တစ်လပြည့်သော်လည်း ပြည်သူများ ငလျင်ဒဏ်ခံစားနေရ

RNA_ဧပြီ(၂၈)၊၂၀၂၅ခုနှစ်။

မြန်မာနိုင်ငံတွင် အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့ပြီး တစ်လပြည့်ပြီဖြစ်သော်လည်း ငလျင်အသေးစားများ ထပ်မံလှုပ်ခတ်မှုအပြင် အင်းအားပြင်းငလျင်လှုတ်ခတ်ခဲ့သည့်အချိန်က ထိခိုက်ပျက်စီးမှုများ၊ ဆုံးရှုံးမှုများစသည့် ဒုက္ခများသည် ယနေ့အထိ ဆက်လက်ခံစားနေကြရသည်။

၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်ဝန်းကျင်၌ စစ်ကိုင်းမြို့၏ အနောက်မြောက်ဘက် ၁၆ ကီလိုမီတာအကွာတွင် အလွန်အင်အားပြင်း ရစ်ချ်တာစကေး ၇ ဒသမ ၇ ပမာဏရှိ ငလျင် (Major Earthquake) လှုပ်ခတ်ခဲ့သည့်အတွက် ရှေးဟောင်းအမွေအနှစ်များ၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတို့တွင် လူနေအဆောက်အဦများစွာ ပျက်စီးခဲ့ရပြီး ဧပြီလ ၂၈ ရက်နေ့အထိ သေဆုံးသူ ၄၀၀၀ ဝန်းကျင် ရှိခဲ့သည်။

စစ်ကောင်စီထုတ်ပြန်ချက်အရ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် လူနေတိုက်တာအဆောက်အအုံ ၄၈၈၃၄ လုံးနှင့် ဘုရားစေတီပုထိုးပေါင်း ၅၂၇၅ ဆူ၊ ဘုန်းကြီးကျောင်းနှင့် သီလရှင်စာသင်တိုက် ၃၀၉၄ ကျောင်း၊ စာသင်ကျောင်း ၂၀၄၅ ကျောင်း၊ ဆေးရုံဆေးခန်း ၁၆၇ ခု၊ ဌာနဆိုင်ရာအဆောက်အဦ ၂,၁၇၁ လုံး ပြိုကျပျက်စီးခဲ့ရပြီး ဧပြီလ ၂၇ ရက်နေ့အထိ သေဆုံးသူ ၃၇၆၉ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၅၁၀၆ ဦး၊ ပျောက်ဆုံးနေသူ ၁၀၇ ဦးရှိသည်ဟု ပြောသော်လည်း လက်တွေ့မြေပြင်တွင် စစ်ကောင်စီ မစိုးမိုးနိုင်သော ဒေသများတွင် ထိခိုက်ပျက်စီးမှုများခဲ့သည့်အတွက် စစ်ကောင်စီအချက်အလက်များထက် ပိုများနိုင်သည်။

ငလျင်ဒဏ်သင့်ပြည်သူများသည် ယနေ့အထိ ပြန်လည်ထူထောင်ရေး မလုပ်ဆောင်နိုင်သေးသည့်အပြင် အစိုးရ၏ အကူအညီများမှာ ရရှိမှုနည်းနေကြောင်း၊ ပြည်သူများ၏ လှူဒါန်းမှုများသာ အများဆုံးရရှိနေပြီး ပြိုကျ မခိုင်ခန့်တော့သည့် အဆောက်အဦများကိုပင် ယနေ့အထိ ဖြိုမချနိုင်သေးသလို သေဆုံးသူများ၏ ရုပ်အလောင်းများမှာလည်း အပျက်အစီးများကြားမှ တွေ့ရှိနေဆဲဖြစ်သည်။ စစ်ကောင်စီအနေဖြင့် စီမံခန့်ခွဲမှုညံ့ဖျင်းသည့်အတွက် အချိန်မီကယ်ဆယ်ရေးများ မလုပ်ဆောင်နိုင်သောအခါ ပြည်သူများ မသေဆုံးသင့်သော်လည်း သေဆုံးကြရခြင်းများရှိကြောင်း၊ ငလျင်ဒဏ်သင့်ပြည်သူများကို စစ်ကောင်စီအနေဖြင့် ထိထိရောက်ရောက်ကူညီနိုင်မှုမရှိခြင်းမရှိသည်ကိုလည်း တွေ့ရှိရသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor