ဘန်ကောက်လေဆိပ်၌ အမေရိကန်ဒေါ်လာ (၁ ဒသမ ၇) သန်းကျော် သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်၌ ခရီးဆောင်အိတ် (၂)လုံးအတွင်း ထည့်ထားသည့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၇) သန်းကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod က ယနေ့ (အောက်တိုဘာ ၅ ရက်) ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ ဘန်ကောက်ကို ရောက်ရှိလာသည့် ခရီးသည် (၂) ဦး၏ ခရီးဆောင်အိတ်ကို လေဆိပ်အကောက်ခွန်အရာရှိများက စစ်ဆေးချိန် ထိုင်းဘတ်ငွေ (၅၆) သန်းကျော် တန်ဖိုးရှိ အမေရိကန်ဒေါ်လာများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင်း အမေရိကန်ဒေါ်လာငွေသားများကို သယ်ဆောင်ခွင့်ပြုထားသော်လည်း ဒေါ်လာ (၂၀၀၀၀) နှင့်အထက် သယ်ဆောင်ပါက အကောက်ခွန်ဌာနသို့ တရားဝင်အသိပေးရမည်ဖြစ်ပြီး ယင်းသို့လုပ်ဆောင်ခဲ့ခြင်း မရှိသဖြင့် ဂျကာတာမှ ဝင်ရောက်လာသည့် ခရီးသည် (၂) ဦး ထိုင်းလေဆိပ် အာဏာပိုင်များက ဖမ်းဆီးထားသည်။

ထိုင်းလေဆိပ်အာဏာပိုင်များ ဖမ်းဆီးထားသည့် ခရီးသည် (၂) ဦးသည် မည်သည့်နိုင်ငံသားဖြစ်ကြောင်း မထုတ်ပြန်ထားကြောင်း၊ သိမ်းဆည်းရမိခဲ့သည့် အမေရိကန်ဒေါ်လာငွေသား အတိအကျကိုလည်း မသိရသေးကြောင်း Khoasod က ဖော်ပြထားသည်။

#RedNewsAgency #RedNews #RNA

By Editor