RNA_အောက်တိုဘာ(၁၅)၊၂၀၂၆ခုနှစ်။
ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအုပ်စုအတွင်း၌ စစ်အုပ်စုစစ်ကြောင်းများ အထိုင်ချတပ်စွဲထားပြီး ဒေသခံပြည်သူအချို့ကို ဖမ်းဆီးနှိပ်စက်မှုများကြောင့် ခရီးသွားလာရေးနှင့် စိုက်ပျိုးရေးအခက်အခဲကြုံနေရကြောင်း မိုးကောင်းဒေသခံတစ်ဦးထံက သိရသည်။
ရွှေဘို-မြစ်ကြီးနား ကားလမ်းမနှင့် ရထားလမ်းမအနီးတို့၌ရှိသည့် ဆားမှော်ရွာ၊ ထီးချိုင့်ရွာနှင့် ကညင်မြိုင်ရွာတို့၌ စစ်အုပ်စုတပ်ဖွဲ့များနှင့် လက်အောက်ခံ ရှမ်းနီအမျိုးသားတပ် (SNA) တို့ တစ်လနီးပါး အထိုင်ချတပ်စွဲထားခြင်းဖြစ်ပြီး ဒေသခံပြည်သူများ အခက်အခဲကြုံနေရခြင်းဖြစ်ကြောင်း သိရသည်။
“သူတို့က ဆားမှော်၊ ထီးချိုင့်နဲ့ ကညင်မြိုင်ရွာတွေမှာ အထိုင်ချတပ်စွဲထားတာ။ SNA အဖွဲ့လည်းရှိတယ်။ ထီးချိုင့်က အိမ်ခြေ (၁၅၀) လောက်ပဲရှိတာ။ ရွာအပြင်ထွက်ရင် လက်မှတ်ထိုးထွက်ရတယ်။ ပြီးတော့ စပါးရိတ်ရမယ့်အချိန် သူတို့က ခွင့်မပြုတော့ ရိတ်သိမ်းလို့ရမ ဖြစ်နေတာ” ဟု မိုးကောင်းဒေသက Red News Agency ကို ပြောသည်။
ဆားမှော်၊ ထီးချိုင့်နှင့် ကညင်မြိုင်ရွာတို့တွင် အထိုင်ချတပ်စွဲထားသည့် စစ်အုပ်စုနှင့် လက်အောက်ခံအဖွဲ့များက အနီးဝန်းကျင်ဒေသများကို စစ်ကြောင်းထိုးမှုလည်းရှိနေပြီး ဒေသခံပြည်သူအချို့ကို ဖမ်းဆီးနှိပ်စက်မှုများရှိနေကြောင်း သိရသည်။
ယခုလ အောက်တိုဘာ (၁၁) ရက်ကလည်း ထီးချိုင့်ရွာအနီး စစ်ကြောင်းထိုးချိန် နွားကျောင်းသားတစ်ဦးကို ဖမ်းဆီးပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့် ပတ်သက်သည်ဟုဆိုကာ ထီးချိုင့်ရွာ ဘုန်းကြီးကျောင်း၌ ဖမ်းဆီးရိုက်နှက်စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ထို့ပြင် အောက်တိုဘာ (၁၂) ရက်ကလည်း ကညင်မြိုင်ရွာမှ အမျိုးသားတစ်ဦးကို မူးယစ်ဆေးဝါး သုံးစွဲသည်ဟုဆိုကာ စစ်အုပ်စုတပ်ဖွဲ့ဝင်များက ဖမ်းဆီးရိုက်နှက်ခဲ့ခြင်းကြောင့် သေဆုံးသွားကြောင်း ဒေသခံက ပြောသည်။
မိုးကောင်းမြို့နယ် ဆာမှော်ကျေးရွာ၌ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၁၀၅) ခြေလျင်တပ်ရင်း၊ အမှတ် (၃) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ အမှတ် (၃၈၃၊ ၃၈၄) ခြေမြန်တပ်ရင်းတို့ရှိနေပြီး ၎င်းတို့နှင့်အတူ ရှမ်းနီအမျိုးသားတပ် (SNA) အဖွဲ့ကလည်း အထိုင်ချတပ်စွဲထားကြောင်း သိရသည်။