ပုလဲမြို့ အဝင်အထွက်ကို တော်လှန်ရေးအင်အားစုများက ပိတ်ချလိုက်ပြီ

RNA_ဇွန်(၁၁)၊၂၀၂၄ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့ အဝင်အထွက်လမ်းများကို အသုံးပြုပြီး ခရီးသွားပြည်သူများ အသုံးမပြုတော့ရန် ၊ မြို့တွင်းရှိစစ်ကောင်စီတပ်များကို ဒေသတွင်းသတင်းအချက်အလက် ဖြတ်တောက်ရန် စသည့်ရည်ရွယ်ချက်များဖြင့် လမ်းမရှိ သစ်ပင်ကြီးများလှဲချပြီး ပိတ်ချလိုက်ပြီဖြစ်ကြောင်း သိရသည်။

ပုလဲမြို့တွင်းရှိ စစ်ကောင်စီတပ်များ အထိုင်ချနေရာများကို တော်လှန်ရေးအင်အားစုများက ဒရုန်းနှင့် လက်နက်ကြီးများ အသုံးပြုပြီး မကြာခဏတိုက်ခိုက်လေ့ရှိသော်လည်း ခရီးသွားပြည်သူများ ပုလဲမြို့အတွင်းကို အဝင်မခံတော့သည်မှာ ပြီးခဲ့သည့် တပတ်အတွင်းလုပ်ဆောင်ခဲ့ပြီး ယမန်နေ့ကတော့ အထွက်ကိုပါ ပိတ်ချလိုက်ပြီဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။

“ပြည်သူတွေကိုတော့ အခု အဝင်ကော အထွက်ကောမရတော့ဘူး လမ်းဘေးက သစ်ပင်တွေလှဲပြီး လမ်းပိတ်ပစ်လိုက်ပြီ။ ပုလဲ-လက်တောင်းကြီး လမ်းပိုင်း ၂ မိုင်အကွာလောက်ကစတယ်ကြားတယ်။ နောက်ပြီး ပုလဲနောက်ဘက် တစ်မိုင်အကွာလောက်ကနေ စပိတ်လိုက်ပြီ။ အဲလိုလုပ်ဖို့ တစ်ပတ်လောက်ကြာတယ် အစကတည်းက အထွက်ပဲခွင့်ပြုတာမျိုးပေါ့ အခုတော့ အကုန်ပိတ်ချလိုက်ပြီကြားတယ်” ဟု ပုလဲမြို့နယ် ဒေသခံတဦးက ပြောသည်။

ပုလဲမြို့အတွင်းမှ စစ်ကောင်စီတပ်သားများ ထွက်လာပါကလည်း တော်လှန်ရေးအင်အားစုများက တိုက်ခိုက်မည့်အနေအထားရှိပြီး မြို့တွင်းကိုလည်း မကြာခဏ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်လေ့ရှိကြောင်း၊ ယခု လမ်းပိတ်ပြီး အဝင်အထွက်ကန့်သတ်လိုက်ခြင်းသည် ပုလဲမြို့သိမ်းတိုက်ပွဲ သို့မဟုတ် ပုလဲမြို့တွင်းကစစ်ကောင်စီလက်အောက်ခံများကို ရိက္ခာနှင့် တပ်ကူများ၊ ဒေသတွင်း သတင်းအချက်အလက်များကို ဖြတ်တောက်ခြင်းဖြစ်သည်ဟု သိရသည်။

#RNA #RedNewsAgency

By Editor