နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟုပြော

RNA_ဧပြီ(၂၆)၊၂၀၂၅ခုနှစ်။

လားရှိုးမြို့သိမ်းတိုက်ပွဲအပြီး တစ်ပတ်အကြာတွင် ဖွင့်လှစ်နိုင်ခဲ့သော ဆေးရုံးဝန်ထမ်းများနှင့် MNDAA တို့သည် နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့မှ ပြည်လည်ဆုတ်ခွါခဲ့ရသည့်အတွက် များစွာဝမ်းနည်းရသည်ဟု အထူးဒေသ(၁)ကျန်းမာရေးဝန်ထမ်း တာဝန်ရှိသူက ပြောသည်။

ဆေးရုံပိတ်ရင်နှင့် စစ်ကောင်စီပြန်လည်တာဝန်ယူသည့်အချိန်က တစ်ပတ်လောက်ကွာနေသည့်အတွက် အရေးတကြီးလိုအပ်သည့် ကျောက်ကပ်ဆေးစက်အပါအဝင် စက်ပစ္စည်း၊ ဆေးဝါး ၂၀ ရာခိုင်နှုန်းသည်ယူပြီး သိန္နီဆေးရုံကြီးကို ပြောင်းရွေ့ခဲ့ကြောင်း၊ ပြည်သူများအပေါ် အကောင်းဆုံးလုပ်ပေးနိုင်ခဲ့သည့်အပေါ် ကျေနပ်အားရပေမဲ့ နိုင်ငံရေးအရ မဖြစ်မနေ ထားခဲ့ရသည့်အတွက် စိတ်မကောင်းဖြစ်မိသည်ဟု စသဖြင့် ဆေးရုံနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ထမ်းများ၏ ပြောစကားများကို ကိုးကန့်သတင်းကွန်ရက်တွင် ယနေ့ ဖော်ပြထားသည်။

 

၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၀ ရက်နေ့၌ လားရှိုးမြို့ ကျန်းမာရေးကဏ္ဍကိုအောင်မြင်စွာစတင် လည်ပတ်နိုင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ် ဧပြီလ ၈ ရက်နေ့အထိ (၈) လတာကာလအတွင်း အပြင်လူနာ၊ အတွင်းလူနာ (၉၅၂၅၈) ဦးကို ဆေးကုသမှုပေးနိုင်ခဲ့ကြောင်း၊ ငှက်ဖျားကာကွယ်ရေးလုပ်ငန်းစဉ်များ၊ မွေးကင်းစမှငါးနှစ်အောက် ကလေးငယ်တိုင်း ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးနိုင်ရေး၊ လည်ပင်းကြီးရောဂါအခမဲ့ ခွဲစိတ်ကုသပေးခြင်း၊ မျက်စိအတွင်းတိမ် အခမဲ့ခွဲစိတ်ကုသပေးခြင်း၊ ခြေတု လက်တု အခမဲ့တပ်ဆင်ပေးခြင်းစသည့် ကျန်းမာရေးလုပ်ငန်းစဉ်များကို ပြည်သူများအတွက် အကောင်းဆုံးဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor