တော်လှန်ရေးတပ်ဖွဲ့များမှ ထုတ်ပယ်ခံထားရသူများအား တပ်ဖွဲ့ဝင်အဖြစ် လက်ခံမည်မဟုတ်ဟု IEC ထုတ်ပြန်

RNA_အောက်တိုဘာ(၂၂)၊၂၀၂၆ခုနှစ်

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) လက်အောက်ခံ ကရင်နီတပ်ဖွဲ့များအနေဖြင့် အခြားလက်နက်ကိုင်တပ်ဖွဲ့များမှ ထုတ်ပယ်ခံရထားသူများကို တပ်ဖွဲ့ဝင်အဖြစ် လက်ခံမည်မဟုတ်ကြောင်း အောက်တိုဘာ (၂၁) ရက်က အတည်ပြုထုတ်ပြန်ထားသည့် ကရင်နီတပ်ပေါင်းစုံ စစ်ဘက်ဆိုင်ရာဥပဒေ၌ ဖော်ပြထားသည်။

IEC လက်အောက်ခံ ကရင်နီတပ်ပေါင်းစုံစစ်ဘက်ဆိုင်ရာဥပဒေ၌ စစ်ဘက်ဆိုင်ရာဥပဒေများ၊ ကျင့်ဝတ်များ၊ ဖွဲ့စည်းပုံနှင့် တပ်ဖွဲ့ဝင်များ စုဆောင်းခြင်း၊ တရားစီရင်ရေး စသည့် စုစုပေါင်း အခန်း (၁၉) ပါ ဥပဒေများကို ပြဌာန်းဖော်ပြထားပြီး ပြစ်မှုပြစ်ဒဏ်များနှင့် ထောင်ဒဏ်များကိုလည်း ထည့်သွင်းဖော်ပြထားသည်။

ကရင်နီတပ်ပေါင်းစုံစစ်ဘက်ဆိုင်ရာဥပဒေ၌ တပ်ဖွဲ့ဝင်အဖြစ် ဝင်ခွင့်မပြုခြင်းနှင့် စာရင်းသွင်းခွင့်မပြုသည့် ပုဂ္ဂိုလ်များစာရင်းကိုလည်း ဖော်ပြထားပြီး ကရင်နီပြည်တပ်၏ တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခံရသူများ၊ မဟာမိတ်အဖွဲ့အစည်းတစ်ခုခု၏ တပ်ဖွဲ့ဝင်အဖြစ်မှ ထုတ်ပယ်ခံရသူများနှင့် လုံလောက်သည့် အကြောင်းမရှိဘဲ အဖွဲ့အစည်းတစ်ခုပြီးတစ်ခုမှ ကူးပြောင်းသူများကို လက်ခံမည်မဟုတ်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် ကျင့်ဝတ်ပျက်ပြားသည်ဟု ကျော်စောသတင်းရှိသူများ၊ အသက် (၁၈) နှစ်မပြည့်သေးသောသူများ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသူများ (စိတ်ပေါ့သွပ်သူများ)၊ စစ်ဦးစီးအဖွဲ့က အခါအားလျော်စွာ သတ်မှတ်သည့် သတ်မှတ်ချက်များနှင့် မပြည့်စုံသူများကို တပ်ဖွဲ့ဝင်အဖြစ် ဝင်ခွင့်မပြုကြောင်းနှင့် စာရင်သွင်းခွင့်မပြုကြောင်း ဖော်ပြထားသည်။

ကရင်နီတပ်ပေါင်းစုံစစ်ဘက်ဆိုင်ရာဥပဒေပါ အခန်း (၆) ၌ ကရင်နီပြည်တပ်သည် အသက် (၁၈) နှစ်ပြည့်ပြီး ကျန်းမာရေးကောင်းမွန်သူများအား တပ်ဖွဲ့ဝင်အဖြစ်ဝင်ရောက်ရန် စည်းရုံခြင်း လုပ်ဆောင်နိုင်သော်လည်း အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခြင်းများ မလုပ်ဆောင်ရဟု ဆိုသည်။

ကရင်နီပြည်တပ်တွင် လူမျိုး၊ ဘာသာမရွေး ဝင်ရောက်အမှုထမ်းနိုင်ကြောင်းနှင့် ကျား၊ မ၊ လိင်စိတ်ခံယူမှု ကွဲပြားမှုနှင့် အိမ်ထောင်ရေးအခြေအနေပေါ် အခြေခံ၍ တပ်သားသစ် စုဆောင်းခြင်း၊ တာဝန်ထမ်းဆောင်ခြင်းနှင့် ရာထူးတိုးမြှင့်ခြင်းတို့ကို ငြင်းပယ်ခြင်း မပြုလုပ်ရဟု ဖော်ပြထားသည်။

ကရင်နီပြည်တပ်တွင် IEC ဥက္ကဋ္ဌသည် စစ်သေနာပတိချုပ်အဖြစ် ရှိနေမည်ဖြစ်ကြောင်းနှင့် ကရင်နီပြည်တပ်သည် ကာကွယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုအောက်၌ရှိရမည်ဖြစ်ကြောင်း၊ ကရင်နီပြည်တပ်ကို ကရင်နီတပ်ပေါင်းစုံ စစ်ဦးစီးအဖွဲ့ (JCS) တွင် ပါဝင်သည့် တပ်ဖွဲ့ဝင်များဖြင့် ဖွဲ့စည်းကြောင်း ဖော်ပြထားသည်။

ကရင်နီပြည်တပ်၏ တပ်ဖွဲ့ဝင်အင်အားသည် ကရင်နီပြည်အတွင်းရှိ အသက် (၁၈) နှစ်ပြည့်ပြီးသော စုစုပေါင်း လူဦးရေ၏ (၄) ရာခိုင်နှုန်းဖြင့် ဖွဲ့စည်းရမည်ဟု ဖော်ပြထားသော်လည်း ကာကွယ်ရေးအတွက် လိုအပ်ပါက (၁၀) ရာခိုင်နှုန်းအထိ တိုးချဲ့ဖွဲ့စည်းနိုင်ကြောင်းလည်း ဖော်ပြထားသည်။

By RNA Editor