လူမှုကွန်ရက်၌ ဝေဖန်ရေးသားပြောဆိုမှုကြောင့် စစ်အုပ်စု ဖမ်းဆီးထားသူ (၂၀၀၀) ကျော်ရှိလာ

RNA_စက်တင်ဘာ(၂၄)၊၂၀၂၆ခုနှစ်။

စစ်တပ်အာဏာသိမ်း (၅) နှစ်ကျော်ကာလအတွင်း လူမှုကွန်ရက်၌ စစ်အုပ်စုအား ဝေဖန်ရေးသားမှုနှင့် တော်လှန်ရေးအဖွဲ့အစည်းများအား အားပေးထောက်ခံသည့် အရေးအသားများကြောင့် စစ်အုပ်စု၏ ဖမ်းဆီးမှုကို ခံထားရသူပေါင်း (၂၀၂၉) ဦးရှိလာသည်ဟု Data for Myanmar မှ စက်တင်ဘာ ၂၃ ရက်တွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ သိရသည်။

နိုင်ငံတစ်ဝန်း မြို့နယ်ပေါင်း (၂၂၇) မြို့နယ်မှ အမျိုးသား (၁၃၁၅) ဦးနှင့် အမျိုးသမီး (၇၁၄) တို့ကို စစ်အုပ်စုက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းမှ (၅၀၄) ဦး၊ မန္တလေးတိုင်းမှ (၄၆၅) ဦးနှင့် ပဲခူးတိုင်းမှ (၂၇၁) ဦးတို့ဖြင့် အများဆုံးဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

လူမှုကွန်ရက်၌ စစ်အုပ်စုကို ဝေဖန်ရေးသားသူများနှင့် တော်လှန်ရေးအဖွဲ့များအား ထောက်ခံရေးသားသူများကို စစ်အုပ်စုက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒမ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ၊ ပုဒ်မ ၅၀၅-က တို့အပြင် အီလက်ထရောနစ်ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) တို့နဲ့လည်း အရေးယူမှုတွေ လုပ်ဆောင်နေခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ၌ လူသုံးများသည့် Facebook လူမှုကွန်ရက်၌ ဝေဖန်ရေးသားသူ အများဆုံး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် ဩဂုတ်လကုန်အထိ (၁၈၄၇) ဦးရှီကြောင်း သိရပြီး Tiktok လူမှုကွန်ရက်ပေါ်၌ ဝေဖန်ရေးသားသူ (၁၅၁) ဦး၊ Viber အသုံးပြုသူ (၃) ဦးနှင့် တယ်လီဂရမ် အသုံးပြုသူ (၅) ဦးတို့ပါတင်ပြီး အချို့ကို လူမှုကွန်ရက်တစ်ခုထက်ပိုသည့် ပလက်ဖောင်းများတွင် ရေးသားမှုများဖြင့် စစ်အုပ်စုက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုက နိုင်ငံတွင်း လူမှုကွန်ရက်အသုံးပြုသူများကို (၂၄) နာရီပတ်လုံး စောင့်ကြည့်နေပြီး နည်းပညာအသုံးပြု ခြေရာခံဖမ်းဆီးမှုများကိုလည်း လုပ်ဆောင်နေကြောင်း၊ ဆက်သွယ်ရေးကွန်ရက်များမှတဆင့် ပစ်မှတ်ထားစောင့်ကြည့်မှုများလည်းရှိနေခြင်းကြောင့် မိမိလုံခြုံရေးကို အထူးဂရုပြုကြရန် နည်းပညာကျွမ်းကျင်သူများက အသိပေးထားသည်။

မြေပြင်စစ်ဆေးရေးဂိတ်များ၌လည်း အရပ်သားပြည်သူများ၏ ဖုန်းများကို စစ်ဆေးမှုများ လုပ်ဆောင်နေပြီး စစ်အုပ်စုအား ဆန့်ကျင်သည့် အရေးအသား၊ မှတ်တမ်းများနှင့် တော်လှန်ရေးနှင့် ဆက်စပ်သည့် အကြောင်းအရာများ တွေ့ရှိပါက ဖမ်းဆီးမှုလည်းရှိနေကြောင်း သိရသည်။

စစ်အုပ်စုကျင်းပခဲ့သည့် ၂၀၂၅ ရွေးကောက်ပွဲမတိုင်မီနှင့် ရွေးကောက်ပွဲ ကျင်းပနေသည့် အချိန်ကာလတို့၌လည်း ရွေးကောက်ပွဲအား ဝေဖန်ဆန့်ကျင်သူများကို ပစ်မှတ်ထားဖမ်းဆီးမှုများရှိခဲ့ပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များမှ ခေါင်းဆောင်များအပါအဝင် အရပ်သားပြည်သူ (၁၈၀) ကျော်ကို ရွေးကောက်ပွဲဥပဒေပုဒ်မ ၂၃(က)(ခ) တို့ဖြင့် အမှုဖွင့် အရေးယူမှုများလည်း ရှိခဲ့သည်။

By RNA Editor