Red News / Fact Check
အမေရိကန်သမ္မတ ထရမ့်၏ ဇူလိုင် ၇ က ပေးပို့လာသော မြန်မာနိုင်ငံမှ သွင်းကုန်များအပေါ် အခွန်တိုးမြှင့်ကောက်ခံမည့် အကြောင်းကြားစာအား စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ဇူလိုင် ၁၀ တွင် အကြောင်းပြန်စာပေးပို့ခဲ့ခြင်းနှင့်ပတ်သက်၍ CNN အပါအဝင် Fox News, NBC, ABC စသည့် အမေရိကန်အခြေစိုက်သတင်းဌာနကြီးများက စစ်ခေါင်းဆောင်နှင့် ၎င်း၏အခွန်လျှော့ကောက်ရန် ပြန်လည်အကြောင်းကြားစာကို လွန်စွာနှစ်သက်သဘောကျနေကြောင်း စစ်တပ်လော်ဘီများက ဇူလိုင် ၁၂ တွင် စတင်ဝါဒဖြန့်ထားကြသည်။
စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ
CNN သတင်းဌာန၏ ဇူလိုင် ၁၂ ဖော်ပြချက်အရ စစ်ကောင်စီ၏ ပြန်စာသည် အရှေ့တောင်အာရှနိုင်ငံများထဲတွင် အကောင်းဆုံး အကြောင်းပြန်ကြားချက် သဝဏ်လွှာဖြစ်ပြီး ထရမ့်က လွန်စွာသဘောကျနှစ်ခြိုက်နေကြောင်း၊ Fox News သတင်းဌာနကလည်း မဲခိုးမှုကို ကျော်လွှားနိုင်သော၊ မဟုတ်မခံ ပြတ်ပြတ်သားသားနှိမ်နင်းနိုင်သော ဗိုလ်ချုပ်ကြီးအဖြစ် ချီးမွမ်းနေကြောင်း၊ အကြောင်းပြန်စာအား သဘောကျလွန်း၍ အမေရိကန်သတင်းဌာနကြီးများမှ တစ်နာရီခြားတစ်ခါ တစ်တိုင်းပြည်လုံးကို တီဗီမှ ထုတ်လွှင့်ပြသနေကြောင်း၊ အမေရိကန်ပြည်ထောင်စုတွင် အုံးအုံးကျက်ကျက် ဟိုးလေးတကျော်ကျော် ဖြစ်နေကြောင်း၊ ထိုအကြောင်းများကြောင့် ထရမ့်အစိုးရက မြန်မာနိုင်ငံအပေါ် အခွန် ၂၀% နှင့်အောက်သာ ကောက်ခံသွားတော့မည်ဖြစ်ကြောင်း စသဖြင့် ရေးသားထားသောပို့စ့်ကို ဇွန် ၁၂ ညပိုင်းတွင် “နိုင်စိုးနှင့် အမျိုးများ”အမည်ခံ စစ်တပ်ထောက်ခံ တယ်လီဂရမ်ချန်နယ်က “ရွှေလမ်း ငွေလမ်းပေါက်ပါပြီ”ခေါင်းစဉ်ဖြင့် စတင်ဝါဒဖြန့်ဖော်ပြလာသည်။
