RNA_အောက်တိုဘာ(၂၂)၊၂၀၂၆ခုနှစ်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့နယ်မှတဆင့် မြန်မာနိုင်ငံဘက်သို့ တရားမဝင် ပို့ဆောင်မည့် iPhone အလုံးရေ (၁၀၀၀) ကို တာ့ခ်ခရိုင် အကောက်ခွန်ဦးစီးဌာန တာဝန်ရှိသူများက သိမ်းဆည်းရရှိခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြထားသည်။
ထိုင်းဘတ်ငွေ (၇) သန်းကျော်တန်ဖိုးရှိ iPhone များကို တာ့ခ်ခရိုင် အကောက်ခွန်ဦးစီးဌာနနှင့် နယ်ခြားစောင့်အထူးတပ်ဖွဲ့မှ တာဝန်ရှိသူများက အောက်တိုဘာ (၁၇) ရက်တွင် ထဆောင်လွတ်ကျေးရွာအနီး၌သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထဆောင်းလွတ်ကျေးရွာအနီး သောင်းရင်းမြစ်ကမ်းဘေး၌ မြန်မာဘက်ကို ပို့ဆောင်ရန် ပြင်ဆင်ထားဖွယ်ရှိသည့် iPhone များကို ထိုင်းအာဏာပိုင်များက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အခွန်ပေးဆောင်ထားသည့် စာရွက်စာတမ်းများကို မတွေ့ရှိရကြောင်းနှင့် မည်သူမည်ဝါပိုင်ဆိုင်ကြောင်းကိုလည်း မသိရှိရသေးကြောင်း ထိုင်းအာဏာပိုင်များက ပြောသည်။
ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သည့် iPhone အလုံးရေ (၁၀၀၀)နှင့် သက်သေခံပစ္စည်းများကို တာဝန်ရှိသူများထံ လွှဲပြောင်းအပ်နှံခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နေကြောင်း၊ သံသယရှိသူအား ရှာဖွေတွေ့ရှိပါက တရားမဝင်ပို့ကုန်တင်မှုအတွက် အကောက်ခွန်ဥပဒေများဖြင့် အရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ပြောကြားထားသည်။