မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့်ရခဲ့ကြောင်း ကင်မ်အဲရစ် ပြော

RNA_အောက်တိုဘာ(၂၂)၊၂၀၂၆ခုနှစ်။

နေပြည်တော်၌ မတရားဖမ်းဆီးခံထားရသည့် မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောခွင့်ရရှိခဲ့ကြောင်း သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ၎င်း၏ လူမှုကွန်ရက်တဆင့် ယနေ့ (အောက်တိုဘာ ၂၂ ရက် ) တွင် အသိပေးဖော်ပြထားသည်။

“ဒီနေ့ ငါးနှစ်ကျော်ကြာပြီးမှ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားပြောခွင့်ရခဲ့ပါတယ်။ မေမေ့အသံကို ပြန်ကြားရတာ ကျွန်တော့်အတွက် စကားလုံးတွေနဲ့ ဖော်ပြလို့မရလောက်အောင် အဓိပ္ပာယ်ရှိပါတယ်” ဟု ကင်မ်အဲရစ်က ရေးသားထားသည်။

မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရန် ကင်မ်အဲရစ်က စစ်အုပ်စု သက်ဆိုင်ရာသံရုံးများနှင့် နိုင်ငံတကာအဖွဲ့အစည်းများထံမှတဆင့် အကြိမ်ကြိမ် တောင်းဆိုခဲ့ပြီးနောက် (၅) နှစ်ကျော်ကာလအတွင်း မိခင်ဖြစ်သူနှင့် ပထမဆုံးအကြိမ် စကားပြောဆိုခွင့်ရရှိခဲ့ခြင်း ဖြစ်သည်။

စစ်တပ်အာဏာသိမ်း (၅) နှစ်ကျော်ကာလအတွင်း နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို စစ်အုပ်စုက မတရားဖမ်းဆီးထားခဲ့ပြီးနောက် ပြီးခဲ့သည့် ဧပြီလအတွင်းက နေပြည်တော်ရှိ ကန့်သတ်ထားသည့် နေအိမ်တစ်ခုသို့ ပြောင်းရွှေ့ထားခဲ့ကြောင်း စစ်အုပ်စုက ထုတ်ပြန်ထားသည်။

မိခင်ဖြစ်သူနှင့် စကားပြောဆိုခွင့်ရရှိခဲ့မှုအပေါ် ကင်မ်အဲရစ်က ၎င်းဘက်မှ ရပ်တည်အားပေးခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ကြောင်းနှင့် အားလုံဂ၏ တောင်းဆိုမှုကြောင့် ယခုကဲ့သို့ အခွင့်အရေးရလာခြင်းဖြစ်ကြောင်း၊ မိခင်ဖြစ်သူ လွတ်မြောက်ရန် ဆက်လက်တောင်းဆိုပေးကြရန် ကင်မ်က ပြောထားသည်။

အသက် (၈၁) နှစ်အရွယ် မိခင်ဖြစ်သူကို စစ်အုပ်စုက ဓားစာခံသဖွယ် ဆက်လက်ထိန်းသိမ်းပြီး သံတမန်ရေး အသိအမှတ်ပြုမှု၊ ပိတ်ဆို့အရေးယူမှု လျှော့ပေါ့ရေးနှင့် နိုင်ငံခြားရေးမူဝါဒအတွက် အမြတ်ထုတ်ရန် အသုံးချမှုအပေါ် ကင်မ်အဲရစ်က ကန့်ကွက်ထားသည်။

By RNA Editor