်ပြီး ယင်းနယ်စပ်ဂိတ်များမှတဆင့် ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်မှုကိုလည်း ယာယီတားမြစ်ထားကြောင်း နရစွမ်နယ်ခြားစောင့်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
Photo: Frontier