RNA_အောက်တိုဘာ(၂၁)၊၂၀၂၆ခုနှစ်။
စစ်အုပ်စုက နိုင်ငံတစ်ဝန်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းသည် ငြိမ်းချမ်းရေးအတွက် စစ်ရေးအရ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း စစ်အုပ်စု ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၁) နှစ်မြောက် အလုပ်ရုံဆွေးနွေးပွဲ၌ ပြောဆိုခဲ့သည်။
NCA (၁၁) နှစ်မြောက် အထိမ်းအမှတ် အလုပ်ရုံဆွေးနွေးပွဲကို နေပြည်တော်၌ အောက်တိုဘာ (၁၆ – ၁၇) ရက်နေ့တို့တွင် (၂) ရက်ဆက် ကျင်းပခဲ့ခြင်းဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုအပေါ် နိုင်ငံတကာသတင်းဌာနများ၏ ရှုတ်ချပြောဆို ရေးသားမှုများအပေါ် စစ်အုပ်စုက တုံ့ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အဓိကအားဖြင့်တော့ သူတို့ (သတင်းဌာနများ) က လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနဲ့ပတ်သက်ပြီး Human Right ပေါ့။ ဒီအပေါ်မှာ မူတည်ပြီးတော့မှ ဗုံးကြဲတဲ့ကိစ္စပေါ့။ ကျွန်တော်တို့ကတော့ လက်ရှိအနေအထားမှာ စစ်ရေးအရ ဆောင်ရွက်ခြင်းက ငြိမ်းချမ်းရေးရရှိဖို့ ဆောင်ရွက်တဲ့အပိုင်း ဖြစ်ပါတယ်”ဟု ဒုဗိုလ်ချုပ်ကြီး ရာပြည့်က အလုပ်ရုံဆွေးနွေးပွဲ အမှာစကားပြောကြားချိန် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
ဒုဗိုလ်ချုပ်ကြီး ရာပြည့်သည် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်ရေးကော်မတီ (NSPNC) ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူတစ်ဦးလည်းဖြစ်ပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၎င်းအား ကာကွယ်ရေးဝန်ကြီးအဖြစ် အောက်တိုဘာ (၁၄) ရက်နေ့တွင် ခန့်အပ်ခဲ့သည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်၍ စစ်ရေးဆောင်ရွက်မှုများကို စစ်တပ်ဘက်မှ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး အချို့လုပ်ငန်းစဉ်များ၌ စစ်ရေးဆောင်ရွက်မှု ပြီးဆုံးမှသာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆောင်ရွက်မှုများရှိကြောင်း၊ အချို့အခြေအနေများ၌ စစ်ရေးနှင့် ငြိမ်းချမ်းရေးကို တပြိုင်တည်း ဆောင်ရွက်နေမှုများရှိကြောင်း ၎င်းက ပြောသည်။
စက်တင်ဘာ (၂၈) ရက်က ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် အိန္ဒိယဈေးဖြစ်စဉ်အပါအဝင် စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အစုလိုက်အပြုံလိုက် သေဆုံးမှုဖြစ်စဉ်သည် (၁၁၅) ကြိမ်ထက်မနည်းရှိခဲ့ပြီး ယင်းဖြစ်စဉ်များအတွင်း အရပ်သားပြည်သူ (၂၃၂၄) ဦးထက်မနည်း သေဆုံးခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်း စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုပေါင်း (၃၅၃၄) ကြိမ်ထက်မနည်းရှိခဲ့ပြီး အရပ်သားပြည်သူ (၄၂၃၇) ဦးထက်မနည်း သေဆုံးခဲ့ကြောင်း မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ (MPM) ၏ အချက်အလက်များအရ သိရသည်။