စစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရဟု PSLF/TNLA သုံးသပ်

RNA_ဇန်နဝါရီ(၁၀)၊၂၀၂၅ခုနှစ်။

မင်းအောင်လှိုင်ဦးဆောင်နေသော မြန်မာစစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြုံတွေ့နေရသည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/ TNLA နှစ်ပတ်လည် အစည်းအဝေးက ရှုမြင်သုံးသပ်ထားသည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး – PSLF/ TNLA နှစ်ပတ်လည် အစည်းအဝေးကို ဗဟိုကော်မတီဝင်များ၊ အရံဗဟိုကော်မတီများ၊ လုပ်ငန်းဌာနမှူးများ၊ တပ်မှူးများ၊ ခရိုင်မှူးများနှင့် ဖိတ်ကြားထားသော အရာရှိ အရာခံများပါအဝင် (၁၇၃) ဦးဖြင့် ဇန်နဝါရီလ ၃ ရက်မှ ၇ ရက်နေ့အထိ တအာင်းပြည်ရှိ PSLF ယာယီဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။

 

ဖိအားအမျိုးမျိုးကြားမှ ရုန်းကန်နိုးထကြရသော တော်လှန်ရေး အင်အားစုအသီးသီးတို့သည် နိုင်ငံတဝှမ်း နယ်မြေဒေသအသီးသီးတွင် ဘုံရန်သူကို ထိုးစစ်ဆင်တော်လှန်နေကြသဖြင့် နစက မြန်မာစစ်ကောင်စီသည် သမိုင်းတွင်သည့် ကျဆုံးမှုများနှင့် ဆက်တိုက်ကြံတွေ့နေရကြောင်း၊တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများအားလုံး စုပေါင်းရုန်းကန်​ပြီီး တော်လှန်ရေးအရှိန်ကို အမြင့်ဆုံးလွှင့်တင်ကာ တော်လှန်ရေးအောင်ပွဲရယူရန် အချိန်ခါကောင်းဖြစ်သည်ဟု အစည်းအဝေးက ရှုမြင်သုံးသပ်ကြောင်း ယနေ့ ထုတ်ပြန်ထားသည်။

PSLF/ TNLA နှစ်ပတ်လည်အစည်းအဝေးတွင် တအာင်းတပ်မတော်ကို တပ်မဟာ (၉) ခုဖြင့် တိုးချဲ့ပြင်ဆင်ခြင်းနှင့်အတူ တအာင်းပြည်၏ အုပ်ချုပ်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရန်အတွက် မြို့ (၁၈) မြို့ပါဝင်သည့် ခရိုင် (၅) ခုကိုလည်း ပြင်ဆင်စုဖွဲ့ သဘောတူခဲ့ကြောင်း၊ ၁၀၂၇ စစ်ဆင်ရေးတွင် ထိန်းသိမ်းရရှိထားသည့် မြို့ (၁၂) မြို့အပါအဝင် တအာင်းတပ်မတော်အခြေစိုက်ထားသည့် နယ်မြေဒေသများကို လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ တာဝန်ခံမှုရှိစွာ ဦးဆောင်စီမံအုပ်ချုပ်သွားမည်ဖြစ်ပြီး ဒေသခံမိဘပြည်သူများပါဝင်နိုင်မည့် လူထုအစိုးရ အမြန်ဆုံးပေးပေါက်လာရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor