ကွတ်ခိုင်မြို့ကို စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်သည့်အတွက် ကလေးငယ်အပါအဝင် ပြည်သူ (၆) ဦးသေဆုံး

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွက်ခိုင်မြို့၊ ရပ်ကွက် (၂) ရှိ ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီက ယနေ့ (ဇူလိုင် ၃၀ရက်) နံနက်စောစော ၁ နာရီခန့်က လေကြောင်းဖြင့် ပေါင် (၂၅၀) ဗုံး (၂) လုံးကြဲချတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် (၁) ဦး၊ အမျိုးသမီး (၁) ဦးနှင့် အမျိုးသား (၄) ဦးသေဆုံးခဲ့ရပြီး အမျိုးသမီး (၃) ဦးနှင့် အမျိုးသား (၄) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်ဟု TNLA ကထုတ်ပြန်ထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် -TNLA တို့ ထိန်းချုပ်ထားသော ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်းမှ မြို့များရှိ ပြည်သူများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်ပြုလုပ်နေကြောင်း သိရသည်။

စစ်ကောင်စီသည် ဇူလိုင်လ (၂၉) ရက်နေ့ကလည်း မိုးကုတ်နှင့် မိုင်းလုံမြို့နယ်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးများလာရောက်ကြဲချတိုက်ခိုက်မှုကြောင့် အမျိုးသား (၃)ဦးနှင့် အမျိုးသမီး (၁)ဦးသေဆုံးခဲ့ပြီး အမျိုးသား (၁၁)ဦးနှင့် အမျိုးသမီး(၇)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် (၂၁)အိမ်လည်း ဗုံးစထိမှန်ပျက်စီးသွားခဲ့ပါသည်ဟု TNLA၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လအတွင်း ကျောက်မဲ၊ မိုင်းငေါ့၊ နောင်ချို၊ သီပေါနှင့် မိုးကုတ်မြို့နယ်များကို စစ်ကောင်စီက လေကြောင်းဖြင့် (၂၈)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် (၂) ဦးနှင့် အမျိုးသား (၁၃)ဦးသေဆုံးခဲ့ပြီး ကလေးငယ် (၄)ဦး၊ အမျိုးသား (၃၅)ဦးနှင့် အမျိုးသမီး (၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ပြည်သူလူထု၏နေအိမ် (၇၆)အိမ်၊ စာသင်ကျောင်း (၂)ကျောင်းနှင့် ဘုန်းကြီးကျောင်း (၂)ကျောင်းလည်း ထိမှန်ပျက်စီးသွားခဲ့ကြောင်း၊ မိဘပြည်သူများအနေဖြင့် စစ်ကောင်စီတပ်၏တိုက်ခိုက်မှုများရှောင်ရှားနိုင်ရန် စစ်ရေးသတိ အမြဲရှိရန်လိုအပ်ပြီး လေကြောင်းရန်မှကာကွယ်နိုင်ရန် လေကြောင်းရန်ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန်လိုအပ်သည်ဟု TNLA ကအသိပေးထားသည်။

#RedNewsAgency #RedNews #RNA

By RNA Editor