လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ဒီမိုကရေစီဆုကို မြန်မာ့နွေဦးတော်လှန်ရေးလှုပ်ရှားသူများရရှိ

RNA_စက်တင်ဘာ(၁၂)၊၂၀၂၆ခုနှစ်။

စစ်အာဏာရှင်၏ ဖိနှိပ်ချုပ်ခြယ် ကန့်သတ်မှုများကို သပိတ်အဖွဲ့များဖြင့် ငြိမ်းချမ်းစွာ ဆန့်ကျင်တော်လှန်နေသည့် ဒီမိုကရေစီလှုပ်ရှားသူများကို အမေရိကန်အခြေစိုက် National Endowment for Democracy (NED) က “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်” ဒီမိုကရေစီဆု ချီးမြှင့်ခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၁၁ ရက်) ထုတ်ပြန်ထားသည်။

ကမ္ဘာတစ်ဝန်း ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တို့အတွက် တက်ကြွစွာလှုပ်ရှားဆောင်ရွက်နေသူများနှင့် အဖွဲ့အစည်းများကို NED က ၁၉၈၃ ခုနှစ်ကတည်းက နှစ်စဉ်ဆုချီးမြှင့်နေခြင်းလည်း ဖြစ်သည်။

၂၀၂၆ ခုနှစ်အတွက် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom for Expression) ဆုကို မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း မြန်မာဒီမိုကရေစီရေး လှုပ်ရှားသူများမှ ရရှိခဲ့ခြင်းဖြစ်ကာ ကိုနန်းလင်းက အွန်လိုင်းမှတဆင့် ကိုယ်စားလက်ခံရယူခဲ့ခြင်း ဖြစ်သည်။

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း နွေဦးတော်လှန်ရေးလှုပ်ရှားသူများကို အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်းတို့ကြောင့် ဒီမိုကရေစီရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့သူများသည် မြေအောက်အဖွဲ့အစည်းများအဖြစ် ဆက်လက်လုပ်ဆောင်ခဲ့ရကြောင်း NED က ပြောကြားထားသည်။

ကိုနန်းလင်သည် ဒီမိုကရေစီလှုပ်ရှားမှု အဖွဲ့အစည်းများထဲတွင် အဓိကအရေးပါခဲ့သူတစ်ဦးဖြစ်ပြီး ၎င်း၏ တက်ကြွစွာ ချိတ်ဆက်လှုပ်ရှား ဆောင်ရွက်မှုများနှင့်အတူ လွတ်လပ်စွာ ထုတ်ဖော်ပြေဆိုခွင့်နှင့် ဒီမိုကရေစီရေး ဆက်လက်ရှင်သန်နိုင်ရန် ၎င်းက လက်ဆင့်ကမ်းလုပ်ဆောင်ပေးနိုင်ခဲ့ကြောင့် ယခုကဲ့သို့ ဆုချီးမြှင့်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း NED က ဆိုသည်။

မြန်မာစစ်တပ်၏ ဖိနှိပ်ကန့်သတ်မှုများနှင့် အကြမ်းဖက်မှုများကို ဆန့်ကျင်သည့် ဆန္ဒထုတ်ဖော်မှုများကို သပိတ်အဖွဲ့ငယ်လေးများဖြင့် လျှပ်တပြက် ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်ခဲ့ကြောင်းနှင့် သပိတ်အင်အားစုများအချင်းချင်း ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ကြောင့်လည်း NED ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နှစ်ပေါင်း (၄၀) ကျော်ကြာ နှစ်စဉ် ဒီမိုကရေစီဆုများ ချီးမြှင့်နေသည့် NED အဖွဲ့သည် ကမ္ဘာတစ်ဝန်းရှိ ဒီမိုကရေစီလှုပ်ရှားသူများအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်/စုဝေးခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ခွင့်နှင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ဆုများကိုလည်း ချီးမြှင့်မှုများ ရှိနေသည်။

Red News Agency, Red News, RNA

By Editor