Red News / Fact Check
အမေရိကန်သမ္မတ ထရမ့်၏ ဇူလိုင် ၇ က ပေးပို့လာသော မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့် အကြောင်းကြားစာအား စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဇူလိုင် ၁၀ တွင် အကြောင်းပြန်စာပေးပို့ခဲ့ခြင်းနှင့်ပတ်သက်၍ CNN အပါအဝင် Fox News, NBC, ABC စသည့် အမေရိကန်အခြေစိုက်သတင်းဌာနကြီးများက စစ်ခေါင်းဆောင်နှင့် ၎င်း၏အခွန်လျှော့ကောက်ရန် ပြန်လည်အကြောင်းကြားစာကို လွန်စွာနှစ်သက်သဘောကျနေကြောင်း စစ်တပ်လော်ဘီများက ဇူလိုင် ၁၂ တွင် စတင်ဝါဒဖြန့်ထားကြသည်။
စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ
CNN သတင်းဌာန၏ ဇူလိုင် ၁၂ ဖော်ပြချက်အရ စစ်ကောင်စီ၏ ပြန်စာသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် အကောင်းဆုံး အကြောင်းပြန်ကြားချက် သဝဏ်လွှာဖြစ်ပြီး ထရမ့်က လွန်စွာသဘောကျနှစ်ခြိုက်နေကြောင်း၊ Fox News သတင်းဌာနကလည်း မဲခိုးမှုကို ကျော်လွှားနိုင်သော၊ မဟုတ်မခံ ပြတ်ပြတ်သားသားနှိမ်နင်းနိုင်သော ဗိုလ်ချုပ်ကြီးအဖြစ် ချီးမွမ်းနေကြောင်း၊ အကြောင်းပြန်စာအား သဘောကျလွန်း၍ အမေရိကန်သတင်းဌာနကြီးများမှ တစ်နာရီခြားတစ်ခါ တစ်တိုင်းပြည်လုံးကို တီဗီမှ ထုတ်လွှင့်ပြသနေကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင် အုံးအုံးကျက်ကျက် ဟိုးလေးတကျော်ကျော် ဖြစ်နေကြောင်း၊ ထိုအကြောင်းများကြောင့် ထရမ့်အစိုးရက မြန်မာနိုင်ငံအပေါ် အခွန် ၂၀% နှင့်အောက်သာ ကောက်ခံသွားတော့မည်ဖြစ်ကြောင်း စသဖြင့် ရေးသားထားသောပို့စ့်ကို ဇွန် ၁၂ ညပိုင်းတွင် “နိုင်စိုးနှင့် အမျိုးများ”အမည်ခံ စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်က “ရွှေလမ်း ငွေလမ်းပေါက်ပါပြီ”ခေါင်းစဉ်ဖြင့် စတင်ဝါဒဖြန့်ဖော်ပြလာသည်။
ထိုဝါဒဖြန့်ပိုစ့်ကို မူရင်းချန်နယ်မှ ဖော်ပြအပြီး နှစ်နာရီအတွင်းမှာပင် အခြားသောစစ်တပ်လော်ဘီ ၁၈ ခုက ပြန်လည်ကူးယူဖော်ပြခဲ့ကြပြီး ဇူလိုင် ၁၃ တွင် လော်ဘီချန်နယ် အားလုံးနီးပါးတွင် ကူးယူဖော်ပြမှု ၉၀ နီးပါးရှိခဲ့သည်။ follower ငါးထောင်ကျော်သာရှိသော မူရင်းပို့စ်တွင် ဝင်ရောက်ကြည့်ရှုသူ ၂ သောင်း ၅ ထောင် နီးပါးရှိခဲ့ပြီး ပျံ့နှံ့မှုအားကောင်းခဲ့သည်။
မူရင်းပို့စ် – http://archive.today/Rmynt
သတင်းမှန်စိစစ်ချက်
ထိုဝါဒဖြန့်အကြောင်းအရာနှင့် ပတ်သက်၍ အချက်အလက်စစ်ဆေးနိုင်ရန် လော်ဘီများရည်ညွှန်းထားသော CNN, Fox NEWS, NBC, ABC စသည့် အမေရိကန်အခြေစိုက်သတင်းဌာနကြီးများကို ဝင်ရောက်ရှာဖွေကြည့်ရှုခဲ့ပါသည်။ CNN သတင်းဌာနတွင် ဇူလိုင် ၁၂ က “A Trump tariff letter is the best news this Southeast Asian junta has had in a while” ခေါင်းစဉ်ဖြင့် သတင်းဆောင်းပါးတင်ထားကြောင်း တွေ့ရသည်။ “ထရမ့်၏ အကောက်ခွန်လျှော့ချမှု စာချွန်လွှာသည် ဤအရှေ့တောင်အာရှ စစ်အုပ်စု/ စစ်အစိုးရအတွက် မကြာသေးမီကာလအတွင်း ရရှိခဲ့သည့် အကောင်းဆုံးသတင်းပင် ဖြစ်သည်” ဟု ဖော်ပြထားခြင်းဖြစ်သည်။
အခြားသောအာရှနိုင်ငံများက အခွန်တိုးကောက်သောကိစ္စအပေါ် ခေါင်းကိုက်စရာအဖြစ် လက်ခံသော်လည်း တော်လှန်စစ်ကိုခုခံနေရပြီး လူတကာအထင်မြင်သေးခြင်းကို ခံနေရသည့် မင်းအောင်လှိုင်က ၎င်း၏စစ်အစိုးရကို အမေရိကန်က အသိအမှတ်ပြုမှုအဖြစ် အဓိပ္ပါယ်ဖော်နေသည်ဟု လည်းကောင်း၊ အမေရိကန်က အခွန်တိုးကောက်ရန် ပေးပို့ခဲ့သည့်စာကို “အမေရိကန်၏ အထူးစီးပွားရေးစနစ်တွင် ဆက်လက်ပါဝင်ရန် အားပေးသော ဖိတ်ခေါ်ချက် အဖြစ်အဓိပ္ပါယ်ဖော်နေပြီး လိုအပ်ပါက အမေရိကန်သို့အဆင့်မြင့်အဖွဲ့ တစ်ဖွဲ့အမြန်ဆုံးစေလွှတ်နိုင်သည်”ဟု မင်းအောင်လှိုင်က ပြောခဲ့သည် ဟုလည်းကောင်း၊ ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်ခြင်းအား တချိန်ကကျူးလွန်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးက ထရမ့်ကိုချီးကျူးဖို့ကိုလည်း အခွင့်အရေးအဖြစ် အသုံးချခဲ့သည်ဟု လည်းကောင်း CNN သတင်းဌာနက ဝေဖန်ထားခြင်းဖြစ်သည်။
ထို့အပြင် “မိမိနိုင်ငံအား အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးဆီသို့ စစ်မှန်သော ဘာသာရေးချစ်မြတ်နိုးသောစိတ်ဖြင့် ဦးဆောင်မှုပေးနေပြီး ကမ္ဘာ့အဆင့် ငြိမ်းချမ်းရေး မြှင့်တင်ရန်ကြိုးပမ်းနေသူအဖြစ် ထရမ့်ကို ချီးကျူးနေသည်” ဟုလည်း CNN သတင်းဌာန၏ ဆောင်းပါးတွင် ဝေဖန်ထားခြင်းဖြစ်သည်။
စစ်ကောင်စီလော်ဘီများက အခြားသော အမေရိကန်အခြေစိုက်သတင်းဌာနများဖြစ်သည့် Fox News, NBC, ABC သတင်းဌာနများတွင်လည်း တစ်နာရီခြားတစ်ခါထုတ်လွှင့်မှုရှိသည်ဟု ဆိုထားသဖြင့် အဆိုပါသတင်းဌာနများကို ဝင်ရှောက်ရှာဖွေကြည့်ရှုခဲ့ရာ Fox News နှင့် NBC သတင်းဌာနများတွင် ဇူလိုင်လ ၁ ရက်မှ ၁၃ ရက်နေ့အထိ မြန်မာ့ရေးရာသတင်းများလုံးဝမပါရှိကြောင်းတွေ့ရသည်။ ထို့အပြင် ABC သတင်းဌာန၌မူ ဇူလိုင် ၁၁ က စစ်ကိုင်းတိုင်း၊ လင်းတလူးကျေးရွာတွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများပြားကြောင်းသတင်းကို တင်ထားကြောင်းတွေ့ရသည်။
CNN – http://archive.today/2c6Of
ABC – http://archive.today/PHJ8m
သုံးသပ်ချက်
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အခွန်တိုးမြှင့်ကောက်ခံမှုပြန်စာအပေါ် စစ်ကောင်စီလော်ဘီများက ပုံစံအမျိုးမျိုးဖြင့် ကောင်းသတင်းဖွဲ့ထားကြသော်လည်း ၎င်းတို့၏ ဖော်ပြချက်တွင်ပါရှိသော ညွှန်းဆိုထားသည့် CNN အပါအဝင် အမေရိကန်အခြေစိုက် သတင်းဌာနများ၌ ပါရှိသော အချက်အလက်ဖော်ပြချက်များက မဟုတ်မမှန်ကြောင်း သက်သေပြလျက်ရှိပါသည်။
CNN သတင်းဌာန၏ ဖော်ပြချက်မှာ အခွင့်အရေးကိုအရအမိယူနေသော စစ်ခေါင်းဆောင်အား ဝေဖန်ဖော်ပြထားခြင်းဖြစ်သည်။ ၎င်းတို့ ကိုးကားရည်ညွှန်းသည့် အခြားသတင်းဌာနများဖြစ်သော Fox News နှင့် NBC တွင် မြန်မာ့အရေးသတင်း လုံးဝမပါရှိခဲ့ဘဲ သတင်းပါရှိခဲ့သော ABC သတင်းဌာန၏ ဖော်ပြချက်မှာလည်း စစ်တပ်၏ အကြမ်းဖက်လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူများထိခိုက်သေဆုံးရသည့် သတင်းသာဖြစ်ကြောင်း တွေ့ရှိရသည်။
စစ်ကောင်စီသည် ဒေသတွင်းတွင် အရပ်သားပြည်သူများအား စစ်ရေးပစ်မှတ်အဖြစ်တိုက်ခိုက်သတ်ဖြတ်မှုများကျူးလွန်နေကာ နိုင်ငံတကာအမြင်တွင် တရားဝင်မှုရရှိနိုင်ရန်အတွက် အစစ်မှန်သောရွေးကောက်ပွဲအပါအဝင် နည်းမျိုးစုံသုံးကာ ကြိုးပမ်းဆောင်ရွက်နေပါသည်။ စစ်ကောင်စီလော်ဘီများကလည်း စစ်တပ်ကျူးလွန်သော လူမျိုးတုန်းသတ်ဖြတ်မှုများ၊ စစ်ရာဇဝတ်မှုများကို ဖုံးကွယ်၍ တရုတ်၊ ရုရှား၊ ဘယ်လာရုစ် စသည့်နိုင်ငံများသာမက အမေရိကန်ဦးဆောင်သော နိုင်ငံတကာကပင် စစ်ကောင်စီ၏ တရားဝင်မှုကို လက်ခံလာသည်ဟု ဝါဒဖြန့်ဖော်ပြကာ ပြည်သူများနှင့် ၎င်းတို့နှင့်အတူ စစ်တပ်ကို ထောက်ခံသောအုပ်စုများအား စည်းရုံးသိမ်းသွင်းရန် ကြိုးပမ်းနေသည်။
ထိုသို့ကြိုးပမ်းရာတွင် သတင်းအချက်အတုများကို ဖန်တီးကာ နည်းအမျိုးမျိုးဖြင့် ဝါဒဖြန့်ဖော်ပြနေကြသောကြောင့် ပြည်သူလူထုအနေဖြင့် စစ်တပ်လော်ဘီများ၏ ပုံဖျက်ဝါဒဖြန့်နိုင်ရန် ရည်ရွယ်ချက်ရှိရှိဖော်ပြလာသော Misinformation/ Disinformation သတင်းများကို နေ့စဉ် သတိပြုရှောင်ရှား၍ လွတ်လပ်သော မီဒီယာများမှ ဖော်ပြသော သတင်းမှန်များကိုသာ ရွေးချယ်ဖတ်ရှုသင့်ပါသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA #FactCheck