လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပလဖ ဒုတာဝန်ခံနှင့် အရပ်သား (၄) ဦးကျဆုံး

RNA_ဇွန်(၂၃)၊၂၀၂၅ခုနှစ်။

မကွေးတိုင်း၊ ပေါက်မြို့နယ် (တောင်ပိုင်း)၊ သက္ကယ်ကျင်း၊ ဘို့မယ်၊ လက်ပံလှ၊ ကင်းမ၊ ဝန်ခြုံးစသည့် ကျေးရွာများနှင့် စစ်ဘေးရှောင်စခန်းတစ်ခုတို့ကို ယနေ့ (ဇွန်လ ၂၃ ရက်) နံနက်ပိုင်းက လေကြောင်းတိုက်ခိုက်ခဲ့သည့်အတွက် ပေါက်မြို့နယ် ပလဖ ဒုတာဝန်ခံနှင့် အရပ်သား (၄)ဦး စုစုပေါင်း (၅) ဦးကျဆုံးခဲ့ရပြီး၊ စစ်ဘေးရှောင်များပါ ထိခိုက်ဒဏ်ရာရရှိသူများရှိကြောင်း ဒေသခံထံမှသိရသည်။

သေဆုံးသည့် အရပ်သားများထဲတွင် သက္ကယ်ကျင်းကျေးရွာမှ ဦးခင်မောင်ညွန့် (အသက် ၅၆ နှစ်) နှင့် ဒေါ်မြို့တင် (အသက် ၅၇ နှစ်)၊ ရေကျော်ကျေးရွာမှ ဦးကျော်သူထွေး (အသက် ၃၈ နှစ်)ဖြစ်ပြီး၊ ဘို့မယ်ကျေးရွာမှ ပလဖ ဒုတာဝန်ခံနှင့် ဇနီးတို့ ကျဆုံးခဲ့ရသည်။

 

“ဝန်ခြုံးကျေးရွာ စစ်ရှောင်တွေထဲ ဗုံးထိပြီး အပြင်းအထန် ဒဏ်ရာရကြတယ်။ ဘို့မယ်ရွာမှာက ပလဖ ဒုတာဝန်ခံမိသားစု ၃ ယောက်ထဲမှာ မိဘတွေက ကျသွားတယ်။ ကလေးကတော့ ဒဏ်ရာရသွားတယ်။ သက္ကယ်ကျင်းရွာမှာကျတော့ ဗုံးခြောက်လုံးနဲ့ပစ်တယ် မနက် ၇ နာရီ ၁၅ မိနစ်လောက်ကပေါ့ အရပ်သားအိမ်တွေပေါ်ကျပြီး ပြည်သူသေတယ် ဒဏ်ရာရရှိသူတွေလည်းရှိတယ်၊ ပေါက်တောင်ပိုင်း နေရာတော်တော်များများကို ပစ်သွားတာ ဒေသခံတွေလည်း လေကြောင်းကြောက်လို့ အကုန်ရှောင်နေကြတယ်။ ကျောက်ခွက်အထိကို ပစ်သွားဆိုတော့ အကုန်ရှောင်နေကြရတယ်” ဟု သေခံတစ်ဦးက ပြောသည်။

 

စစ်ကောင်စီတပ်သည် မြေပြင်တွင် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော်လည်း ရှေ့မဆက်နိုင်ဖြစ်နေသည့်အတွက် လေကြောင်းဖြင့် အရပ်သားပြည်သူများနေထိုင်သည့်ကျေးရွာများကို ပစ်မှတ်ထားပြီး ပစ်ခတ်တိုက်ခိုက်နေခြင်း ဖြစ်ကြောင်း၊ ကျေးရွာများတွင် PDF စခန်းများမရှိကြောင်းနှင့် စစ်ဘေးရှောင်စခန်းတို့ကိုပါ လေကြောင်းတိုက်ခိုက်သွားည်ဟု ယင်းဒေသခံက ပြောပြသည်။

စစ်ကောင်စီတပ်သည် မြေပြင်စစ်ကြောင်းမထိုးနိုင်သည့်အခြေအနေနှင့်ရင်ဆိုင်နေရပြီးနောက် မကွေးတိုင်း၊ မန္တလေးတိုင်း၊ ကရင်ပြည်နယ်၊ ရှမ်းမြောက် စသည့်တိုင်းနှင့်ပြည်နယ်တို့တွင် စာသင်ကျောင်းများ၊ ကျေးရွာများ၊ စစ်ဘေးရှောင်စခန်းများစသည့် အရပ်သားပြည်သူများကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်သည့် စစ်ရာဇဝတ်မှုကို နေ့စဉ်ကျူးလွန်နေခြင်းဖြစ်သည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor