🔴 [UPDATE] ရခိုင်စစ်မြေပြင်မှာ စစ်ရှုံးနေတဲ့ စစ်တပ် လူမဆန်တာ လုပ်နေ ၊ Red News Agency

Red News Agency သတင်းဌာနကနေ ထူးခြားသတင်းတွေနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။ အခုတင်ဆက်ပေးမဲ့သတင်းတွေကတော့ စစ်အုပ်စုဟာ ကျန်းမာရေးဆိုးရွားစွာ ထိခိုက်ထားတဲ့ တပ်သားတွေကို စစ်မြေပြင်မှာ ဖယ်ရှားခိုင်းတာတွေ ရှိနေတယ်ဆိုတဲ့သတင်း၊ အဓမ္မစုဆောင်းခံရချိန် ညီနဲ့ အစ်မဖြစ်သူတို့ကို စစ်အုပ်စုက အသက်အန္တရာယ်ပြုခဲ့တယ်လို့ ကာယကံရှင်ကိုယ်တိုင် ဝန်ခံပြောကြားထားတဲ့သတင်း၊ မြန်မာ့အရေးကို ကမ္ဘာက အာရုံစိုက်မှုလျော့နည်းလာမည့် အခြေအနေနှင့် ကြုံနေရတယ်ဆိုတဲ့သတင်း၊ ခေါင်လန်ဖူးက စစ်အုပ်စုရဟတ်ယာဉ်ကွင်းနှင့် စခန်းကုန်းကို KIA သိမ်းယူနိုင်ခဲ့တယ်ဆိုတဲ့သတင်းနဲ့အတူ အခြားစိတ်ဝင်စားစရာ ပြည်တွင်း ပြည်ပ သတင်းတွေကို တင်ဆက်ပေးမှာဖြစ်ပါတယ်။

🔴 ယနေ့သတင်းများ အနှစ်ချုပ် –

📌 ကျန်းမာရေးထိခိုက်သူများကို စစ်မြေပြင်၌ ဖယ်ရှားရန် အမိန့်ပေးထားကြောင်း ဝန်ခံ

စစ်မြေပြင်၌ ဆေးကုသ၍ မရနိုင်လောက်အောင် ထိခိုက်ထားသည့် တပ်ဖွဲ့ဝင်များကို နေရာ၌ပင် ဖယ်ရှားရှင်းလင်းရန် အမိန့်ပေးထားကြောင်း AA မှ ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်တစ်ဦးက ဝန်ခံထွက်ဆိုခဲ့သည်။ ထို့ပြင် တပ်ဖွဲ့ဝင်အများစုမှာ မူးယစ်ဆေးဝါး သုံးစွဲနေကြပြီး ရခိုင်စစ်မျက်နှာ၌ ကလေးသူငယ်နှင့် အမျိုးသမီးများကိုပါ ဖယ်ရှားရှင်းလင်းရန် အမိန့်ပေးထားကြောင်း ထိန်းသိမ်းခံရသူများက ထုတ်ဖော်ပြောဆိုထားသည်။

📌 မိသားစုဝင်များ အသက်အန္တရာယ်ပြုခံရကြောင်း အလင်းဝင်လာသူ ဝန်ခံ

စစ်မှုထမ်း အပတ်စဉ် (၂၀) တွင် အဓမ္မတပ်သားသစ် စုဆောင်းခံခဲ့ရပြီး ကော့သောင်း ပကဖထံ အလင်းဝင်ရောက်လာသည့် မောင်ဇင်ကိုကိုက ၎င်းသင်တန်းတက်နေစဉ်အတွင်း ညီဖြစ်သူနှင့် အစ်မဖြစ်သူတို့ကို စစ်အုပ်စုက သူလျှိုဟုစွပ်စွဲကာ အသက်အန္တရာယ်ပြုခဲ့ကြောင်း ရုပ်သံမှတဆင့် ဝန်ခံပြောကြားခဲ့သည်။

📌 မြန်မာ့အရေး ကမ္ဘာ့အာရုံစိုက်မှုလျော့နည်းလာနိုင်ဟု UN အတွင်းရေးမှူးချုပ် သတိပေး

မြန်မာ့အကျပ်အတည်းနှင့် ပတ်သက်၍ ကမ္ဘာ့နိုင်ငံခေါင်းဆောင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများ၏ အာရုံစိုက်မှု လျော့နည်းလာမည့် အခြေအနေကြုံတွေ့နေရကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က သတိပေးပြောကြားသည်။ အရှေ့အလယ်ပိုင်း၊ ယူကရိန်းနှင့် ဆူဒန် ပဋိပက္ခများကြားတွင် မြန်မာ့အရေးမှာ မှေးမှိန်သွားနိုင်သည့် အန္တရာယ်ရှိနေကြောင်း ၎င်းက ၈၁ ကြိမ်မြောက် ကုလညီလာခံတွင် ထည့်သွင်းပြောဆိုခဲ့သည်။

📌 ခေါင်လန်ဖူးရှိ ရဟတ်ယာဉ်ကွင်းနှင့် စခန်းကုန်းကို KIA သိမ်းယူ

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် တရုတ်-မြန်မာနယ်စပ် နယ်ခြားမှတ်တိုင် (၃၀) အနီးရှိ စစ်အုပ်စု၏ အရေးပါသော ရဟတ်ယာဉ်ကွင်းနှင့် စခန်းကုန်းကို KIA ပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့ကြောင်း ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။ ယင်းနေရာသည် ရှေ့တန်းစခန်းများအတွက် ရိက္ခာနှင့် ခဲယမ်းပို့ဆောင်ပေးနေသည့် အဓိကနေရာတစ်ခုဖြစ်သည်။

📌 ပုဂ္ဂလိကသင်္ဘောများ ထိခိုက်ပျက်စီးမှုအပေါ် ဗိုလ်ချုပ်ဂွမ်မော် တောင်းပန်

ဧရာဝတီမြစ်ကြောင်းအတွင်း KIA ပူးပေါင်းတပ်များ ဟန့်တားတိုက်ခိုက်ခဲ့သည့် စစ်အုပ်စု ထောက်ပို့သင်္ဘော (၁၈) စီးအနက် အဓမ္မဖိအားပေးခံရသဖြင့် လိုက်ပါခဲ့ရသော ပုဂ္ဂလိကသင်္ဘော (၄) စီး ပါဝင်သွားခဲ့မှုအပေါ် KIA ဗိုလ်ချုပ်ဂွမ်မော်က စိတ်မကောင်းဖြစ်ရကြောင်းနှင့် တောင်းပန်ကြောင်း လူမှုကွန်ရက်မှတဆင့် ရေးသားခဲ့သည်။

📌 မင်းတုန်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများ AA သိမ်းဆည်းရမိ

ရခိုင်-မကွေးအစပ် မင်းတုန်းမြို့နယ် ကံကြိုးကျေးရွာအနီးနှင့် အခြားနေရာများတွင် စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုကို AA နှင့် မဟာမိတ်တပ်များက ကြားဖြတ်ဟန့်တားခဲ့ရာ အထိနာခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း AA က သတင်းထုတ်ပြန်သည်။

📌 မယ့်စရီယန်း၌ အထောက်အထားမဲ့ မြန်မာ ၆ ဦး ထိုင်းဖမ်းဆီး

ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် မယ့်စရီယန်းမြို့၌ အထောက်အထားမဲ့ နေထိုင်နေသည့် မြန်မာနိုင်ငံသား ၆ ဦးနှင့် ၎င်းတို့ကို အိမ်ငှားရမ်းပေးထားသည့် ထိုင်းနိုင်ငံသားတစ်ဦးတို့ကို ထိုင်းအာဏာပိုင်များက စက်တင်ဘာ ၂၁ ရက်တွင် ဝင်ရောက်ဖမ်းဆီးခဲ့သည်။

📌 ချင်းပြည်နယ် ပဋိပက္ခများအတွင်း ၁၃၀၀ ကျော် အသက်ဆုံးရှုံးခဲ့ရ

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်အတွင်း စစ်ရေးပဋိပက္ခများနှင့် အထူးသဖြင့် ဝေဟင်မှ အင်အားသုံးမှုများကြောင့် အသက်ဆုံးရှုံးရသူ (၁၃၄၄) ဦးအထိ ရှိလာပြီဖြစ်ကြောင်း Institute of Chin Affairs (ICA) က အစီရင်ခံစာ ထုတ်ပြန်သည်။ ယင်းတို့အနက် အရပ်သားပြည်သူ (၆၄၄) ဦး ပါဝင်ပြီး အမျိုးသမီးများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း သိရသည်။

#RedNewsAgency #RedNews #RNA

By Editor