RNA_ဖေဖော်ဝါရီ(၂၁)၊၂၀၂၅ခုနှစ်။
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စက်မှုဇုန်အတွင်းမှ အထည်ချုပ်စက်ရုံ တစ်ရုံတွင် အလုပ်သမား (အမျိုးသမီး၊ အမျိုးသား) တစ်ထောင်ကျော်ကို စစ်မှုထမ်းခိုင်းရန်အတွက် စက်ရုံသူဌေးနှင့် စစ်ကောင်စီတပ်တို့ ပူးပေါင်းပြီး ကြံစည်ပြင်ဆင်နေသည်ဟု သိရသည်။
မင်္ဂလာဒုံ စက်မှုဇုန်အတွင်းမှ Sunflower အထည်ချုပ် D 7 နှင့် D 9 နှစ်ရုံပေါင်းပါက အလုပ်သမား အရေအတွက် ၂ ထောင်ဝန်းကျင်ခန့်ရှိကြောင်း၊ အလုပ်သမားများကို အပြင်ထွက်ခွင့် မပြု၊ အိမ်ပြန်ခွင့် မပြုတော့ပဲ လစာတိုးပေးမည်ဟု ပြောဆိုထားကြောင်း၊ ဖော်ဝါရီလ (၂၅) ရက်နေ့တွင် ကျားမ အလုပ်သမားများအားလုံး မဲနှိုက်ရမည်ဖြစ်ပြီး မဲပေါက်သူကို သူဌေးမှ လစာ (၂) လစာပေးမည်ဟု စက်ရုံအတွင်း သတင်းလွှင့်ထားသည်ဟု သိရသည်။

အလုပ်သမားများကို ယခုလို မဲနှိုက်မည့်ကိစ္စနှင့် လစာတိုးပေးမည်ဟု မပြောခင်အချိန် ဖေဖော်ဝါရီလ ၁၆ နှင့် ၁၇ ရက်က စက်ရုံအတွင်း စစ်ကောင်စီလက်အောက်ခံများ စစ်ကားများနှင့်အရာရှိများရောက်ရှိပြီး စက်ရုံသူဌေးနှင့် တွေ့ဆုံပြီးနောက် ယခုလို လစာကိစ္စနှင့် မဲနှိုက်သည့် ကိစ္စများ ဖြစ်လာကြောင်း၊ အလုပ်သမားများ၏ မိသားစုများမှာ မဲနှိုက်ပြီး စစ်မှုထမ်းအတွက် တစ်ခါတည်း အဓမ္မခေါ်ဆောင်သွားမည်ကို စိုးရိမ်နေကြောင်း Red News Agency သတင်းဌာနကို သတင်းပေးပို့လာသည်။
ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များအတွင်း လုပ်ငန်းလည်ပတ်နေသော စက်ရုံ အလုပ်ရုံများမှ လုပ်သားများအချက်အလက်ကို စစ်ကောင်စီလက်အောက်ခံ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် စီမံခန့်ခွဲရေးကော်မတီရုံးက ၂၀၂၄ ခုနှစ်အတွင်းကတည်းကပင် စာရင်းကောက်ယူထားသည်။

စစ်ကောင်စီ၏ တပ်သားလိုအပ်ချက်ကြောင့် အကောင်အထည်ဖော်နေသော စစ်မှုထမ်းဥပဒေတွင် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်း အမျိုးသားများနှင့် အသက် ၁၈ မှ ၂၇ နှစ်အတွင်း အမျိုးသမီးများ စစ်မှုထမ်းရန် အကျုံးဝင်ကြောင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခုခုဖြင့် ကျွမ်းကျင်သူအဖြစ် သတ်မှတ်ပါက အမျိုးသား ၄၅ နှစ်၊ အမျိုးသမီး ၃၅ နှစ်အထိ အကျုံးဝင်သည်။
#RedNewsAgency #REDNEWS #RNA