အာဆီယံဘုံသဘောတူညီချက်လိုက်နာရေး မင်းအောင်လှိုင်နှင့် ဆွေးနွေးနိုင်မည်ဟု မလေးရှားဝန်ကြီးချုပ် မျှော်လင့်နေ

RNA_အောက်တိုဘာ(၆)၊၂၀၂၆ခုနှစ်။

မလေးရှားနိုင်ငံသို့ (၂) ရက်ကြာ ခရီးစဉ်လာရောက်မည့် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံချိန် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ပြောဆိုဆွေးနွေးရန်ရှိကြောင်း မလေးရှားအစိုးရ ယနေ့ (အောက်တိုဘာ ၆ ရက်) ထုတ်ပြန်ထားသည်။

မလေးရှားထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများအရေး ဆွေးနွေးရန်အတွက် စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်ကို မလေးရှားဝန်ကြီးချုပ်က ဖိတ်ခေါ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ (၇) ရက်နှင့် (၈) ရက်နေ့တွင် စစ်ခေါင်းဆောင်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းခရီးစဉ်၌ အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရေးအတွက် မလေးရှားဝန်ကြီးချုပ်က မင်းအောင်လှိုင်နှင့် တွေ့ဆုံဆွေးနွေးရန်အပြင် ငြိမ်းချမ်းရေးမြှင့်တင်ရန်၊ တွေ့ဆုံညှိနှိုင်းဆွေးနွေးရန်နှင့် လူသားချင်းစာနာထောက်ထားမှုအကူအညီများကို ပေးပို့နိုင်ရေးတို့ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

စစ်အုပ်စုအနေဖြင့် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အကောင်အထည်ဖော်ရေးအတွက် ၂၀၂၁ ဧပြီလအတွင်းက အာဆီယံအဖွဲ့ဝင်နိုင်ငံများက ဘုံသဘောတူညီချက် ချမှတ်ခဲ့ခြင်းဖြစ်သော်လည်း စစ်အုပ်စုက (၅) နှစ်ကျော်ကြာမြင့်ချိန်ထိ လိုက်နာရန်ပျက်ကွက်နေဆဲဖြစ်သည်။

ယခုကဲ့သို့ မြန်မာတာဝန်ရှိသူများနှင့် တွေ့ဆုံခြင်းသည် ပြီးခဲ့သည့် မေလအတွင်းက ကျင်းပခဲ့သည့် (၄၈) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း မြန်မာအရေးနှင့်ပတ်သက်၍ သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ခြင်းသာဖြစ်ပြီး အာဆီယံဒေသတွင်း တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အာဆီယံအဖွဲ့နိုင်ငံများ ပူးပေါင်းလုပ်ဆောင်နိုင်ရန်ဖြစ်ကြောင်း မလေးရှားအစိုးရက ပြောသည်။

စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်သည် ပြီးခဲ့သည့် ဧပြီလအတွင်း ၎င်းကိုယ်တိုင် သမ္မတရာထူးကို ရယူခဲ့ပြီးနောက် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် လာအို၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့သို့ သွားရောက်ခဲ့သည်။ ထို့ပြင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် အိန္ဒိယနှင့် တရုတ်နိုင်ငံတို့သိုလည်း သွားရောက်ခဲ့ပြီး စစ်ရေးမဟာမိတ်နိုင်ငံများဖြစ်သည့် ရုရှားနှင့် ဘီလာရုစ်တို့သို့လည်း သွားရောက်ထားသည်။

By RNA Editor