RNA_စက်တင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ နိုင်ငံအရေးအသိုင်းအဝန်းတွင် ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်ခဲ့သော မောင်ကြီးမင်းမင်း (ခ)၊ မင်းမင်း သည် အကြမ်းဖက် အာဏာသိမ်းစစ်တပ်ဘက် ပြောင်းသွားသည်ဟု မဲဆောက်နိုင်ငံရေးအသိုင်းအဝန်းနှင့် လူမှုကွန်ရက်တွင် သတင်းများထွက်ပေါ်နေသည်။
မောင်ကြီးမင်းမင်း (ခ) မင်းမင်းသည် အင်္ဂလန်နိုင်ငံတွင် နေထိုင်ခဲ့သူဖြစ််််််ပြီး၊ နွေဦးတော်လှန်ရေးဖြစ်ပွားစဉ် ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ မဲဆောက်မြို့ကို ရောက်ရှိလာပြီးနောက် AAPP နှင့် NUG အတွင်းဝန်ရုံး တို့တွင် တာဝန်ထမ်းဆောင်ခဲ့သေးကြောင်း၊ ထို့နောက် မဲဆောက်တွင် ထမင်းဆိုင်ဖွင့်ပြီး နိုင်ငံရေးအသိုင်းအဝန်းတွင်လည်း ဝင်ဆန့်နေသူဖြစ်ကြောင်း၊ ယခု ၂၀၂၆ ခုနှစ် စက်တင်ဘာ ၁၀ ရက်နေ့ကတည်းက မောင်ကြီးမင်းမင်း ပြည်တွင်းရောက်သွားသည်ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်ကို သိရှိရသည်။
“ပြည်တွင်းကို ပြန်ရောက်သွားပြီ။ ဦးအောင်မင်းရဲ့ ငြိမ်းချမ်းရေးကောင်စီမှာပါဖို့ ကြိုးစားနေတာ လောလောဆယ်တော့ မင်းဇော်ဦးတို့နဲ့ ချိတ်ဆက်လုပ်နေတာ ရှိတယ်လို့ ကြားသိရတယ်” ဟု မောင်ကြီးမင်းမင်းနှင့်နီးစပ်သူ တစ်ဦးက ပြောပြထားသည်။
၂၀၂၃ ခုနှစ်အတွက် Geuzenpenning (ဂူဆင်ပန်နင်း) ဆုကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) အား ချီးမြှင့်လိုက်သည့်အတွက် မောင်ကြီးမင်းမင်း (ခ) မင်းမင်းသည် မတ်လ ၁၃ ရက်နေ့တွင် Vlaardingen (ဗလာဒင်ဂန်) မြို့၌ အဆိုပါဆုကို လက်ခံရယူခဲ့ကြောင်း၊ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အတွင်းဝင်ရုံးအဖွဲ့တွင် တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် မကြည်ပြာ အဂတိလိုက်စားသည်ဟုဆိုကာ တိုင်းတန်းသူများထဲတွင်လည်း ပါဝင်သူဖြစ်ကြောင်း သိရသည်။
မောင်ကြီးမင်းမင်းသည် ၁၉၉၆ နိုင်ငံရေးလှုပ်ရှားမှုတွင် စတင်ပါဝင်ခဲ့သူဖြစ်ပြီး ထိုင်းနိုင်ငံကို ထွက်လာပြီးနောက် ပြည်တွင်းပြန်ဝင်ကာ ၂၀၀၀ ပြည့်နှစ်တွင် ပဲခူးဒီဂရီကောလိပ်မှာ တက်ရောက်နေချိန် ကျောင်းသားသမဂ္ဂ ဖွဲ့စည်းရန် လုပ်ဆောင်နေစဉ်အတွင်း စစ်တပ်၏ ဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်း၊ ဖမ်းဆီးခံရကာ ထောင်ဒဏ်ချမှတ်ခံရပြီးနောက် ၂၀၀၅ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့တွင် ပြန်လည်လွတ်မြောက်ကာ ၂၀၀၆ ခုနှစ်တွင် ထိုင်းနိုင်ငံ ရောက်ရှိလာပြီးနောက် AAPP ကိုဝင်ရောက်ခဲ့သူဖြစ်သည်ဟုလည်း အင်္ဂလန်နိုင်ငံ၊ ယော့ခ်မြို့ (York) မှာရှိသည့် University of York (ယော့ခ် တက္ကသိုလ်)၏ ဝက်ဆိုက်ဒ်တွင် မောင်းကြီးမင်းမင်း(ခ) မင်းမင်း၏ အကြောင်း ရေးသားထားသည်ကို တွေ့ရှိရသည်။
Red News Agency, Red News, RNA