RNA_အောက်တိုဘာ(၃၀)၊၂၀၂၆ခုနှစ်။
ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမားများအနေဖြင့် အလုပ်လုပ်ခွင့်စာချုပ်သက်တမ်းပြည့်ပါက ရက်ပေါင်း (၃၀) နေရပ်ပြန်ရန်မလိုအပ်ဘဲ သက်တမ်းတိုးနိုင်မည့်ဥပဒေသစ်ကို အကောင်အထည်ဖော်ရန် ထိုင်း-မြန်မာ နှစ်နိုင်ငံ တာဝန်ရှိသူများက သဘောတူညီမှုရထားကြောင်း ထိုင်းသတင်းဌာန The Thaiger က ယနေ့ (အောက်တိုဘာ ၃၀ ရက်) ဖော်ပြထားသည်။
ထိုင်း-မြန်မာ နှစ်နိုင်ငံ သဘောတူစာချုပ် (MoU) ဖြင့် အလုပ်လုပ်ကိုင်နေသည့် ရွှေ့ပြောင်းအလုပ်သမားများသည် (၄) နှစ်သက်တမ်း အလုပ်လုပ်ခွင့်စာချုပ် ချုပ်ဆိုထားရခြင်းဖြစ်ပြီး စာချုပ်သက်တမ်းပြည့်ပါက သက်တမ်းတိုးရန်အတွက် မြန်မာသို့ ရက် (၃၀) ပြန်လည်ဝင်ရောက်ရခြင်း ဖြစ်သည်။
MoU စာချုပ်အရ ယခု ၂၀၂၆ ခုနှစ်အတွင်း၌ မြန်မာအလုပ်သမား (၄၅၈၃၄) ဦးသည် အလုပ်လုပ်ခွင့် စာချုပ်သက်တမ်းပြည့်မည်ဖြစ်ပြီး လာမည့် ၂၀၂၇ ခုနှစ်အတွင်း အခြားမြန်မာအလုပ်သမား (၄၆၉၀၆) ဦးတို့သည် အလုပ်လုပ်ခွင့်စာချုပ်သက်တမ်း ပြည့်မည်ဖြစ်သည်။
ထိုင်းအလုပ်သမားဦးစီးဌာနက ထုတ်ပြန်ထားသည့် အချက်အလက်များအရ မြန်မာအလုပ်သမား စုစုပေါင်း (၉၂၇၄၀) ဦးသည် ၂၀၂၆-၂၀၂၇ ကာလအတွင်း အလုပ်လုပ်ခွင့် စာချုပ်သက်တမ်း ပြည့်မည်ဖြစ်သောကြောင့် အလုပ်ရှင်များက ၎င်းတို့၏ကျွမ်းကျင်လုပ်သားများကို နေရပ်မပြန်ဘဲ သက်တမ်းတိုး အလုပ်လုပ်ကိုင်ခွင့် ဆက်လက်ရရှိစေလိုကြောင်း တောင်းဆိုမှုများ ရှိနေသည်။
လုပ်ငန်းကျွမ်းကျင်မှုရှိသည့် အလုပ်သမားများကို နေရပ်ပြန်စရာမလိုဘဲ သက်တမ်းတိုးခွင့်ရပါက နိုင်ငံ့စီးပွားရေးကိုလည်း အထောက်အကူဖြစ်စေမည်ဖြစ်ပြီး ယင်းသို့မဟုတ်ပါက ကျွမ်းကျင်လုပ်သား ရှားပါးမှု အခက်အခဲနှင့် ကြုံတွေ့ရနိုင်ကြောင်းလည်း ထောက်ပြပြောဆိုထားသည်။
သို့သော် အလုပ်သမားများ အလုပ်လုပ်ခွင့် သက်တမ်းတိုးရန်အတွက် အလုပ်ရှင်၏ အချက်အလက်များ၊ အလုပ်သမားများ၏ နိုင်ငံကူးလက်မှတ်၊ ကျန်းမာရေးစစ်ဆေးမှု၊ ဗီဇာနှင့် အလုပ်လုပ်ခွင့်ဆိုင်ရာ အချက်အလက်များကိုလည်း ကနဦးစစ်ဆေးမှု လုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။
ထိုင်းအစိုးရအနေဖြင့် ပြည်ပအလုပ်သမားများအပေါ် မှီခိုမှုကို လျှော့ချနိုင်ရန် ပြင်ဆင်မှုများရှိနေသော်လည်း ၂၀၂၇ ခုနှစ် နှစ်ဆန်းပိုင်း၌ သီရိလင်္ကာနိုင်ငံသားများအပါအဝင် အလုပ်သမားများ (၁၀၀၀၀) ကျော်ကို ခေါ်ယူရန်ရှိနေပြီး လာမည့်နှစ်အတွင်း နီပေါ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အလုပ်သမားများကိုလည်း ခေါ်ယူရန် ရှိနေကြောင်း သိရသည်။