RNA_အောက်တိုဘာ(၁၆)၊၂၀၂၆ခုနှစ်။
ရန်ကုန်တိုင်း လှိုင်မြို့နယ် အမှတ် (၁၅) ရပ်ကွက်နှင့် (၁၆) ရပ်ကွက်တို့အပါအဝင် စစ်အုပ်စုခန့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအချို့က ပြည်သူများ၏ စားသုံးဆီစာအုပ်များကို အလွဲသုံးစားပြုလုပ်ခြင်းနှင့် စစ်မှုထမ်းကြေး အဓမ္မပိုက်ဆံကောက်ခံခြင်းများ၊ အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းများကို လုပ်ဆောင်နေကြောင်း ရပ်ကွက်နေပြည်သူအချို့ထံက သိရသည်။
အမှတ် (၁၅) ရပ်ကွက်ရှိ ပြည်သူများ၏ စားသုံးဆီစာအုပ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဇနီးက အလွဲသုံးစားမှုများရှိနေချိန် စားသုံးဆီစာအုပ်စာရင်းနှင့် အချက်အလက်များကို လှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးက အောက်တိုဘာ (၁၃) ရက်တွင် လာရောက်စစ်ဆေးမှုများရှိခဲ့ကြောင်း၊ အချက်အလက်များ မှားယွင်းနေသော်လည်း အမှန်အတိုင်းမပြောရန် အုပ်ချုပ်ရေးမှူး၏ ဇနီးက ကြိုတင်တားမြစ်မှုများရှိခဲ့ကြောင်း ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောသည်။
“လှိုင်မြို့နယ် ထွေအုပ်ကနေပြီးတော့ ဆီစာအုပ်တွေ၊ နာမည်မှန် မမှန်ဆင်းစစ်တယ်၊ ထွေအုပ်မလာခင် တစ်ရက်အလိုက အုပ်ချုပ်ရေးမှူး ဝင်းမြင့်ရဲ့ ဇနီးအေးမွန်က ရပ်ကွက်ထဲရှိတဲ့သူတွေကို ထွေအုပ်က လာစစ်ရင် ဆီ (၃) ပိသာရတယ်လို့ ပြောရမယ်၊ စာအုပ်နာမည်လွဲတာကိုလည်း နာမည်မလွဲဘူးလို့ ပြောရမယ်တဲ့၊ စစ်မှုထမ်း ပိုက်ဆံကောက်ရင်းလည်း မကောက်ဘူးလို့ ပြောရမယ်တဲ့၊ ပြီးတော့ ဧည့်စာရင်းကြေး၊ ဆီစာအုပ်ကြေး၊ ရပ်ကွက်ထောက်ခံစာကြေးအပါဝင် ငွေကြေးကောက်ခံတာတွေကို ငြင်းဆိုရမယ်ဆိုပြီး ကျွန်မတို့ကို ပြောပါတယ်”ဟု အမှတ် (၁၅) ရပ်ကွက်နေ ပြည်သူတစ်ဦးက Red News Agency ကို ပြောသည်။
ရပ်ကွက်အတွင်း စားသုံးဆီစာအုပ်ထုတ်ယူပါက အိမ်ထောင်စုတစ်စုအတွက် ဆီ (၃) ပိဿာပေးသည်ဟုသော်လည်း အမှန်တကယ်၌ ဆီ (၁) ပိဿာခွဲဝန်းကျင်သာရရှိကြောင်း၊ အခြားနာမည်များဖြင့် စားသုံးဆီစာအုပ်များကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပတ်သက်သူများက အလွဲသုံးစားပြုလုပ် ထုတ်ယူမှုများရှိနေကြောင်း သိရသည်။
ယင်းဖြစ်စဉ်များသည် အခြားရပ်ကွက်များ၌လည်း ရှိနေပြီး အမှတ် (၁၆) ရပ်ကွက်၌လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ရပ်ကွက်နေပြည်သူများအပေါ် ခြိမ်းခြောက်မှုများရှိနေကြောင်း၊ စစ်မှုထမ်းတပ်သားသစ် စုဆောင်းမခံရလိုပါက ငွေကြေးကျပ် သိန်း (၃၀) မှ သိန်း (၅၀) အထိ တောင်းခံမှုများရှိနေကြောင်းလည်း အမှတ် (၁၆) ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။
လှိုင်မြို့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအပြင် ၎င်းတို့၏ လက်အောက်ခံ ရာအိမ်မှူးများကလည်း ရပ်ကွက်နေပြည်သူများကို အသက်အန္တရာယ်ခြိမ်းခြောက်မှုများရှိနေပြီး ၎င်းတို့ အထက်လူကြီးများ လာရောက်စစ်ဆေးချိန် ခိုင်းစေသည့်အတိုင်းသာ လုပ်ဆောင်ရန်နှင့် ယင်းသို့ မလုပ်ဆောင်ပါက လူမိုက်များ ငှားရမ်းကာ လုပ်ကြံခြင်း၊ ရိုက်နှက်ခိုင်းများကို လုပ်ဆောင်မည်ဖြစ်ကြောင်း အမှတ် (၁၅) ရပ်ကွက် ရာအိမ်မှူးဖြစ်သူ မျိုးမင်းထွန်း (ဝက်ကြီး) က ခြိမ်းခြောက်ပြောဆိုမှုများ ရှိခဲ့သည်ဟု သိရသည်။
ထို့ပြင် အမှတ် (၁၆) ရပ်ကွက်အတွင်း၌လည်း လူငယ်များရှိသည့်နေအိမ်များကို ပစ်မှတ်ထားကာ စစ်မှုထမ်းတပ်သားသစ် စုဆောင်းမှုအတွက် ခြိမ်းခြောက်ငွေတောင်းခံမှုများရှိနေကြောင်း၊ ည (၉) နာရီကျော် အပြင်ထွက်ပါက ပေါ်တာဆွဲ ဖမ်းဆီးမှုများရှိကြောင်း၊ ရပ်ကွက်အတွင်းနှင့် ကားမှတ်တိုင်များ၌ လုယက်ခိုးမှုများရှိနေကြောင်း ရပ်ကွက်နေပြည်သူတစ်ဦးက ပြောသည်။
“အခုက ပေါ်တင်တွေ လုယက်နေကြတာ။ ဓားထောက်ပြီးလုတယ်။ စက်ဘီးနဲ့ လုတယ်၊ ဆိုင်ကယ်နဲ့ အိတ်တွေ ဆွဲလုတယ်။ ဘုရားလမ်းမှတ်တိုင်မှာတောင် ဖြစ်သွားသေးတယ်။ ဆိုင်ကယ်နဲ့ စလင်းဘတ်အိတ်ကို နောက်က ဆွဲလုတာ။ သူခိုးတွေ လုယက်မှုတွေလည်း အများကြီးပဲ။ ညဘက်ဆို တွေ့တာနဲ့ ပေါ်တာဆွဲတာရော” ဟု အမှတ် (၁၆) ရပ်ကွက်မှ အမျိုးသားတစ်ဦးက ပြောသည်။
လှိုင်မြို့နယ် ရပ်ကွက်အချို့၌ ပြည်သူများ၏ အခွင့်အရေးကို အလွဲသုံးစား ပြုလုပ်ခံရခြင်းနှင့် ခြိမ်းခြောက်အကျပ်ကိုင်ခံရတို့အပေါ် ဒေသခံအချို့က သက်ဆိုင်ရာ ရဲတပ်ဖွဲ့နှင့် မြို့နယ် တာဝန်ရှိသူများအား တိုင်ကြားမှုများ လုပ်ဆောင်ခဲ့သော်လည်း အရေးယူမှုများ မရှိခဲ့ကြောင်း သိရသည်။