Red News / Fact Check
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာရှိ စစ်ဘေးရှောင်ဘုန်းကြီးကျောင်းအား စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် ကလေးငယ် ၃ ဦးအပါအဝင် စစ်ဘေးရှောင် အရပ်သားပြည်သူ ၃၀ ဝန်းကျင် သေဆုံးခဲ့ပြီး အယောက် ၅၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ခြင်းကို စစ်ကောင်စီလော်ဘီများက PDF များထိခိုက်သေဆုံးခြင်းသာဖြစ်သည်ဟု သတင်းမှန်ကို ဖုံးကွယ်လိမ်ညာနိုင်ရန် အင်တိုက်အားတိုက် ဝါဒဖြန့်ထားကြသည်။
စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်မှုများ စစ်ကောင်စီလော်ဘီ တယ်လီဂရမ်ချန်နယ်များက အဆိုပါဖြစ်စဉ်အတွင်းမှ ဘုန်းကြီးကျောင်းကို PDF များ စခန်းချခိုအောင်းရာနေရာအဖြစ်လည်းကောင်း၊ လင်းတလူကျေးရွာကို PDF များစုဖွဲ့နေသော ရွာအဖြစ်လည်းကောင်း၊ သေဆုံးသူများကို PDF များအဖြစ်လည်းကောင်း၊ တာဝန်သိပြည်သူတစ်ဦး၏ နေရာနှင့်တကွ သတင်းပေးချက်အရ အတိအကျတိုက်ခိုက်ချေမှုန်းခဲ့ခြင်းအဖြစ်လည်းကောင်း စသဖြင့် ပုံစံအမျိုးမျိုးဖြင့် ပုံဖျက်ဝါဒဖြန့်ခဲ့ကြသည်။
အဆိုပါ ဝါဒဖြန့်ပို့စ်တစ်ခုအား Follower များသော စစ်တပ်လော်ဘီ မှိုင်းဝေချန်နယ်တွင် ကြည့်ရှုသူ ၃ သောင်းကျော်ရှိခဲ့သည်။ အခြားဝါဒဖြန့်ပုံစံတစ်မျိုးဖြင့် ဖော်ပြထားသော Thazin Oo ချန်နယ်မှ ပို့စ်တွင်လည်း ကြည့်ရှုသူ ၂ သောင်းကျော်ရှိခဲ့သည်။ Ko Thet ချန်နယ်၏ ဝါဒဖြန့်ပို့စ်တွင်လည်း ကြည့်ရှုသူ ၁ သောင်း ၄ ထောင်နီးပါးရှိခဲ့သည်။ အခြားသော စစ်ကောင်စီလော်ဘီတယ်လီဂရမ်ချန်နယ်များကလည်း အဆိုပါ ဝါဒဖြန့်ပိုစ့်များကို ကူးယူကာ ဖော်ပြထားကြသဖြင့် ပျံ့နှံ့မှုအားကောင်းလျက်ရှိသည်။
မှိုင်းဝေ – http://archive.today/I5Shu
Thazin Oo – http://archive.today/WXcuR
Ko Thet – http://archive.today/NRYsY
သတင်းမှန်စိစစ်ချက်
စစ်ကောင်စီ လော်ဘီချန်နယ်များ ဝါဒဖြန့်မှုအားကောင်းနေသော အကြောင်းအရာအား Google search ဖြင့် “လင်းတလူးရွာ” ဟု ရှာဖွေစစ်ဆေးကြည့်သောအခါ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးကျေးရွာရှိ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်သည့် သစ္စာဝါဒီဘုန်းကြီးကျောင်းအား ဇူလိုင် ၁၁ နံနက် ၁ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တွေ့ရှိရသည်။ ထိုတိုက်ခိုက်မှုအပြီး ကလေးငယ် ၃ ဦးအပါအဝင် စစ်ဘေးရှောင် အရပ်သားပြည်သူ ၂၂ ဦး သေဆုံးခဲ့ပြီး အယောက် ၅၀ ကျော်ဒဏ်ရာရခဲ့သည်ကို တွေ့ရှိရပြီး စိုးရိမ်ဖွယ်အခြေအနေဖြင့် ထိခိုက်ဒဏ်ရာရသူများပြားသောကြောင့် သေဆုံးသူဦးရေထပ်မံတိုးလာနိုင်ဖွယ်ရှိကြောင်းကို တွေ့ရသည်။
လွတ်လပ်သောသတင်းမီဒီယာများဖြစ်သည့် Myanmar NOW၊ BBC NEWS၊ Mandalay Free Press မြန်မာတို့၏ ဖော်ပြချက်များအရ စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေသည့် ကျေးရွာများမှ ဒေသခံများက တိုက်ပွဲနှင့်ဝေးရာ လင်းတလူးကျေးရွာရှိ သစ္စာဝါဒီဘုန်းကြီးကျောင်းတွင် လာရောက်ခိုလှုံနေခြင်းဖြစ်ကြောင်း၊ လင်းတလူးအရှေ့ဘက်ရှိ ကျော်ဇေယျာ၊ ပုဂံတူ၊ သစ်ချိုကုန်း၊ ရုံးပင်ကန်၊ ဆင်ပြေ၊ ဒေါင်းမ၊ မအူပင်၊ ညောင်ကုန်း၊ သပြေပင်၊ တဲကြီး၊ သလွန်ဖြူ၊ဆင်မြေ စသည့်ကျေးရွာများမှ စစ်ဘေးရှောင် ဒေသခံ ၁၅၀ ခန့် လာရောက်ခိုလှုံနေထိုင်နေသည်မှာ ရက် ၂၀ ခန့်ရှိပြီဖြစ်ကြောင်းကိုလည်း သိရသည်။
သစ္စာဝါဒီကျောင်းတွင် သီတင်းသုံးသည့် ဘုန်းတော်ကြီးတစ်ပါးက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ၂ ကြိမ်ကြောင့် “စစ်ရှောင်တွေ ၃၀ နီးပါးသေတယ်။ ရွာခံတွေတော့မထိခိုက်ဘူး စစ်ရှောင်တွေသေကြတာ” ဟု မိန့်ကြားထားသည်။ အသက် ၈ နှစ်မှ ၁၂ နှစ်အရွယ်အကြား ကလေး ၃ ဦး၊ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၁၅ ဦး တို့ သေဆုံးသည်ဟုလည်း ဒေသခံများ၏ ပြောဆိုမှုအရ ကနဦးသိရပြီး စစ်ကိုင်းမြို့နယ် ကျော်ဇေယျာနှင့် ပုဂံတူကျေးရွာများမှ လာရောက်စစ်ဘေးရှောင်နေသူများ ဖြစ်သည်ဟုလည်း သိရသည်။ ထိခိုက်သေဆုံးမှုများနှင့်အတူ ဘုန်းကြီးကျောင်းနှင့် ဗုံးတည့်တည့်ကျရောက်ပေါက်ကွဲသည့် ဓမ္မာရုံမှာလည်း ပျက်စီးသွားကြောင်းကို သိရသည်။
ထို့အပြင် ထိခိုက်သူများမှာလည်း လင်းတလူးရွာနှင့် ၈ မိုင်ဝန်းကျင်ရှိ အုန်းတောရွာတွင် စစ်တပ်က တပ်စွဲထားသောကြောင့် ဆေးကုသရန်ခက်ခဲနေကြောင်းလည်း တွေ့ရသည်။ ဒေသခံမီဒီယာများအပါအဝင် အခြားသောမီဒီယာများတွင်လည်းဖော်ပြထားကြောင်းကိုတွေ့ရသည်။
Myanmar NOW – http://archive.today/x1G0T
BBC NEWS – http://archive.today/iLrMh
Mandalay Free Press – http://archive.today/cXppD
သုံးသပ်ချက်
ဒေသခံများက မီဒီယာများတွင် ပြောဆိုချက်များအရ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးရသူများမှာ စစ်ရှောင်ပြည်သူများသာဖြစ်ကြောင်း သုံးသပ်နိုင်သည်။ ဒေသတွင်း မီဒီယာများနှင့် လွတ်လပ်သောမီဒီယာများ၏ ဖော်ပြမှုရုပ်ပုံများကို ကူးယူအသုံးပြု၍ ဖော်ပြလာသည့် စစ်ကောင်စီလော်ဘီများ၏ ဝါဒဖြန့်ဖော်ပြချက်များအတွင်းရှိ အချက်အလက်များမှာလည်း ဒေသခံများ၏ ပြောဆိုမှုမပါရှိဘဲ၊ စိတ်မှန်းဖြင့်ထင်ရာကောက်ချက်ဆွဲဖော်ပြချက်များကိုသာ တွေ့ရသည်။
စစ်ကောင်စီက နိုင်ငံအနှံ့ရှိ မြို့ရွာဒေသများအပေါ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးနေရခြင်းကို ဖုံးကွယ်နိုင်ရန်နှင့် စစ်ရာဇဝတ်မှုကျူးလွန်မှုများကို ကာကွယ်နိုင်ရန်အတွက် စစ်ကောင်စီလော်ဘီများက သတင်းတု သတင်းမှားများကို အချက်အလက်မှားများဖြင့် ဖန်တီးကာ အင်တိုက်အားတိုက် ပုံဖျက်ဝါဒဖြန့်လျက်ရှိပါသည်။ လက်ရှိကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချို၊ ကျောက်မဲ၊ သီပေါ အပါအဝင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်နှင့် အညာဒေသများတွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲတိုက်ခိုက်မှု သတင်းမှန်အခြေအနေများကိုလည်း ပုံစံမျိုးစုံဖြင့် ပုံဖျက်ကာ ဝါဒဖြန့် ဖုံးကွယ်နိုင်ရန်ကြိုးပမ်းလုပ်ဆောင်နေပါသည်။
ထို့အတွက်ကြောင့် ပြည်သူလူထုအနေဖြင့် စစ်တပ်လော်ဘီများ၏ ပုံဖျက်ဝါဒဖြန့်နိုင်ရန် ရည်ရွယ်ချက်ရှိရှိဖော်ပြလာသော Misinformation/ Disinformation သတင်းများကို နေ့စဉ် သတိပြုရှောင်ရှား၍ လွတ်လပ်သော မီဒီယာများမှ ဖော်ပြသော သတင်းမှန်များကိုသာ ရွေးချယ်ဖတ်ရှုသင့်ပါသည်။
Red News Agency ၏ Youtube Channel ကို Subscribe လုပ်ရန် မေတ္တာရပ်ခံပါသည်။ https://www.youtube.com/@rednewsmm/?sub_confirmation=1
#RedNewsAgency #REDNEWS #RNA