အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲတောင်ဗျူဟာစခန်းနှင့် အနီးဝန်းကျင်ရှိ စခန်းများအားလုံးကို AAသိမ်းပိုက်

RNA_အောက်တိုဘာ(၈)၊၂၀၂၄ခုနှစ်။

အနောက်ပိုင်းတိုင်း စစ်ဌနာချုပ် (နပခ) အခြေစိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲတောင်ဗျူဟာစခန်းနှင့် အနီးဝန်းကျင်ရှိ စခန်းများအားလုံးကို အာရက္ခတပ်တော် – AA မှ အောက်တိုဘာ (၇) ရက်နေ့ ညနေ (၃) နာရီ (၅၀) မိနစ်ခန့်က သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။

မဲတောင်ဗျုဟာကုန်းသည် အမ်း နပခ ဌာနချုပ်မှ အဖြောင့်တိုင်းလျှင် (၁၄) ကီလိုမီတာခန့်သာ ကွာဝေးတော့ကြောင်း၊ မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ နှင့်စကခ (၅) လက်အောက်ခံ ခမရ (၃၄၆/ ၃၇၃/ ၃၇၂) တပ်ရင်းများ စုပေါင်းထားသော တပ်ရင်းများပါဝင်ကြောင်း၊ မဲတောင်ဗျုဟာ ကုန်းသိမ်းတိုက်ပွဲအတွင်းမှ ရန်သူ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်််ဟု AAကထုတ်ပြန်ထားသည်။


စစ်ကောင်စီ၏ တောင်ကုတ်၊ စကခ (၅) လက်အောက်ခံတပ်ရင်းများဖြစ်ကြသော ခမရ (၃၄၆/၅၄၄) တပ်စခန်းများ နှင့် အခြားသော စခန်းများကိုလည်း ဝိုင်းရံပိတ်ဆို့ထားပြီး အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း၊ ကျိန္တလီပတ်ဝန်းကျင်၌လည်း ကြည်း၊ ရေ၊ လေ ခုခံနေသည့်ကြားမှ ကျိန္တလီချောင်းအား ဖြတ်သန်းတည်ဆောက်ထားသည့် ကုလားပြင်တံတားအား အောက်တိုဘာ (၇) ရက်၊ နံနက် (၂) နာရီ (၃၀) မိနစ်ခန့်အချိန်တွင် တံတားအလယ်အား ဖောက်ခွဲဖျက်ဆီးပြီး ဂွဖက်သို့ ဆုတ်ခွာ သွားခဲ့ပြီဖြစ််််််််ကြောင်း သိရသည်။

 

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီ၏ တပ်စခန်းများကို တခုမကျန်သိမ်းပိုက်နိုင်ရေး အာရက္ခတပ်တော်မှ ကြိုးပမ်းနေကြောင်း၊ မောင်တော၊ကျိန္တလီ နှင့် အမ်းစသည့်ဒေသများအတွင်း၌ တိုက်ပွဲများမှာ ဆက်လက်ဖြစ်ပွားနေကြောင်း၊ စစ်ရှုံးနေသော စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုစသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်နေကြောင်း၊ အောက်တိုဘာလ (၇) ရက်နေ့၊ ည (၁၁) နာရီ (၁၀) မိနစ်ခန့်အချိန်တွင် တောင်ကုတ်၊ ရွာမမြို့အတွင်းသို့ စစ်ကောင်စီ၏ လေကြောင်းမှ လာရောက်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်များပျက်စီးကာ အရပ်သားပြည်သူအချို့ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

#RedNewsAgency #RNA

By RNA Editor