စစ်ကောင်စီတပ်က ဆိပ်မူကျေးရွာကို ထပ်မံမီးရှို့နေပြီး ဖားပြင်ကျေးရွာကို လက်နက်ကြီးပစ် 

RNA_စက်တင်ဘာ(၁၃)၊၂၀၂၄ ခုနှစ်။ 

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပြီး ထပ်မံမီးရှို့နေပြီး ဆိပ်မူကျေးရွာ တဖက်ကမ်း ဖားပြင်ကျေးရွာကို လက်နက်ကြီးပစ်ခတ်သည့်အတွက် ဆေးပေးခန်းတခုအပေါ် လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သည်ဟု သိရသည်။

စစ်ကောင်စီက ယမန်နေ့က ဆိပ်မူကျေးရွာကို လေကြောင်းတိုက်ခိုက်သည့်အတွက် မီးလောင်မှုအတွင်း ထိခိုက်ပျက်စီးမှုများရှိခဲ့ပြီး ညပိုင်းတွင် KIA/KPDF က စစ်ကောင်စီတပ်ကို တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း၊ ယနေ့တွင် ညပိုင်း ကျည်လာရာလမ်းကြောင်းအတိုင်းလိုက်ပြီး မီးရှို့ဖျက်ဆီးမှုများကို စစ်ကောင်စီတပ်က လုပ်ဆောင်နေသည်ဟု ဒေသခံက ပြောကြားထားသည်။

ဆိပ်မူကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း မီးလောင်နေသည့် မြင်ကွင်း

စစ်ကောင်စီ၏ ယမန်နေ့က ဆိပ်မူကျေးရွာ လေကြောင်းတိုက်ခိုက် ဗုံးကြဲမှုအတွင်း စျေးဆိုင်းများ၊ ကျောက်ဖျက်ခုံများအပါအဝင် အိမ်ခြေ ၁၀၀ အထက် မီးလောင်ပျက်စီးသွားကြောင်း၊ ဆိပ်မူကျေးရွာနှင့် ဖားပြင်ကျေးရွာ ပြည်သူများသည် စစ်ဘေးရှောင်နေကြရသည်ဟု သိရသည်။

ဆိပ်မူကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့်ရဲ့ တပ်စွဲထားသော စခန်းကုန်းကို KIA/KPDF များက ယမန်နေ့ နံနက် () နာရီခန့်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် Lucky Men ဟိုတယ်ကို အခြေပြုနေထိုင်သည့် စစ်ကောင်စီလက်အောက်ခံများကို ဆက်လက်တိုက်ထုတ်ချိန် စစ်ကောင်စီက ဆိပ်မူကျေးရွာအတွင်း လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ 

By Editor