စစ်အာဏာရှင်ကို မဟာဗျူမြောက် တော်လှန်ရေးစီမံချက်များဖြင့် စုပေါင်းတော်လှန်ကြရန် PSLF/TNLA တိုက်တွန်း

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။

မြန်မာစစ်အာဏာရှင် (စစ်ကောင်စီ) ကျဆုံးလုနီးပါးဖြစ်နေသည့် အခြေအနေကောင်းကို အသုံးချကာ ယခင်ထက် မဟာဗျူဟာမြောက်သည့် တော်လှန်ရေးစီမံချက်ဖြင့် စုပေါင်းပြီး ဟန်ချက်ညီညီဝိုင်းဝန်းတော်လှန်တိုက်ခိုက်ကြရန် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများအား လေးနက်စွာ တောင်းဆိုကြောင်း ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကယနေ့ (ဇူလိုင် ၃၀ ရက်) ထုတ်ပြန်တိုက်တွန်းထားသည်။

စစ်ကောင်စီသည် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး နိုင်ငံ့အာဏာကို ရေရှည်ချုပ်ကိုင်ရန် ပြင်ဆင်နေသည့် မြန်မာစစ်ကောင်စီသည် တိုင်းပြည်တဝှမ်းလုံးရှိ ပြည်သူလူထုများ၏ စုပေါင်းတိုက်ခိုက်မှုကြောင့် စစ်တိုင်းဌာနချုပ်များ၊ တပ်ရင်း တပ်ဖွဲ့များ စစ်ပွဲတွင် ကျဆုံးပြီး အဖက်ဖက်မှ ယိိုယွင်းပျက်စီးချိနဲ့နေသည့် မြန်မာ့တပ်မတော်သည် အဖြစ်ဆိုး ကျရောက်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီအနေဖြင့် ပြည်သူများကို ဦးတည်ပြီး လူနေအိမ်၊ စာသင်ကျောင်း၊ စျေး၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ဟိုတယ်/တည်းခိုခန်း၊ အလုပ်ရုံစသည့်တို့ကို လေကြောင်းတိုက်ခိုက်မှုစသည့် နိုင်ငံတကာ စစ်ရာဇဝတ်မှုများ ကျူးလွန်သည့်လုပ်ရပ်များ အမြန်ဆုံး ရပ်တန့်ရန်အတွက် ကူညီဆောင်ရွက်ပေးရန် ကုလသမဂ္ဂ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် နိုင်ငံတကာ အစိုးရများကိုလည်း PSLF/TNLA ကမေတ္တာရပ်ခံ ပန်ကြားထားသည်။

ပြည်သူလူထုအား ရန်သူသဖွယ် ရက်ရက်စက်စက် တိုက်ခိုက်ချေမှုန်းနေသည့် မြန်မာစစ် ကောင်စီ၏ ဗုံးကြဲသည့်အန္တရာယ်များမှ လွတ်ကင်းနိုင်ရန်အတွက် တော်လှန်ရေးသတိဖြင့် လိုအပ်သည့် ဗုံးခို ကျင်းအစီအမံများ ပြုလုပ်ကာ နေထိုင်သွားလာကြရန် တအာင်းဒေသအပါအဝင် မြန်မာနိုင်ငံအနှံ့အပြားရှိ တော်လှန်ရေးဒေသ မြို့/ရွာများတွင် နေထိုင်ကြသော မိဘပြည်သူများကိုလည်း PSLF/TNLA က အလေးအနက် တိုက်တွန်းထားသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor