ညောင်ဦးမြို့နယ်မှာ တိုက်ပွဲဖြစ်ပွားပြီး PDA ရဲဘော် (၂) ဦးမြင့်မြတ်စွာကျဆုံး

RNA_ဇူလိုင်(၃၀)၊၂၀၂၅ခုနှစ်။

မန္တ​လေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဂန့်ဂါရွာမှ ထွက်လာသော စစ်ကောင်စီတပ်စစ်ကြောင်းကြောင့် ဒေသခံပြည်သူများကို ဘေးလွတ်ရာရွှေ့ပြောင်းနေစဉ် တိုက်ပွဲဖြစ်ပြီး ပြည်သူ့ဒီမိုကရက်တစ်တပ်တော် – People’s Democratic Army – PDA ရဲဘော် (၂) ဦး ဇူလိုင်လ ၂၈ ရက်နေ့ ညနေ (၅) နာရီခန့်က ကျဆုံးခဲ့ရကြောင်း သိရသည်။

ပြည်သူ့ဒီမိုကရက်တစ်တပ်တော်၏ လှုပ်ရှားဒေသတွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ခုခံရင်ဆိုင်ရင်း ရဲဘော် အသေးလေး (ခ) နေတိုးအောင်နှင့် ရဲဘော် အောင်ကြီး(ခ) အောင်ပြည်စုံတို့ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့ရပြီး၊ MA 1 (၁)လက်၊ BA 94 (၁)လက်တို့ ဆုံးရှုံးခဲ့ရသည်ဟု People’s Democratic Army ကထုတ်ပြန်ထားသည်။

“ညောင်ဦးမြို့နယ် ဂန့်ဂါရွာမှ ဝင်ရောက်လာသော စစ်ကောင်စီ၏ အင်အားပြည့်ပါသော ကား ၁၅ စီးမှ ကားနှစ်စီးထွက်လာသည်ဟု သတင်းရသည်နှင့် ရပ်ရွာပြည်သူလူထုကို ဘေးလွတ်ကင်းရာသို့ ကယ်ထုတ်နေချိန်၊ ရဲဘော် အောင်ကြီးနှင့် ရဲဘော် အသေးလေး တို့မှာ ကင်းယူထားကြရာ ရန်သူ့ခွေးကားနဲ့တွေ့ပြီး ရန်သူနဲ့ အပြန်အလှန်ပစ်ခတ်ကြရာတွင် ရဲဘော် အသေးလေးမှာ အရင်စထိပြီး ရဲဘော်အောင်ကြီးမှ ပြန်ဆွဲခေါ်ရာ ရန်သူပစ်လိုက်သောကျည်သင့်၍ ရဲဘော် နှစ်ယောက်စလုံး နေရာတွင်ပင် ကြီးမြတ်စွာ အသက်ပေးလှူခဲ့ကြပါသည်” ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဇူလိုင်လ ၂၈ ရက်နေ့ ညနေ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှလည်း စစ်ကြောင်းမှူးအဆင့်ရှိသူ ဒဏ်ရာရရှိပြီး (၂) ဦးသေဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်သည် ဇူလိုင် ၂၉ ရက်နေ့တွင် ထပ်မံစစ်ကြောင်းထိုးပြီး အလောင်း (၁) လောင်းအား သယ်သူသွားကြောင်း၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် အနေဖြင့် အညာဒေသဖြစ်သည့် မကွေးတိုင်းအတွင်း စစ်ရေးလှုပ်ရှားမှု တိုက်ပွဲများဖော်ဆောင်နေသည့်အပြင် ညောင်ဦးမြို့နယ်တွင်လည်း စစ်ရေးလှုပ်ရှားမှုများ၊ မဟာမိတ်များနှင့်ပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုများစွာ ပြုလုပ်နေသည့် တပ်ဖွဲ့ဖြစ်ကြောင်း သိရသည်။

#RedNewsAgency #RNA #RedNews

By RNA Editor