RNA_အောက်တိုဘာ(၂၁)၊၂၀၂၆ခုနှစ်
ထိုင်းနိုင်ငံ စမွတ်ဆာခွန်ခရိုင်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအား မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် ( CI ) ထုတ်ပေးသည့်နေရာသို့ ဓာတ်ပုံရိုက် သတင်းသွားယူချိန် စစ်အုပ်စုအရာရှိများ၏ ဖိအားပေး ဟန့်တားနှောင့်ယှက်မှုများကို ကြုံခဲ့ရကြောင်း အလွတ်တန်း ထိုင်းသတင်းထောက်ဖြစ်သူ Pod Nathaphob က ၎င်း၏ လူမှုကွန်ရက်၌ ရေးသားဖော်ပြထားသည်။
ယနေ့ (အောက်တိုဘာ ၂၁ ရက်) နံနက်ပိုင်း၌ စမွတ်ဆာခွန်ခရိုင်ရှီ စီအိုင်ရုံးနေရာ၌ တရားဝင် ဓာတ်ပုံရိုက် သတင်းရယူရန် ကြိုးပမ်းခဲ့ချိန် စစ်အုပ်စုအရာရှိများက ၎င်းထံ ရောက်ရှိလာပြီး မှတ်တမ်းရယူထားသည့် ဓာတ်ပုံများနှင့် အချက်အလက်များကို အတင်းအဓမ္မ ဖိအားပေး ကြည့်ရှုခဲ့ကြောင်း ရေးသားဖော်ပြထားသည်။
အလွတ်တန်းသတင်းထောက်ဖြစ်သူက ၎င်းအနေဖြင့် သတင်းသမားတစ်ဦးအဖြစ် သိသာထင်ရှားစေရန် လက်မောင်း၌ PRESS စာတန်းပါ လက်ပတ်ကို ပတ်ထားကြောင်းနှင့် ၎င်းသည် အလွတ်တန်းသတင်းထောက်တစ်ဦးဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သော်လည်း စစ်အုပ်စုအရာရှိအချို့နှင့် အလုပ်သမားများအား ခေါ်ဆောင်လာသည့် လူအချို့က ဟန့်တားနှောင့်ယှက်မှုများ လုပ်ဆောင်ခဲ့ကြောင်း ရေးသားဖော်ပြထားသည်။

ထို့ပြင် စစ်အုပ်စုအရာရှိများက ၎င်း၏ မှတ်ပုံတင်နှင့် အချက်အလက်များကို တောင်းယူခဲ့ကြောင်း၊ သတင်းထောက်ဖြစ်ကြောင်း အထောက်အထားအချက်အလက်များကို တောင်းယူခဲ့ကြောင်း Pod Nathaphob က ရေးသားဖော်ပြထားပြီး မြန်မာအလုပ်သမားအချို့အား မေးမြန်းမှုကို စစ်အုပ်စုဘက်က အော်ဟစ်ပြောဆို ဟန့်တားနှောင့်ယှက်ခဲ့ကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံတွင်း၌ တရားဝင် သတင်းရယူရာ၌ လွတ်လပ်စွာ သတင်းရယူခွင့်ရှိကြောင်းနှင့် အများပြည်သူရှိရာ စီအိုင်လက်မှတ်ထုတ်ပေးရုံး၌ သတင်းရယူရန် ကန့်သတ်ဟန့်တားမှုသည် မည်သည့်အတွက်ကြောင့် ကန့်သတ်လျှို့ဝှက်နေရာကဲ့သို့ ဖြစ်နေသည်ကို သိလိုကြောင်း ၎င်းက မေးခွန်းထုတ်ခဲ့သည်။
ထို့ပြင် ထိုင်းသတင်းဌာနများနှင့် သတင်းထောက်များအနေဖြင့် မြန်မာအလုပ်သမားများအား စီအိုင်လက်မှတ် ထုတ်ပေးရန်လုပ်ငန်းစဉ်များနှင့် ၎င်းတို့၏ လုပ်ငန်းစဉ် ဆောင်ရွက်မှု အခြေအနေများအပေါ် အလေးထား သတင်းရယူဖော်ပြရန် တိုက်တွန်းထားကြောင်းလည်း ၎င်းက ရေးသားထားသည်။