TNLA နှင့် MNDAA ညီနောင်မဟာမိတ် ဆက်ဆံရေး ထိခိုက်ပြီးနောက် တိုက်ပွဲဖြစ်

RNA_မတ်(၁၄)၊၂၀၂၆ခုနှစ်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNTJP/MNDAA) နှင့် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ ညီနောင်မဟာမိတ်ဆက်ဆံရေး ထိခိုက်သည့်ပြဿနာများဖြစ်ပွားပြီးနောက် ယနေ့ (မတ်လ ၁၄ ရက်) နံနက်ပိုင်းမှ စတင်ကာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွက်ခိုင်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားနေကြောင်း သိရသည်။

ကိုးကန့်တပ်ဖွဲ့ (MNDAA) နှင့် တအာင်းတပ်ဖွဲ့ (TNLA) တို့ ကွတ်ခိုင်မြို့ နယ် လွယ်ဆမ်ဆစ်နှင့် မန်ပျိန်းကျေးရွာကြားရှိ ဗျုဟာကုန်းတွင် တစ်နေရာ၊ ကွတ်ခိုင်မြို့အထွက် ကောင်းခါးကျေးရွာအနီး တစ်နေရာ၊ ကွတ်ခိုင်မြို့၏ အနောက်မြောက်ဘက်ရှိ ရှုခင်းသာအနီး တစ်နေရာ၊ ကွတ်ခိုင်မြို့၏ အရှေ့မြောက်ဘက်ရှိ မော်ဟန်ကျေးရွာအနီး တစ်နေရာနှင့် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာကျေးရွာအနီး စသည့် နေရာများတွင် ထိတွေ့တိုက် ပွဲများ ဖြစ်ပွားခဲ့သည်ဟုလည်း SSPP ကထုတ်ပြန်ထားသည်။

 

“ဖေဖော်ဝါရီလ (၁၃) ရက်နေ့အရေးအခင်းသည် PSLF/TNLA မှ မိမိတို့အဖွဲ့အစည်းအပေါ်ကို ရည်ရွယ်ချက်ရှိရှိဖြင့် ဝင်ရောက်တိုက်ခိုက်စီးနင်းသောလုပ်ဆောင်ချက်ဖြစ်ပြီး အဆိုပါလုပ်ဆောင်ချက်ကြောင့် မိမိတို့ခဲခဲရင်းရင်း အစွမ်းကုန်ကြိုးပမ်းဖော်ဆောင်ခဲ့သောနိုင်ငံရေးအခြေအနေများ ပျက်စီးပြိုလဲသွားရသည့်အပြင် နှစ်ဦးနှစ်ဖက်၏ ညီနောင်မဟာမိတ်ဆက်ဆံရေးကိုလည်း လွန်စွာထိခိုက်စေခဲ့ပါသည်”ဟု ယနေ့ MNTJP/MNDAA ကထုတ်ပြန်ထားသည်။

PSLF/TNLA သည် MNTJP/MNDAA ၏ ကွတ်ခိုင်ခရိုင်အုပ်ချုပ်ရေးဌာနအဆင့်ဆင့်တို့အား ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဝင်ရောက်တိုက်ခိုက်စီးနင်းခြင်း၊ သေနတ်ဖောက်ပြီးခြိမ်းခြောက်ခြင်း၊ တပ်ဖွဲ့ဝင်များအားရိုက်နက်မောင်းနှင်ခြင်း တို့ကြောင့် အုပ်ချုပ်ရေးဝန်ထမ်းနှင့် တပ်ဖွဲ့ဝင်အမြောက်အများ ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့ရသည့်အပြင် ပစ္စည်းဥစ္စာများစွာလည်း ဆုံးရှုံးခဲ့ရကြောင်း၊ အရေးအခင်းဖြစ်ပွားပြီးနောက် တအာင်းအဖွဲ့အစည်းထံသို့ ရှေ့ဆင့်နောက်ဆင့် (၅) ကြိမ်တိုင်တိုင် အကြောင်းကြားစာများပေးပို့ခဲ့ပြီး ပြဿနာများကို ဦးစွာဖော်ဆောင်ခဲ့သော PSLF/TNLA မှ ကွတ်ခိုင်ခရိုင်အား ဖေဖော်ဝါရီလ (၁၃) ရက်နေ့ အရေးအခင်းမဖြစ်ပွားခင်အခြေအနေအတိုင်းပြန်လည်ဖော်ဆောင်ပေးပြီးမှ တွေ့ဆုံဆွေးနွေးပွဲအား ဆက်လက်ပြုလုပ်ရန်တောင်းဆိုခဲ့သော်လည်း တအာင်းအဖွဲ့အစည်းမှ အဆိုပါတောင်းဆိုချက်ကို မျက်ကွယ်ပြုပြီး တွေ့ဆုံဆွေးနွေးလိုသောသဘောထားအား လုံးဝဖော်ပြခဲ့ခြင်းမရှိဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယနေ့ PSLF/TNLA သည် MNTJP/MNDAA တို့၏ တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့်ပတ်သက်ပြီး TNLA ဘက်မှ တစ်စုံတစ်ရာထုတ်ပြန်ပြောဆိုထားသည်ကို မတွေ့ရှိရကြောင်း၊ ဒေသတွင်း သတင်းများ၏ ဖော်ပြချက်တွင် တအာင်းတပ်- TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့တွင်းအထိ ကိုးကန့်တပ် MNDAAမှ ထိုးစစ်ဝင်ရောက်ခဲ့သည့်အတွက် တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရသည်။

ယနေ့ တိုက်ပွဲဖြစ်ပွားခြင်းနှင့် ပတ်သက်ပြီး SSPP ၏ ထုတ်ပြန်ချက်တွင် သိန္နီမြို့နယ် မိုင်းပါးကျေးရွာအုပ်စု မိုင်းပါးကျေးရွာ၏ မြောက်ဘက်အရပ်ရှိ (TNLA) တပ်စခန်းတစ်ခုကို ကိုးကန့်တပ်ဖွဲ့က ဝင်ရောက်သိမ်း ဆည်းခဲ့ပြီး (TNLA) တပ် သား (၂၀) ကျော်ကို ဖမ်းဆီးခဲ့ကြောင်း၊ မဟာမိတ် (၃) ဖွဲ့ ပူးပေါင်းအခြေချထားသည့် တရုတ်–မြန်မာနယ်စပ် ကျင်စန်းကျော့ဂိတ်နှင့် မူဆယ်မြို့နယ် (၁၀၅) မိုင်ဂိတ်ရှိ (TNLA) တပ်သားအချို့ကိုလည်း ကိုးကန့်တပ်ဖွဲ့ (MNDAA) က ဖမ်းဆီးထိန်းသိမ်းထားကြောင်း၊ ယနေ့ နေ့လည်ပိုင်း ၁ နာရီ ၃၀ မိနစ် ကျော်အချိန်တွင် ကွတ်ခိုင်မြို့အတွင်း တအာင်းတပ့်ဖွဲ့(TNLA) ကို မတွေ့ရတော့ပဲ ကိုးကန့်တပ်ဖွဲ့ (MNDAA) ဘက်က စိုးမိုးနေရာယူထားသည်ကို တွေ့ရကြောင်း ကွတ်ခိုင်ဒေသခံ တစ်ချို့ကပြောကြားထားကြောင်း ဖော်ပြထားသည်။

#REDNEWS #RNA #RedNewsAgency

By RNA Editor