အာရက္ခတပ်တော်အနေဖြင့် တောင်ကုတ်မြို့ကို သိမ်းထားနိုင်ပြီး မြို့ပြင်ရှိစခန်းများကို ထိုးစစ်ဆင်နေ

Written by

in

RNA_နိုဝင်ဘာ(၂၉)၊၂၀၂၄ခုနှစ်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ်ရှိ စစ်ကောင်စီ၏ စခန်းများအားလုံးကို အာရက္ခတပ်တော် – AA မှ သိမ်းပိုက်ထားပြီီးမြို့ပြင်ရှိစခန်းများကို တပြိုင်တည်း ဆက်လက်ထိုးစစ်ဆင်နေသည်ဟု AA ကထုတ်ပြန်ထားသည်။

တောင်ကုတ်မြို့သိမ်းတိုက်ပွဲဆင်နွှဲစဉ်အတွင်း စစ်ကောင်စီ၏ စခန်းများဖြစ်သော တောင်ကုတ်တက္ကသိုလ် မောင်းတံဂိတ်နှင့် ရာဘာခြံ ရှိ စစ်ကောင်စီ၏ စခန်းများ၊ တောင်ကုတ်တက္ကသိုလ်ကျောင်းဝင်းအတွင်း တပ်စွဲထားသောစခန်း၊ အာလိမ်ငါးဆင့်ဘုရားကုန်း၌ တပ်စွဲထားသော စခန်း၊ မြို့အဝင် စစ်ကောင်စီ၏ စကခ (၅) တပ်မဌာနချုပ် ဂိတ်စခန်းနှင့် မြို့မ ရဲစခန်းအပါအဝင် စခန်းနှင့်ဂိတ် (၁၀) ခုအား နိုဝင်ဘာ (၄) ရက် မှ (၂၀) ရက်အတွင်း (၁၇) ရက်ကြာ ထိုးစစ်အပြီး နိုဝင်ဘာ ၂၄ ရက်နေ့တွင် တောင်ကုတ်မြို့အား အလုံးစုံထိန်းချုပ်ထားနိုင်ခဲ့သည်ဟု သိရသည်။


မြို့သိမ်းထားနိုင်သော်လည်း မြို့ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ၏ တောင်ကုတ်မြို့အခြေစိုက် အဓိကစခန်းကြီးများဖြစ်ကြသော စကခ (၅) တပ်မဌာနချုပ် နှင့် စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆) နှင့် ခမရ (၅၄၄) တပ်ရင်းဌာနချုပ် စခန်းများကို အာရက္ခတပ်တော်မှ တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ : အာရက္ခတပ်တော်မှ ကျောက်တော်မြို့သိမ်းတိုက်ပွဲမှတ်တမ်း။
#RedNewsAgency #RNA #REDNEWS